UWSA ‘ဝ’ တပ်ဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးကတည်းက နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ အတိအလင်း ထောက်ခံပြောဆိုမှု ရှားပါးသည်။ ၂၀၂၂ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ အနန့်ပါ ဗုံးကြဲမှုဖြစ်စဉ်အား ကန့်ကွက်ကြောင်း ထုတ်ပြန်သည်မှအပ ၎င်း၏သဘောထားကို အတိအလင်းပြောဆိုခြင်း မရှိပေ။
သို့သော် စစ်ကိုင်း၊ မကွေးတိုင်းတို့အတွင်း ရွာစဉ်ပတ် မီးရှို့ဖျက်ဆီးနေသည့် မြန်မာစစ်တပ်လုပ်ရပ်အား မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ဗမာအချင်းချင်းပင် ဤကဲ့သို့ ရက်ရက်စက်စက်ပြုမူခဲ့လျှင် မိမိတို့ ဝ လူမျိုးတွေကိုဆိုပါက ဤထက်မက ပို၍ရက်စက်ကြမ်းကြုတ်နိုင်သည်ဟု တွက်ဆပြီး မြန်မာစစ်တပ်ကို အယုံအကြည် ပိုမိုကင်းမဲ့ကာ စစ်ရေးအရ သူတို့ဒေသ လုံခြုံရေးနှင့် လိုအပ်သည့် စစ်ရေးမဟာမိတ် ဖွဲ့စည်းခြင်းတို့အား သိုသိပ်စွာ ဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည်။
နွေဦးတော်လှန်ရေးကာလအတွင်း UWSA အား NUG နှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ လာရောက်ဆက်သွယ်မှု၊ ဆွေးနွေးမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ပြောဆိုခြင်း၊ အတည်ပြုချက်ပေးခြင်း မရှိပါ။ သို့သော် ၂၀၂၂ ခုနှစ်အတွင်း UWSA မျိုးဆက်သစ်ခေါင်းဆောင်များအဖြစ် ပေါက်အိုက်ခမ်းနှင့် ပေါက်ကျွင်းဖုန်းတို့အား မြှင့်တင်ပြီးနောက် NDAA မိုင်းလား၊ MNDAA ကိုးကန့်၊ SSPP ရှမ်းစသည့် ဗကပ ကာလကတည်းက အတူတိုက်ပွဲဝင်ခဲ့သော ညီနောင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ မြောက်ပိုင်းသုံးဖွဲ့နှင့် တွေ့ဆုံခြင်းများကို အလွတ်သဘော ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး လော့ယာကု ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့၏။ ၂၀၂၂ ခုနှစ်အတွင်း သုံးကြိမ်တွေ့ဆုံခဲ့သည်။ ပထမအကြိမ်တွင် တဖွဲ့ချင်း သီးခြားတွေ့ဆုံခဲ့သည်။ ဒုတိယနှင့် တတိယအကြိမ်များတွင် SSPP ရှမ်း၊ NDAA မိုင်းလား တို့နှင့်တွဲ၍ သုံးဖွဲ့ပေါင်းဆွေးနွေးခဲ့၏။
ထိုဆွေးနွေးပွဲများတွင် UWSA အနေဖြင့် ဝ ပြည်နယ် ရရှိရေးအား အခိုင်အမာ ရပ်ခံခဲ့ပြီး NCA လက်မှတ်ရေးထိုးခြင်း မရှိသကဲ့သို့ မည်သည့် သဘောတူညီချက်မှ ရရှိခဲ့ခြင်းမရှိပါ။ တတိယအကြိမ် ဆွေးနွေးပွဲတွင် NUG, နွေဦးတော်လှန်ရေးအင်အားစု အဖွဲ့များနှင့် မပတ်သက်ရန်၊ ကူညီမှုမပြုရန် မြန်မာစစ်တပ်၏ ကန့်သတ်ချက်ကို UWSA အပါအဝင် သုံးဖွဲ့က ပယ်ချခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့၏။
နွေဦးတော်လှန်ရေးကာလအတွင်း UWSA သည် အမည်မခံသည့် စစ်ရေးလှုပ်ရှားမှုကြီးတခု ပြုလုပ်ခဲ့၏။ ဤသည်မှာ ၂၀၂၁ ခုနှစ်မှစ၍ ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် RCSS တပ်များကို တွန်းထုတ်သော SSPP နှင့် TNLA တအာင်းတို့၏ စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်းဖြစ်၏။
နွေဦးတော်လှန်ရေးကာလအတွင်း UWSA သည် အမည်မခံသည့် စစ်ရေးလှုပ်ရှားမှုကြီးတခု ပြုလုပ်ခဲ့၏။ ဤသည်မှာ ၂၀၂၁ ခုနှစ်မှစ၍ ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် RCSS တပ်များကို တွန်းထုတ်သော SSPP နှင့် TNLA တအာင်းတို့၏ စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ခြင်းဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းသို့ ၂၀၁၀ ခန့်မှစ၍ RCSS တပ်များ တဖြည်းဖြည်းစိမ့်ဝင်နေရာမှ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အလုံးအရင်းနှင့် ဝင်ရောက်လာရာ SSPP, TNLA တို့နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့၏။
၂၀၂၀-၂၀၂၁ တွင် SSPP ဌာနချုပ် ဝမ်ဟိုင်းအား ခြိမ်းခြောက်နိုင်သည့် လွယ်ဟွေးတောင်ကြော (မိုင်းနောင် -ကျေးသီးကားလမ်း အနောက်တောင်ဘက်) သို့ RCSS တပ်များ နေရာယူလာပြီးနောက် ယင်းတပ်များအား ထိုဒေသမှ မောင်းထုတ်ရာတွင် UWSA အနေနှင့် သူ၏မဟာမိတ် SSPP နှင့် TNLA ကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။
သို့နှင့် ၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းတွင် UWSA တပ်ဖွဲ့များသည် ပန်ယန်းမှတဆင့် သံလွင်မြစ်အား ကူးတို့ဖြင့်ဖြတ်ကာ သံလွင်အနောက်ခြမ်း ရှမ်းတောင်သို့ ဝင်ရောက်လာခဲ့၏။ ခိုင်လုံသောသတင်းများအရ UWSA အင်အား ၃,၀၀၀ ခန့်၊ ကားအစီး ၁၀၀ ခန့်နှင့် လက်နက်ကြီးတပ်ရင်းတပ်ဖွဲ့များ ပါဝင်သည်ဟုသိရ၏။ UWSA တပ်ဖွဲ့များသည် အဓိက SSPP တပ်ဖွဲ့များကို ကူညီခဲ့ပြီး ရှမ်းမြောက် ကျောက်မဲဘက်ရှိ TNLA အား လက်နက်ကြီးပစ်ကူအချို့သာ ပေးခဲ့သည်ဟုသိရသည်။
ဤသို့ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လဆန်းမှစ၍ SSPP နှင့် UWSA ပူးတွဲတပ်ဖွဲ့များသည် မိုင်းနောင်နှင့် ကျေးသီးအနောက်တောင်ဘက်ရှိ လွယ်ဟွေးတောင်ကြော၊ မိုင်းကိုင်အနောက်ဘက်ရှိ ဆင်တောင်၊ ပင်လုံမြောက်ဘက်ရှိ ဆနင်းတောင်ကြောတို့အား တဆင့်ချင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လကုန်တွင် ထိုဒေသများကို ထိန်းချုပ်နိုင်ခဲ့၏။ ကျောက်မဲနှင့် ရှမ်းမြောက်ရှိ RCSS တပ်များအား TNLA က တချိန်တည်းတွင် တိုက်ခိုက်ခဲ့၏။
သို့နှင့် ၂၀၂၂ ခုနှစ်၊ မတ်လကုန်တွင် ရှမ်းမြောက်နှင့် ရှမ်းတောင်ရှိ RCSS တပ်များသည် အဆုံးအရှုံးများစွာဖြင့် တောင်ကြီး – ကျိုင်းတုံ ပြည်ထောင်စုကားလမ်း တောင်ဘက် လင်းခေး၊ မိုင်းပန်၊ မိုးနဲခွင်သို့ ဆုတ်ခွာရတော့၏။ တောင်ကြီးကားလမ်း မြောက်ဘက်တွင် ခိုလမ်နှင့်ရပ်စောက်ဝန်းကျင်၌ RCSS တပ်အချို့ ခိုအောင်းကျန်ရစ်နိုင်ခဲ့၏။ UWSA တပ်များအနေနှင့် ရှမ်းတောင်သို့ ဝင်ရောက်ပြီး တိုက်ခိုက်ခြင်းသည် SSPP အား ကူညီရုံသက်သက်သာမက သံလွင်မြစ်အရှေ့ခြမ်း ဝ ဒေသကို ထိုးစစ်ဆင်နိုင်သည့် မြန်မာစစ်တပ်အား နောက်ကျောမှ စစ်ရေးအရ ဖြတ်တောက်ထားနိုင်သည့် အခွင့်အလမ်းကို ရယူခဲ့ခြင်းဖြစ်၏။
RCSS ဆုတ်ခွာပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လကုန်တွင် မြန်မာစစ်တပ်က SSPP အား ပင်လုံ ဆနင်းတောင်ကြော၊ မိုင်းကိုင်တောင်ကြောနှင့် လွယ်ဟွေးတောင်ကြောတို့မှ ဆုတ်ခွာရန် အသိပေးခဲ့သော်လည်း ဆုတ်ခွာခြင်းမရှိပေ။ ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်တွင် ထိုစခန်းသုံးခုသာမက မိုင်းရှူးမြောက်ဘက် စခန်းသုံးခုကိုပါ ဆုတ်ခွာရန် ရာဇသံပေးခဲ့၏။
RCSS ဆုတ်ခွာပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လကုန်တွင် မြန်မာစစ်တပ်က SSPP အား ပင်လုံ ဆနင်းတောင်ကြော၊ မိုင်းကိုင်တောင်ကြောနှင့် လွယ်ဟွေးတောင်ကြောတို့မှ ဆုတ်ခွာရန် အသိပေးခဲ့သော်လည်း ဆုတ်ခွာခြင်းမရှိပေ။ ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်တွင် ထိုစခန်းသုံးခုသာမက မိုင်းရှူးမြောက်ဘက် စခန်းသုံးခုကိုပါ ဆုတ်ခွာရန် ရာဇသံပေးခဲ့၏။ ထိုစခန်းသုံးခုမှ ပန်ယန်းကိုကူးသည့် သံလွင်မြစ် တာဆွတ်နန်ကူးတို့အား ထိန်းချုပ်ထားသည့် စခန်းများဖြစ်၏။ မြန်မာစစ်တပ်က မိုင်းနောင် စကခ ၂ ဌာနချုပ်တွင် SSPP ကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံ၍ ရာဇသံပေးခဲ့၏။ ထို့ပြင် တန့်ယန်းနှင့် မိုင်းရှူးတွင် အမြောက်တင် သံချပ်ကာကား ခြောက်စီးမှ ခုနှစ်စီးခန့်စီနှင့် စစ်တပ်အင်အား ဖြည့်တင်းခြင်း၊ လေယာဉ်များ ပျံဝဲခြင်းပြုလုပ်၍ စစ်အင်အားပြ ခြိမ်းခြောက်ခဲ့သည်။
UWSA တပ်ကလည်း တန့်ယန်းတဘက်ကမ်း မန်မန်းရှန်ဒေသတွင် တပ်အင်အားဖြည့်တင်းခြင်း၊ မိုင်းရှူးမြောက်ဘက်စခန်းများတွင် လေကြောင်းရန် ကာကွယ်ရေးအပါအဝင် စစ်အင်အား ဖြည့်တင်းခြင်းပြုလုပ်ပြီး ဆုတ်ခွာရန်ငြင်းပယ်ခဲ့၏။ UWSA တပ်များ သံလွင်အနောက်ဘက် ကူးလာစဉ်က ထိုင်ကြည့်နေပြီး အိမ်ကြက်ချင်း ခွပ်၍မောမှ ကောက်စားရန် ကြံရွယ်သည့် မြန်မာစစ်တပ်သည် သူ၏ခြိမ်းခြောက်မှု အလုပ်မဖြစ်သောအခါ လေသံလျော့ပြီး ထပ်မပြောတော့ပေ။
ထူးခြားသည်မှာ ထိုဆွေးနွေးပွဲတိုင်းတွင် UWSA တပ်များ ရှိနေသည်ကို သိကြသော်လည်း နှစ်ဖက်လုံးမှ တရားဝင် ထည့်သွင်းဆွေးနွေးမှု မပြုခဲ့ပေ။ UWSA တပ်များသည် ရှမ်းတောင်ရှိ အခိုင်အမာစခန်းများတွင် နေရာယူထားကြသော်လည်း ထိုဒေသအုပ်ချုပ်ရေးလုပ်ငန်းတွင် ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဘဲ ဒေသအုပ်ချုပ်ရေးအား SSPP ကသာ တာဝန်ယူသည်ကို တွေ့ရ၏။ ထိုဒေသများအား SSPP က ကောင်းစွာထိန်းချုပ်နိုင်မှ UWSA တပ်များ ပြန်လည်ထွက်ခွာမည်ဟု မြေပြင်သတင်းများအရ သိရ၏။ သို့ဖြစ်ရာ အချိန်တိုအတွင်း UWSA တပ်များ ဆုတ်ခွာဖွယ်ရာမရှိပေ။ ထို့ကြောင့်လည်း နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်ကို တွေ့ရ၏။
တရုတ်နှင့်မကင်းနိုင်သော UWSA အနေဖြင့် အမေရိကန်နှင့် တိုက်ရိုက်ဆက်ဆံရေး ကောင်းမွန်သော NUG နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ အမေရိကန်၏ NUG အပေါင်းအပါ EAO များ တွေ့ဆုံရေးတွင်လည်းကောင်း ဗြောင်အတိအလင်း ပါဝင်နိုင်ရန် ခက်ခဲပေမည်။
၂၀၂၂ ခုနှစ် နှစ်ကုန် တရုတ်အထူးသံတမန် တိန့်ရှီကျွန်းက UWSA ခေါင်းဆောင်များနှင့် တွေ့ရာတွင် မြန်မာစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းခဲ့ပြီး ပညာရေးနှင့်ကျန်းမာရေး အကူအညီများ ပေးအပ်မည်ဟုဆိုခဲ့၏။ တရုတ်တို့၏ သဘောထားမှာ မြန်မာ့အရေးကို ကူညီမည်ဟု အမေရိကန်တို့ ဥပဒေထွက်ပေါ်လာပြီးနောက် ပြုလုပ်သည့် ခြေလှမ်းဖြစ်၏။ အမေရိကန်၏ဩဇာနှင့် အကူအညီ တရုတ်နယ်စပ်သို့ အရောက်မခံနိုင်ဟူသော သဘောထားမှ ထွက်ပေါ်လာသည့် ခြေလှမ်းလည်းဖြစ်၏။ သို့ဖြစ်ရာ တရုတ်နှင့်မကင်းနိုင်သော UWSA အနေဖြင့် အမေရိကန်နှင့် တိုက်ရိုက်ဆက်ဆံရေး ကောင်းမွန်သော NUG နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ အမေရိကန်၏ NUG အပေါင်းအပါ EAO များ တွေ့ဆုံရေးတွင်လည်းကောင်း ဗြောင်အတိအလင်း ပါဝင်နိုင်ရန် ခက်ခဲပေမည်။
မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံသည့် တရုတ်အထူးသံသည် ဖေဖော်ဝါရီလအတွင်း ပန်ဆန်းသို့ ဒုတိယအကြိမ်လာရောက်ပြီး UWSA တွေ့ဆုံ၏။ နှစ်ကြိမ်လုံးတွင် တရုတ်နယ်စပ်တည်ငြိမ်ရေး၊ စစ်ကောင်စီနှင့် ဆွေးနွေးရေးတို့အပြင် တရုတ်တို့ဘက်က UWSA ဒေသရှိလူထုကို အကူအညီပေးရေးတို့အား ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရ၏။
တရုတ်အထူးသံ၏ လှုပ်ရှားမှုနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ နှင့် ၁၇ ရက်များတွင် ဝနယ် ပန်ဆန်း၌ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နှင့် မြောက်ပိုင်း ခုနစ်ဖွဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပအခြေအနေ၊ အဖွဲ့အစည်းများကြား မတူကွဲပြားသော အခြေအနေများကို ဆွေးနွေးကြ၏။ အဖွဲ့အစည်းများကြား နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားလူမျိုးစုများ၏ အင်အားနှင့် အစွမ်းအစကို အားကိုးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် တရုတ်ပြည်၏ အကူအညီများအတွက် ကျေးဇူးတင်ကြောင်းနှင့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်ပါဝင်ဆောင်ရွက်ခြင်းအား ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့၏။
ထိုအစည်းအဝေးအပြီးတွင် စစ်ကောင်စီနှင့် ဆွေးနွေးလျက်ရှိသော SSPP, UWSA, NDAA သုံးဖွဲ့မှ ကိုယ်စားလှယ်များသည် တရုတ်အထူးသံနှင့် တွေ့ဆုံဆွေးနွေးရန် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့၏။
ယူနန်မှပြန်လာသော UWSA, SSPP, NDAA သုံးဖွဲ့မှ ကိုယ်စားလှယ်များသည် နေပြည်တော်သို့ သွားရောက်၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂၊ ၂၃ ရက်နေ့များတွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ဆွေးနွေးခဲ့ကြသည်။ မြန်မာစစ်တပ်ကမူ တရုတ်၏ ဖိအားအောက်တွင် UWSA, SSPP, NDAA စသည့်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သေချာပေါက် ပါလာမည်ဟု တွက်ဆပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဆိုသည်ကိုပင် စတင်ပြောဆိုလာသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် UWSA တပ်ရင်းတရင်း အင်အား ၃၀၀ ခန့် သံလွင်မြစ်အနောက်ဘက်သို့ ကူးဝင်လာပြီး တန့်ယန်းအနီးတွင် SSPP တပ်များနှင့်တွဲ၍ စခန်းထိုင်လိုက်၏။
မြန်မာစစ်ကောင်စီအနေဖြင့် တရုတ်အထူးသံတမန် တိန့်ရှီကျွန်းနှင့် တွေ့ဆုံပြီးနောက် တရုတ်နယ်စပ်တွင် မြောက်ပိုင်းအဖွဲ့များ တိုက်ပွဲမဖော်ရန် တရုတ်တို့ ကောင်းစွာဖိအားပေးနိုင်မည်ဟု ယုံကြည်ပြီး ရှမ်းမြောက်မှ တပ်အင်အားများ (တပ်ရင်း ၃၀ နီးပါး) ထုတ်နုတ်ခဲ့၏။ သို့သော် မြန်မာစစ်တပ်အတွက် ခေါင်းကိုက်စရာကား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂၊ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲအပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် UWSA တပ်ရင်းတရင်း အင်အား ၃၀၀ ခန့် သံလွင်မြစ်အနောက်ဘက်သို့ ကူးဝင်လာပြီး တန့်ယန်းအနီးတွင် SSPP တပ်များနှင့်တွဲ၍ စခန်းထိုင်လိုက်ခြင်းဖြစ်၏။
တန့်ယန်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ အခြေချစစ်ဗျူဟာ (စဗခ) ရှိသည်။ ထိုတန့်ယန်း စဗခသည် UWSA တပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ထား၏။ တန့်ယန်း၏ အရှေ့ဘက်၊ သံလွင်မြစ်၏အရှေ့ဘက်ရှိ မန်မန်းရှန်၊ လွယ်ဟိုလာတောင်ကြောများတွင် မြန်မာစစ်တပ်နှင့် UWSA တပ်များ မျက်နှာချင်းဆိုင် ရင်ဆိုင်ထားကြသည်။
မန်မန်းရှန်မှ အရှေ့ဘက်စူးစူးသို့ ကားဖြင့် ၄ နာရီခန့်သွားလျှင် တရုတ်နယ်စပ်ရှိ UWSA ဌာနချုပ် ပန်ဆန်း (ပန်ခမ်း) သို့ ရောက်သည်။ သို့ဖြစ်ရာ တန့်ယန်း၊ မန်မန်းရှန်ဒေသသည် မြန်မာစစ်တပ် အတွက်သော်လည်းကောင်း၊ UWSA အတွက်သော်လည်းကောင်း၊ ခံစစ်နှင့် ထိုးစစ်အတွက်သော်လည်းကောင်း အရေးပါ၏။ ဤသို့ရင်ဆိုင်ထားသည့်အခြေအနေမှ UWSA တပ်များက SSPP နှင့် ပူးပေါင်း၍ တန့်ယန်းအနီးတွင် နေရာယူလိုက်ခြင်းသည် မြန်မာစစ်တပ်ခံစစ်ကြောင်းအတွက် ခြိမ်းခြောက်မှုတခုဖြစ်သကဲ့သို့ UWSA ဌာနချုပ် ပန်ဆန်းကို စစ်ရေးအရ ထိုးစစ်ဆင်နိုင်သည့် မြန်မာစစ်တပ်ကို ရှေ့တိုးထောက်ထားသည့် ထောက်ကွက်တခု ဖြစ်သွား၏။ UWSA သည် သူ၏ ခံစစ်စည်းကို ရှေ့သို့တဆင့်တိုးလိုက်ပြီဖြစ်၏။
အရှေ့မြောက်မှ မြန်မာစစ်အင်အားများ လျှော့ချထုတ်နုတ်လိုက်သည့်အချိန်တွင် UWSA တပ်များ သံလွင်အနောက်ခြမ်း တန့်ယန်းဒေသသို့ ဝင်ရောက်နေရာယူလာခြင်းနှင့် ပတ်သက်၍ မြန်မာစစ်တပ်အတွင်း အတော် ခံရခက်နေသည်ဟူသည့် သတင်းများကြားရသည်။ သို့သော် မြန်မာစစ်တပ်အတွက် ခက်နေသည်မှာ ရှမ်းမြောက်သို့ တပ်ပြန်ပို့လိုပါက ကရင်နီ၊ ပင်လောင်းနှင့် စစ်ကိုင်းတိုင်းတို့မှတပ်များ ပြန်နုတ်ရမည်ဖြစ်ရာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
UWSA တပ်များ သံလွင်အနောက်ခြမ်းသို့ တစတစ ဝင်ရောက်လာခြင်းသည် သူ၏ ခံစစ်စည်းကို ရှေ့တိုးခြင်းသက်သက်လော သို့မဟုတ် တခြား ရည်ရွယ်ချက်ရှိသေးသလော
ဤသို့ UWSA တပ်များ သံလွင်အနောက်ခြမ်းသို့ တစတစ ဝင်ရောက်လာခြင်းသည် သူ၏ ခံစစ်စည်းကို ရှေ့တိုးခြင်းသက်သက်လော သို့မဟုတ် တခြား ရည်ရွယ်ချက်ရှိသေးသလော ဆန်းစစ်ဖွယ်ဖြစ်၏။ လက်ရှိအချိန်တွင် UWSA သည် ဝ နယ်အများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း အနည်းစုသည် မြန်မာစစ်တပ်ထိန်းချုပ်မှု လက်အောက်တွင် ရှိနေသေးသည်။
ကွန်လုံအရှေ့ဘက်၊ သံလွင်မြစ်အရှေ့ဘက်ရှိ ပန်လုံ-ဟိုပန်ဒေသသည် မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်ရှိ ဝဒေသဖြစ်၏။ တန့်ယန်းအရှေ့ဘက် မန်မန်းရှန် ခေါ် မန်မန်းဆိုင်ဒေသည်လည်း မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်ရှိ ဝဒေသဖြစ်သည်။ ထို့ပြင် မိုင်းရှူးအရှေ့ဘက်၊ သံလွင်မြစ်အရှေ့ဘက် မော်ဖာဒေသ၊ မက်မန်းဒေသသည်လည်း မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်ရှိ ဝဒေသဖြစ်၏။
ထို ပန်လုံ-ဟိုပန်၊ မန်မန်းရှန်၊ မော်ဖါ-မက်မန်းဒေသ သုံးခုလုံးသည် ဝ နယ်တခုလုံးနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ဝ နယ်အစိတ်အပိုင်းများ ဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေအရလည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအတွင်းရှိ နယ်မြေများဖြစ်၏။ ထို့ပြင် ထိုနယ်မြေများကိုပါ UWSA ထိန်းချုပ်နိုင်ပါက သံလွင်မြစ်အရှေ့ဘက်ခြမ်း ဝ နယ်အားလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရေရှည် ဝ နယ်လုံခြုံရေးအတွက် သံလွင်မြစ်သည် သဘာဝအတားအဆီး ဖြစ်သွားမည်ဖြစ်သည်။
ထို့ပြင် သံလွင်မြစ်အသုံးချခွင့်ပါ ရရှိနိုင်တော့မည်ဖြစ်၏။ ဤသို့သော အခြေအနေများ ရှိနေသည့်အပြင် မြန်မာစစ်တပ်ကလည်း အခက်တွေ့ချိန်၊ ရန်သူပတ်လည် ဝိုင်းနေချိန်တွင် UWSA အနေနှင့် ထိုဒေသများကို ထိန်းချုပ်နိုင်ရန် ပြင်ဆင်ကြိုးစားနေပုံရ၏။ သူ့အတွက် အကောင်းဆုံးအချိန်၊ မြန်မာစစ်တပ်အတွက် အခက်ခဲဆုံးအချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြင်ဆင်နေပုံရ၏။
တကယ်တမ်းတွင် ဝ သည် အင်အားကြီးသော တရုတ်နှင့် မြန်မာစစ်တပ်အကြား သူ၏ကိုယ်ပိုင်လက္ခဏာ၊ သူ၏အင်အားနှင့် ရပ်တည်နိုင်ရန် ကြိုးပမ်းနေသော လူမျိုးနှင့်တပ်ဖွဲ့ဖြစ်၏။ တရုတ်ပြောတိုင်း လိုက်လုပ်သည်တော့မဟုတ်။
ယေဘုယျအားဖြင့် တရုတ်စကားကို ဒုတိယဘာသာစကားအဖြစ် သုံးစွဲသော၊ တရုတ်ငွေ သုံးစွဲသော၊ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးသော ဝ တို့အား တရုတ်တို့စကား နားထောင်သည်ဟု အနောက်တိုင်းနှင့်တချို့က ထင်မြင်ယူဆကြသည်။ တကယ်တမ်းတွင် ဝ သည် အင်အားကြီးသော တရုတ်နှင့် မြန်မာစစ်တပ်အကြား သူ၏ကိုယ်ပိုင်လက္ခဏာ၊ သူ၏အင်အားနှင့် ရပ်တည်နိုင်ရန် ကြိုးပမ်းနေသော လူမျိုးနှင့်တပ်ဖွဲ့ဖြစ်၏။ တရုတ်ပြောတိုင်း လိုက်လုပ်သည်တော့မဟုတ်။ နယ်စပ်တွင် တရုတ်ဘက်က ခြံစည်းရိုးခတ်လျှင် ကိုယ်ဘက်ကလည်း ပြန်ခတ်၍ ရင်ဆိုင်သည်မှာ တရုတ်-မြန်မာနယ်စပ်တလျှောက် UWSA သာရှိ၏။
၂၀၁၅၊ ၂၀၁၆ ကာလက တရုတ်အထူးသံ ဆွန်ကော့ရှန်က NCA ထိုးရန် တကျီကျီတိုက်တွန်းစဉ် ကာလကလည်း မြောက်ပိုင်း ခုနစ်ဖွဲ့ကို စုစည်း၍ NCA လမ်းကြောင်းအတိုင်း မသွားဟု နိုင်ငံရေးအရ မာမာထန်ထန် ရပ်တည်ပြခဲ့ဖူးသည်။ ယခုလည်း တရုတ်နယ်စပ်တလျှောက် တပ်မလှုပ်ဘဲ တရုတ်နယ်စပ်နှင့်ဝေးရာ တန့်ယန်းဒေသတွင် လိုအပ်သလို တပ်လှုပ်ရှားသည်ကို ခပ်ရဲရဲပြုလုပ်ကြောင်း တွေ့ရ၏။
မြန်မာစစ်တပ်အဖို့မူ UWSA နှင့် ပတ်သက်လျှင် စပြီးတိုက်ရန်လည်း စစ်အင်အားမလုံလောက်၊ မဖြစ်မနေ တိုက်မည်ဆိုပါကလည်း စစ်မျက်နှာကျယ်ပြန့်ပြီး စစ်စားရိတ်က ပို၍တက်မည်။
မည်သို့သော ဆွေးနွေးမှုများ ရှိနေသော်လည်း UWSA အနေနှင့် နွေဦးတော်လှန်ရေး အခြေအနေကို မပြတ်စောင့်ကြည့်နေပြီး ၎င်းတို့အတွက် အကျိုးရှိသည့်အခြေအနေ သို့မဟုတ် အကျိုးမဲ့သည့်အခြေအနေများ ပေါ်ပေါက်လာပါက ရင်ဆိုင်နိုင်ရန် အသင့်ပြင်ဆင်ထားသည်ကို တွေ့ရ၏။ သူနှင့် နီးစပ်သော မဟာမိတ်များကိုမူ စစ်လက်နက်အကူအညီများ တိတ်တဆိတ် ထောက်ပံ့မှုမျိုးသာ ပြုလုပ်လိမ့်မည်။ ရှမ်းအရှေ့နှင့် ရှမ်းတောင်တွင် UWSA တပ်ဖြန့်ကြက်ထားသကဲ့သို့ သူ၏ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်များကို ခိုင်မာစွာတည်ဆောက်ပြီး လက်ရှိအချိန်တွင် နွေဦးတော်လှန်ရေး၏ ပြောင်းလဲနေသော အခြေအနေများကို မပြတ်စောင့်ကြည့်၍သာ နေဦးမည်ဟု သုံးသပ်ရပေသည်။
မြန်မာစစ်တပ်အဖို့မူ UWSA နှင့် ပတ်သက်လျှင် စပြီးတိုက်ရန်လည်း စစ်အင်အားမလုံလောက်၊ မဖြစ်မနေ တိုက်မည်ဆိုပါကလည်း စစ်မျက်နှာကျယ်ပြန့်ပြီး စစ်စားရိတ်က ပို၍တက်မည်။ UWSA ၏ ခြေလှမ်းများ၊ အရွေ့များကို စစ်ကောင်စီတပ်များအဖို့ ထိုင်ကြည့်နေပြန်လျှင်လည်း ခေါင်းတိုးဝင်လာသည့် ကုလားအုပ်ကဲ့သို့ ကြုံနေရပြီး ဆုပ်လည်းစူး စားလည်းရူး အခြေအနေမျိုးဟု ဆိုရမည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ပန်ဆန်းတွင် FPNCC အစည်းအဝေး ကျင်းပနေ
တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ
NUG, CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်