စစ်ကောင်စီက “ပြည်သူ့စစ်မှုထမ်း” ဥပဒေ အတည်ပြုလိုက်တဲ့အချိန်ကစလို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ငယ်ရွယ်နုပျိုတဲ့ လူငယ်လူရွယ်တွေဟာ မြန်မာနိုင်ငံကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာတာတွေနဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးတိန်းရှောင်လာတာတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးလာတဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။
ကုမ္မဏီတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုန်တိုက်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်သမားရာခိုင်နှုန်းဟာ ထက်ဝက် လျော့ကျသွားတယ်လို့ အလုပ်ရှင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေကစလို့ အစစ အရာရာ တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို အံတုနိုင်မယ့် လုပ်ခလစာတွေ မရရှိတာ၊ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင် အိမ်အပြန်လမ်း မရှိတာတွေနဲ့အတူ ရပိုင်ခွင့် အခွင့်အရေးတွေကို မတောင်းဆိုရဲတော့တာတွေကြောင့် လုပ်ငန်းခွင်တွေကို အလုပ်သမားတွေက စွန့်ခွာလာကြတာပါ။
အစိုးရအဆက်ဆက် အခွင့်အရေးဆုံးရှုံးနေရတဲ့ အလုပ်သမားတွေကတော့ အရင်လို လွတ်လပ်စွာထုတ်ဖော် တောင်းဆိုခွင့်တွေရရှိဖို့၊ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တွေ ပြန်လည်ရရှိလာဖို့နဲ့ အကြောက်တရားတွေဆီကနေ လွတ်မြောက်ကြဖို့ မျှော်လင့်နေကြတယ်လို့လည်း ဆိုပါတယ်။













