မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ (ယခင် ကျောက်ဖြူ ခရိုင်တွင် ပါဝင်သည့်) အမ်းမြို့သည် အမ်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရှိလင့်ကစား၊ အမ်း တောင်ကြားလမ်းကို အကြောင်းပြု၍ ပြည်မဘက်ရှိ မြို့နယ် ခရိုင်များနှင့် ပို၍ အဆက်အသွယ် များသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှ သင်္ဘောဖြင့် သုံးရက် နှစ်ညဉ့်အိပ် ခရီး သွားရသည်။ ယခင် ခရိုင်ရုံး စိုက်ရာ ကျောက်ဖြူ မြို့မှ သင်္ဘောဖြင့် တနေ့ခရီး သွားရသည်။
သို့တိုင်အောင် အမ်းမြို့သို့ တိုက်ရိုက် မရောက်သေးပေ။ အမ်းမြို့မှ ၁၂ မိုင် ဝေးကွာသော စခန်းမော်သည် အမ်းမြို့၏ သင်္ဘော ဆိပ်ကမ်း ဖြစ်လေသည်။
စခန်းမော်မှ တဆင့် ကုန်းလမ်း ခရီးဖြင့် ခြေလျင်သွားသည်က ရေလမ်းမှ လှေဖြင့် သွားသည်ထက် အရောက် မြန်လေသည်။
အမ်းမြို့သည် အမ်းချောင်း ပေါ်တွင် တည်ရှိသည်။ အမ်းချောင်းသည် ရခိုင်ရိုးမ၏ တောင်စွယ် တခု ဖြစ်သော အမ်းတောင်၌ မြစ်ဖျားခံပြီးလျှင် တောင်မှ မြောက်သို့ စီးဆင်းသည်။
မြို့ကို ချောင်း၏ တဖက်တချက်တွင် တည်ထား၍ အထက်ရွာ၊ အောက်ရွာ ဟူ၍ နှစ်ပိုင်းခွဲထားသည်။ အထက်ရွာကို တောင်ဘက်ရွာ၊ အောက်ရွာကို မြောက်ဘက်ရွာ ဟုလည်း ခေါ်သည်။
မြို့၏ အလျားသည် ၆ ဖာလုံခန့် ရှိ၍ အနံသည် ၂ ဖာလုံခန့် ရှိသည်။ အကြမ်းဖျင်းအားဖြင့် မြို့ပေါ်တွင် အိမ်ခြေ ၁၃၀၀ ခန့် ရှိ၍ လူဦးရေ ၇၀၀၀ ခန့်ဟု ခန့်မှန်းရသည်။
တောင်ဘက် ရွာကို အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း ဟူ၍ သုံးပိုင်း ပိုင်းခြားထားလျက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး၊ ပြည်သူ့ ရဲတပ်ဖွဲ့ စခန်း၊ စာတိုက် စသော အစိုးရ အဆောက်အအုံ များသည် တောင်ဘက် ရွာ၌ တည်ရှိကြသည်။
ထို့ပြင် အထက်ရွာတွင် အစိုးရ အထက်တန်းကျောင်း တကျောင်း၊ အောက်ရွာတွင် အစိုးရ အလယ်တန်း ကျောင်း တကျောင်း ရှိသည်။ ဈေးရုံဟူ၍ သီးသန့် မရှိချေ။ ဗျပ်ထိုး ခေါင်းရွက် ဈေးသည်များသာ ရှိလေသည်။
အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက် ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။
မြို့ တည်နေရာသည် ပင်လယ် ကမ်းခြေနှင့် အလွန် မဝေးကွာလင့်ကစား ကုန်းမြင့်ပိုင်း ကျ၍ တောင်ပတ်လည် ဝိုင်းနေသဖြင့် ဆောင်းရာသီ အခါ အတော်အတန် အေး၍ နွေအခါ၌ ပူသည်။
မိုးရာသီတွင်မူ မိုးများသော မြို့တမြို့ ဖြစ်လေသည်။
အမ်းမြို့နယ်သည် ယခင် ကျောက်ဖြူ ခရိုင်၏ အရှေ့မြောက်ပိုင်း၌ တည်ရှိ၍ ကုန်းတွင်းပိုင်း ကျသည်။
မြို့နယ် တခုလုံး၏ အကျယ်အဝန်းသည် ၂၅၄၂ စတုရန်းမိုင် ဖြစ်၍ ကျေးရွာ အုပ်စုပေါင်း ၅၄ ခု ပါဝင်သည်။ မြို့နယ် လူဦးရေသည် ၁၉၇၃ ခုနှစ် သန်းခေါင် စာရင်းအရ ၆၀၆၃၂ ယောက် ဖြစ်သည်။
အမ်းမြို့သူ မြို့သားများ၏ နောက်ကြောင်း သမိုင်းမှာ ယင်းတို့သည် အထက် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်သော အခါ အထက် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် အနီးအနား တဝိုက်မှ ရှောင်ခွာ လာခဲ့ကြသူများ၏ အဆက်နွယ်များဟု ဆိုကြသည်။
ထိုကြောင့် များသောအားဖြင့် မြန်မာစကားကို ပြောဆိုကြ၍ မြန်မာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို ထိန်းသိမ်း လျက် ရှိကြောင်း တွေ့ရသည်။
အောက်ရွာဘက်၌ မြန်မာစကား နှင့် ရခိုင်စကားကို အရောရော အနှောနှော ပြောဆိုကြသည်။ မြို့နယ် အတွင်း၌ ဗုဒ္ဓ အယူဝါဒီ တို့သည် အများစု ဖြစ်သည်။
မြို့နယ်၏ တောင်ပိုင်းကျသော တောင်ကုန်း ဒေသများတွင် ယခင်အခါက ချင်းလူမျိုးများ အနေများခဲ့လေသည်။
အမ်း မြို့နယ်သည် ယခင် ကျောက်ဖြူခရိုင် အတွင်း၌ ဆန်စပါး အထွက်ဆုံး ဖြစ်သည်။ အဓိက ထွက်ကုန်မှာ နှမ်း ဖြစ်သည်။
မြို့နယ် အတွင်း သစ်တော၊ ဝါးတော များလည်း ပေါများ၍ သစ်၊ ဝါး လည်း အထွက်များသည်။ ပျဉ်းကတိုးသစ် များများ ထွက်သော မြို့နယ် ဖြစ်သည်။

အခြား ထွက်ကုန်များမှာ ဆေးရွက်၊ ငရုတ်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည်တို့ ဖြစ်ကြလေသည်။
မြို့နယ် အတွင်း တောတောင် ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ချို့တဲ့သည်။ အမ်းချောင်းသည်လည်း သင်္ဘောကြီးများကို မဆိုထားဘိ အထက်ပိုင်း၌ လှေကြီးများပင် ကောင်းစွာ မသွာလာနိုင်ချေ။
ထို့ကြောင့် မြို့နယ် အတွင်း ရောင်းဝယ် ဖောက်ကားရေး နှင့် ကူးသန်း သွားလာရေး အတွက် နွားများ၊ လားများကို အားထားကြရသည်။
ရခိုင် ပြည်နယ် အတွင်းရှိ အခြား မြို့နယ်များနှင့်မူ ရေကြောင်းဖြင့် ဆက်သွယ်ရသည်လည်း ရှိသည်။
အမ်းမြို့နယ်သည် ပြည်မနှင့် အဆက်အသွယ် ပို၍ များကြောင်း အထက်တွင် ဆိုခဲ့သည်။ အမ်း တောင်ကြား လမ်းသည် ပြည်မနှင့် ဆက်သွယ်ရသော နာမည်ကျော် တံခါးပေါက် ဖြစ်သည်။
ထိုတောင်ကြားလမ်းကို ဖြတ်၍ အမ်းမြို့နှင့် မင်းဘူးမြို့ကို မော်တော်ကားလမ်း ဖောက်လုပ်ခဲ့ရာ ၁၉၆၄ ခုနှစ် အတွင်း၌ ပြီးစီးသည်။ ထိုကားလမ်းကို အမ်းမြို့နယ် ဘက်မှ ၃၄ မိုင် ဖောက်လုပ်ခဲ့၍ မင်းဘူး ဘက်မှ ၅၂ မိုင် ဖောက်လုပ်ခဲ့လေသည်။
အမ်းမြို့နယ်သည် မင်းဘူး မြို့နယ် အပြင် လက်ပံတကား မှတဆင့် သရက် မြို့နယ်နှင့် လည်းကောင်း၊ ဆော၊ ယော၊ လောင်းရှည် မြို့နယ် တို့နှင့် လည်းကောင်း အဆက်အသွယ် ရှိလေသည်။
အမ်းမြို့မှ ဆား၊ ငါးပိ၊ နှမ်း၊ ငရုတ်၊ ငါးခြောက် များကို သရက်၊ မင်းဘူး၊ ပခုက္ကူ တို့မှတဆင့် အထက် မြန်မာနိုင်ငံ သို့ တင်ပို့၍ အထက် မြန်မာနိုင်ငံ မြို့များမှ ထန်းလျက်၊ ကြက်သွန်၊ ရှားစေး၊ သနပ်ခါး တုံးများကို နွားများ၊ လားများဖြင့် ဖြစ်စေ၊ လူထမ်းဖြင့် ဖြစ်စေ များသောအားဖြင့် သယ်ယူ၍ ရောင်းဝယ် ဖောက်ကားကြရသည်။
ယင်းသို့ နွားများ၊ လူထမ်းများဖြင့် ကူးသန်း ရောင်းဝယ်မှုကို နွားဝိုင်း ကျသည်၊ လူဝိုင်း ကျသည် ဟု ခေါ်ဆိုကြလေသည်။
အမ်းမြို့နယ် အတွင်း နှစ်သက်ဖွယ်ရာ ရှေးရိုး ယဉ်ကျေးမှုများကို ယနေ့တိုင် ထိန်းသိမ်း လိုက်နာလျက် ရှိသည်မှာ ချီးကျူးဖွယ်ရာပင် ဖြစ်၏။
နှစ်သစ်ကူး သင်္ကြန် အခါတွင် လူငယ်လူရွယ် ကလေးသူငယ်များသည် မိမိတို့ ဆွေမျိုးညာတိ သက်ကြီး ရွယ်အိုများ၊ နီးစပ်ခင်မင်ရာ သက်ကြီးရွယ်အိုများ နေအိမ်များသို့ သွားရောက်၍ အနီးအနားမှ ရေကို သယ်ဆောင် ပြီးလျှင် ရေအိုး ရေစည် စသည်တို့တွင် ရေဖြည့် ပေးကြခြင်းဖြင့် ရေကန်တော့ကြသော အစဉ်အလာ တရပ် ရှိပေသည်။
ထို့ပြင် အခြား အစဉ်အလာ တရပ်လည်း ရှိသေးသည်။ မြို့နယ်အတွင်း ရွာတိုင်း၌ ဘုန်းကြီးကျောင်းများ ရှိရာ ကျောင်းရှိ ရဟန်းသံဃာများကို ရွာတွင်းရှိ အိမ်များက တလှည့်စီ တနေ့အတွက်တာ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ကို တာဝန်ယူ ကပ်လှူခြင်း ဖြစ်သည်။
ဆွမ်းဝတ် ကျေသောအိမ် အနီးအနား၌ အလံ စိုက်ထူထားသဖြင့် ဆွမ်းလှည့်ကျသည်ကို သိနိုင်ပေသည်။
ထိုအလံကို အိမ်စဉ်အလိုက် တရက်ပြီး တရက် ပြောင်း၍ စိုက်သွားသဖြင့် ဆွမ်းဝတ်ကျေမည့် ရက်ကို ကြိုတင် သိထားရသောကြောင့် ကြိုကြိုတင်တင် စီစဉ် ပြင်ဆင်နိုင်ကြလေသည်။
မြို့နယ်အတွင်း ထင်ရှားသော စေတီမှာ တန်းတင် စေတီ ဖြစ်၍ နှစ်စဉ် တန်ခူးလ၌ ဘုရားပွဲ ကျင်းပလေ့ ရှိသည်။
အမ်းမြို့နယ် အတွင်းရှိ ရွာပေါင်း ၃၆ ရွာမှ ငွေကြေး ကောက်ခံ၍ ကျင်းပသော စုပေါင်း ဘုရားပွဲတော် ဖြစ်သဖြင့် အလွန် စည်ကားသည်။
အမ်းမြို့ မြောက်ဘက်ရှိ ပလောင်တောင် စေတီ၏ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လ၌ ကျင်းပလေသည်။ ။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၇၆ခုနှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ– ၁၅၊ ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)














