ရှမ်းပြည်နယ်မြောက်ပိုင်း စခန်းသစ်ကုန်းစခန်းမှ စစ်ကောင်စီစစ်သား ၁၅၀ တအာင်းအမျိုးသားတပ်မတော် (TNLA) ထံတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ညက လက်နက်ချသောအခါ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အလံဖြုထောင် လက်နက်ချသည့် စစ်ကောင်စီ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အရေအတွက် ၆၅၀ ကျော်အထိ ရှိပြီဖြစ်သည်။
ဒဏ်ရာရသူအများစု ပါဝင်သည့် ထိုစစ်သားများကို နမ့်ခမ်းမြို့အနီး အခြေစိုက်စခန်းတာဝန်ခံ ဗိုလ်မှူး မြင့်ကျော် ဦးဆောင်သည်။ သူနှင့်သူ့စစ်သားများသည် လေကြောင်းပစ်ကူနှင့် အနီးရှိမြို့နယ်များရှိ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးပစ်ကူ အကြီးအကျယ်ရနေသည့်တိုင် လက်နက်ချခြင်းဖြစ်သည်။
သို့သော် ထိုအကူအညီများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့အနက် တဖွဲ့ဖြစ်သော TNLA ၏ တလကြာ တိုက်ခိုက်မှုကို ခုခံရန် မလုံလောက်ပေ။
TNLA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ညှိနှိုင်း ထိုးစစ်စတင်သည့်နောက်ပိုင်း ထိုမဟာမိတ်များထံသို့ လက်နက်ချသည့် စစ်ကောင်စီစစ်သားနှင့် ပြည်သူ့စစ် အရေအတွက် အနည်းဆုံး ၄၅၀ ရှိသည်။
အောက်တိုဘာလ ၂၇ ရက်နေ့နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တခုတည်းတွင်ပင် စစ်ကောင်စီစခန်းနှင် အခြေစိုက်စခန်း ၂၇၀ ကျော်ကို ညီနောင်မဟာမိတ်များက သိမ်းပိုက်သည်။
TNLA သည် ၎င်းတို့ နောက်ဆုံးသိမ်းပိုက်သည့် စခန်းဖြစ်သည့် စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်တွင် သိမ်းပိုက်သည်။
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်မှ မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်သော ရန်လုံကျိုင်းမှ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် အများအပြားသည်လည် MNDAA ထံ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လက်နက်ချသော်လည်း စစ်သားနှင့် ပြည်သူ့စစ် အရေအတွက် အတိအကျကို ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ခြင်း မရှိပေ။
လူမှုကွန်ရက်တွင်တင်သည့် ဗီဒီယိုတွင် MNDAA ၏ အလံကို မြန်မာနှင့်တရုတ် ကုန်သွယ်သည့် အဓိကဂိတ်တွင် လွှင့်ထူနေသည်ကို ပြသထားသည်။
ညီနောင်မဟာမိတ်များထံ လက်နက်ချသည့် ပထမဆုံးတပ်ရင်းသည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်ရက်အကြာတွင် လက်နက်ချခြင်း ဖြစ်သည်။ ခြေမြန်တပ်ရင်း ၁၄၃ မှ စစ်သား ၄၁ ဦးသည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမှ စခန်းနှင့်လက်နက်များကို စွန့်လွှတ်သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမှ စစ်ကောင်စီ စစ်သားနှင့်ရဲ ၁၈၀ ကျော် ပါဝင်သည့် နောက်ထပ် တပ်ရင်းတရင်း အလံဖြူထောင် လက်နက်ချသည်။ ညီနောင်မဟာမိတ်များက ၎င်းတို့စခန်း၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို သိမ်းယူသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီမဟာမိတ် ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်ချကြောင်း MNDAA ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နှင့် နယ်စပ်တလျှောက်တွင် တည်ရှိသည်။
လက်နက်ချသော စစ်ကောင်စီတပ်များနှင့် မိသားစုများကို ညီနောင်မဟာမိတ်များက ဆေးဝါးကုသပေးပြီး လိုအပ်သည့် အကူအညီများပေးကြောင်း MNDAA က ပြောသည်။
ချင်း၊ ကရင်နီ (ကယား)၊ မွန်နှင့် ရခိုင်ပြည်နယ်များ၊ ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီစစ်သား ၂၀၀ နီးပါး လက်နက်ချပြီး ဖြစ်သည်။
တော်လှန်ရေး အင်အားစုများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သိမ်းပိုက်သည့် လွိုင်ကော်တက္ကသိုလ်မှ နှစ်ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်သာ ၃၈ ဦး လက်နက်ချသည်ဟု ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီစစ်သား နောက်ထပ် ၁၅ ဦး လက်နက်ချသည်ဟုလည်း KNDF က ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီစစ်သား အနည်းဆုံး နှစ်ဦးနှင့် ရဲ ရှစ်ဦးတို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မှထွက်ပြေးကြောင်း ချင်ပြည်ကာကွယ်ရေးတပ် (CDF) က ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တိုင်းရင်းသား မဟာမိတ်တပ်များက ချင်းပြည်နယ်၊ ရေဇောမြို့ကို တိုက်ခိုက်သိမ်းပိုက်သောအခါ စစ်ကောင်စီ စစ်သားအနည်းဆုံး ၄၀ နှင့် မိသားစုဝင်များ လက်နက်ချသည်။
ပဲခူးတိုင်းတွင် မဟာမိတ်တော်လှန်ရေးတပ်များသည် စစ်ကောင်စီတပ်ရင်း နှစ်ခုကို တိုက်ခိုက်ပြီး မုန်းမြို့ကို သိမ်းပိုက်သောကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၉ ဦး လက်နက်ချသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများတွင် အကြီးကျယ်သေဆုံးပြီး စစ်ကောင်စီစစ်သား ၂၈ ဦး လက်နက်ချသည်။
ရခိုင်ပြည်နယ်မှ ရဲနှင့် စစ်ကောင်စီစခန်း ၁၄၀ ခန့်ကို စွန့်ခွာပြီး ရဲ ၂၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချသည်ဟု ထိုအဖွဲ့က ပြောသည်။
နိုဝင်ဘာလအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းများမှ စစ်ကောင်စီစစ်သား ၃၀ ကျော် ထွက်ပြေး သို့မဟုတ် လက်နက်ချကြောင်း တော်လှန်ရေးတပ်များက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၅,၀၀၀ နီးပါး ဘက်ပြောင်းလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
NUG နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များသည် စစ်ကောင်စီတပ်များ လက်နက်ချ သို့မဟုတ် ဘက်ပြောင်းရန် ဆက်လက် တိုက်တွန်းနေသည်။ ထိုသို့ ဘက်ပြောင်းလာသူများသည် အန္တရာယ်ကင်းပြီး အကူအညီအထောက်အပံ့ ရမည်ဟု ၎င်းတို့က အာမခံသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ White Flag: Over 650 Myanmar Junta Troops Have Surrendered Since Launch of Operation 1027 ကို ဘာသာပြန်သည်။)
You may also like these stories:
မင်းအောင်လှိုင်အတွက် လုံခြုံသောနေရာ မရှိသလောက်ဖြစ်လာ
တရုတ် ဖမ်းဝရမ်းထုတ်တဲ့ ပယ်ဆောက်ချိန်မိသားစု စစ်ကောင်စီ ဖမ်းပို့မလား
စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်
စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ