ပြီးခဲ့သည့် ရက်ပိုင်းတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းနှင့် ပုဂ္ဂလိကဆေးရုံတို့ကို အာဏာသိမ်း စစ်ကောင်စီက ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်များနှင့် အလုပ်လုပ်သူများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ယခင်လများကလည်း ပိတ်သိမ်းမှုများ ရှိခဲ့ရာ စစ်အာဏာရှင် လက်အောက် အလုပ် မလုပ်လို၍ CDM လုပ်နေသူများ အား တခြားလုပ်ငန်းခွင်များသို့ မဝင်ရောက်နိုင်စေရန် ရည်ရွယ်သည့်အပြင် CDM များအား လက်ခံ အလုပ်ပေး ထား သူများကိုလည်း ဖမ်းဆီးထောင်ချခြင်းများ စစ်ကောင်စီ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဘောထားအမြင်နှင့် ပညာရေး ဝန်ဆောင်မှုပေးနေသော အခြေအနေများကို သိရှိနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ စိုင်း ခိုင်မျိုးထွန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ပညာရေး ကဏ္ဍထဲမှာ အာဏာသိမ်း စစ်ကောင်စီက အခုလို ဖမ်းဆီးမှုတွေ လုပ်နေတာဟာ ဘယ်လို သက် ရောက်မှု အကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ။
ဖြေ။ ။ ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ။ ဒီလိုမျိုး မဖြစ်ရင် ကျနော်တို့ နိုင်ငံရဲ့ လူ့စွမ်းအား အရင်း အမြစ်ပေါ်မှာ ထိခိုက်မယ်။ တဖက်မှာ သူတို့ လုပ်နေတဲ့ ပညာရေးက လူငယ်တွေကို ပညာတတ်စေဖို့ထက် သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား အောင်မြင်တယ်ဆိုတာကို ပြဖို့ ကြိုးစားတာပေါ့။ ဒါပေမယ့် အခုထိတော့ ကျောင်းသူ၊ ကျောင်း သား၊ ဆရာ၊ ဆရာမတွေရော မလုံမလောက်နဲ့ ဖွင့်သင်နေရတာပေါ့။
နိုင်ငံပိုင်ကျောင်းတွေမှာ လူကို မရှိတော့ဘဲနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကို ရောက်သွားသလားဆိုတာ သုံးသပ်ကြတာတွေ လည်း ရှိပါတယ်။ သူတို့ ယန္တရားကို မယုံကြည်တဲ့ ကျောင်းသား၊ မိဘတွေက တနိုင်ငံလုံး ရှိနေတာ။ ဒီလိုမျိုး မဖြစ် အောင် အကြောက်တရား ရိုက်သွင်းမယ် ဆိုပြီးတော့ အွန်လိုင်း ပညာရေးစနစ်ကို နှောင့်ယှက်ဖို့ ကြိုစားတာပေါ့။ ဒါပေမယ့် အခုထိတော့ အွန်လိုင်းပညာရေးတွေ ဆက်ရှိနေတုန်းပါပဲ။
မေး။ ။ CDM ဆရာ၊ ဆရာမတွေကို ထောင်ဒဏ်တွေလည်း ချနေတော့ စာသင်တာက ရာဇဝတ်မှုလားလို့ မေးခွန်း ထုတ်ရမလို ဖြစ်နေတယ်။ ဆရာ့အနေနဲ့ရော ဘယ်လို ထင်မြင်ယူဆချက်ရှိသလဲ။
ဖြေ။ ။ စစ်ကောင်စီရော ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကရော ပြုပြင်ပြောင်းလဲရေးအတွက် လုပ်တဲ့လူတွေ၊ နောက်သူတို့အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့လူ၊ ဝေဖန်တဲ့လူတွေကို ရန်သူလို့ သဘောထားခဲ့ကြတာပေါ့။ ကျနော်တို့ဆို ကျောင်းဆရာလုပ်ခဲ့တော့ ကျောင်းဆရာသူပုန်ဆိုပြီး သူတို့ အသိုင်းအဝိုင်းထဲက ပြောတာမျိုးရှိတယ်။ တကယ်တမ်း ကတော့ ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေး၊ ပညာရေးရဲ့ အခွင့်အရေးတွေကို လုပ်ခဲ့ကြတာပေါ့။

ကျနော့်အတွေ့အကြုံအရဆိုရင် ပညာရေးပိုင်းကို ဘယ်လောက် အငြှိုးအတေးထားလဲဆိုရင် ကျောင်းသားတွေ ကြား ထဲမှာကို သူတို့ ထောက်လှမ်းရေးတွေ ထားပြီး သတင်းယူ၊ လိုအပ်ရင် နှိပ်ကွပ် ဖမ်းဆီး လုပ်ခဲ့တာ။ သို့သော်လည်း ပြန်သုံးသပ်ကြည့်လိုက်ရင် သူတို့ မအောင်မြင်ပါဘူး။ ဘာနဲ့ သက်သေပြမလဲ ဆိုရင် ၂၀၂၁ က စတဲ့ အာဏာရှင် တော်လှန်ရေးကြီးပါပဲ။ အခုထိ ကြံ့ကြံ့ခံ တော်လှန်ခဲ့ကြတယ်။
မေး။ ။ စစ်ကောင်စီက ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံရေး မသင်ရ၊ ဘာသာရေး မသင်ရဆိုတဲ့ ပိတ်ပင်တားမြစ်တဲ့ ဥပဒေပြင်ဆင်မှုတွေလည်း လုပ်တယ်ဆိုတော့ သူတို့ ရည်ရွယ်ချက်က ဘယ်လို ဖြစ်မလဲ။
ဖြေ။ ။ သူတို့ရဲ့ နည်းဟောင်း လုပ်ရိုးလုပ်စဉ်ပါပဲ။ နိုင်ငံရေးတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေအကြောင်း ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေသိမှာကို အရမ်းကြောက်တာပေါ့။ သိလာလို့ရှိရင် သူတို့ ကြိုးဆွဲရာ ကတဲ့လူတွေ မဖြစ်မှာ စိုးတာပေါ့။ မြောက်ကိုရီးယားနိုင်ငံလိုမျိုး ပြည်သူလူထုက အာဏာရှင်ကို အားကိုးလာတဲ့လူတွေ ဖြစ်အောင် ပုံမှားရိုက်၊ ဘာသာရေး မှိုင်းတိုက်တာတွေ၊ နိုင်ငံရေး အတွေးအခေါ်အရ အာဏာရှင်ကို ကိုးကွယ်လာ အောင် ဒါတွေ တောက်လျှောက် လုပ်ခဲ့တာ။
မေး။ ။ NUG လက်အောက်က ပညာရေး ဝန်ကြီးဌာန ဆောင်ရွက်နေတဲ့ ကြားကာလ ပညာသင်ကြားရေးကရော ဘယ်လို ရှိနေပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ အခြေခံကျကျ ပညာရေးကို ပြုပြင်ပြောင်းလဲမှု လုပ်တယ်ပေါ့။ ပထမအချက်က သင်ကြားရေးနဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှု လွတ်လပ်မှုတွေကို ဗဟိုက ချုပ်ကိုင်တာမျိုး မရှိစေရဘူးဆိုပြီး ချထားတာ ရှိတယ်။ ဒီလိုမျိုး လုပ်လိုက်တဲ့အတွက်ကြောင့် မြေပြင်မှာ ဖက်ဒရယ်ကျောင်းလိုမျိုးတွေ နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာတယ်။ တိုင်း ရင်းသားဒေသတွေမှာဆိုရင် ဘွဲ့တွေပေးတဲ့အထိ လုပ်နေကြတာ ရှိတယ်။
ပညာရေးလမ်းကြောင်းကို အဆက်ပြတ်မသွားအောင် ဝန်ကြီးဌာနအနေနဲ့ကတော့ ပြင်ဆင်ထားတာ ရှိတယ်။ တက္ကသိုလ်အဆင့်ဆိုရင်လည်း နွေဦးတက္ကသိုလ်လိုမျိုးမှာ ကျောင်းသူ၊ ကျောင်းသားတွေကို လက်ခံသင်ကြားပေးနေ တာ ရှိတယ်။ အွန်လိုင်းမရတဲ့ ဒေသတွေအတွက်လည်း ပိုပြီး အဆင်ပြေအောင် ကြိုးစားနေပါတယ်။ တချို့ဒေသတွေ မှာဆိုရင် သင်ကြားနိုင်တဲ့ အခွင့်အလမ်း ရှိတာတွေ ရှိနေပါတယ်။
တဖက်ကလည်း တော်လှန်ရေးကာလမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြားမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ဒီဘက်က လုပ်နေတဲ့ စာသင်ကျောင်းတွေကို ဖျက်ဆီးတာတွေ၊ ဆရာ၊ ဆရာမတွေကို မြေပြင် မှာ ဒုက္ခပေးတာမျိုးတွေက ရှိပါတယ်။ ဒါပေမယ့် မြေပြင်မှာ ခုထိတော့ သင်ကြားရေးကိစ္စတွေက ရှိနေပါတယ်။ အွန်လိုင်းတွေလည်း ရှိနေပါတယ်။ ဒီလိုကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသားတွေ တက်ရောက် သင်ကြားလို့ ရတယ်။ ဆက်ပြီးတော့လည်း သင်ကြားရေး အခွင့်အလမ်း တခြားနည်းလမ်းတွေကို ပိုမိုထွက်လာအောင် ကြိုးစားနေ ကြတယ်လို့ ပြောချင်တယ်။
မေး။ ။ NUG လက်အောက်က ပညာရေးဝန်ဆောင်မှုကို ဘယ်လောက်အတိုင်းအတာထိ ပေးနေတယ်လို့ ပြောလို့ ရပါသလဲ။
ဖြေ။ ။ ကိန်းဂဏန်းအရတော့ ပြောရခက်တယ်။ တခု ပြောင်းပြန် သုံးသပ်ကြည့်ရင် စစ်ကောင်စီကျောင်းတွေ ဆိုရင် ကျောင်းသွားမတက်တဲ့ ကလေးတွေက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီ ၈၀ ရာခိုင်နှုန်းက ကျောင်းသူ၊ ကျောင်း သားတွေက တော်လှန်ရေးကျောင်းတွေမှာ တက်နေတာ ရှိတယ်။ နောက်တိုင်ရင်းသား ဒေသတွေမှာ တော်လှန်ရေး အင်အားစုတွေဘက်က ထိန်းချုပ်နေတဲ့ ဒေသတွေမှာ တက်နေတဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိတယ်။ ရာခိုင်နှုန်းအနေနဲ့ကတော့ ကျနော်တို့ ပြောရခက်နေတယ်ပေါ့။
ပညာသင်ကြားခွင့်အရ လစ်ဟာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း ရှိမှာပါ။ ဒါတွေ အားလုံးကို တချိန်မှာ ကျနော်တို့က ပြန်လည် ကုစားပေးရမှာပါ။ တော်လှန်ရေးကြီးအပြီးမှာ အားလုံးအတွက် အခွင့်အလမ်းတွေ ပေါ်လာ အောင် ပြင်ဆင်ရမှာပါ။
လက်ရှိမှာ ကျနော်တို့ အစိုးရနဲ့ကျောင်းသားသမဂ္ဂတွေ၊ ပညာရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ သိပ်မကြာ ခင်ကမှ ကျောင်းသားတွေရဲ့ လက်ရှိနဲ့ အနာဂတ်ပညာရေး အာမခံရအောင် ဘာတွေ လုပ်သင့်လဲ ဆိုတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ထားတာ ရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာမခံချက် ရှိစေမယ့် အလုပ်တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အဖြေတွေ ထွက်ထားတာ ရှိပါတယ်။ ဒီထဲကနေ လက်ရှိ တော်လှန်ရေးကာလမှာ အကောင်အထည် ဖော်ရမယ့် အပိုင်းရှိတယ်။ တချို့ လုပ်ငန်းတွေကလည်း တော်လှန်ရေးအပြီးမှာ လုပ်ရမှာတွေ ရှိတယ်။
နောက်တချက်က နောင်တချိန်သွားမယ့် ပညာရေးက ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးပေါ့။ ပညာရေး ဖက်ဒရယ် ဒီမို ကရေစီ မူဝါဒကိုလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကနေ အတည်ပြုပြီးသွားပြီ။ ဒါကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာနနဲ့ ကျန်တဲ့ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်း သား ပညာရေး အဖွဲ့တွေ ပူးပေါင်းပြီး ရေးဆွဲထားတယ်။ နိုင်ငံတကာ ပညာရှင်တွေလည်း ပါတယ်။ ဒီမူဝါဒကလည်း ကျနော့် အတွေ့အကြုံအရဆို မြန်မာပြည်ပညာရေးသမိုင်းမှာ အကောင်းဆုံးလို့ အာမခံ ပြောရဲတယ်။
ခေတ်အဆက်ဆက် ပညာရေး မူဝါဒတွေက အပေါ်ကနေ အုပ်ချုပ်တဲ့ဟာ၊ အခုကတော့ ကိုယ့်သက်ဆိုင်ရာ နယ်မြေ အောက်ကနေ အပေါ် တည်ဆောက်တဲ့ ပုံစံမျိုးနဲ့ သွားမှာဆိုတော့ မြေပြင်မှာရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်တဲ့ ပညာရေးစနစ်ကြီး ဖြစ်လာမှာပါ။
မေး။ ။ ဆရာ၊ ဆရာမတွေ အတွက် ထောက်ပံ့နိုင်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိသုံးနေတဲ့ ဘတ်ဂျက်က လုံလောက်မှု မရှိဘူး။ တော်လှန်ရေးအတွက် လိုအပ်တဲ့ တခြားကဏ္ဍထဲမှာ သုံးရတာကိုး။ သို့သော် ပညာရေးမှာလည်း အတတ်နိုင်ဆုံး သုံးနေတာရှိပါတယ်။ ဥပမာ နွေဦးထီကနေ CDM ဝန်ထမ်း တွေကို ထီစဖွင့်ကတည်းက ထောက်ပံ့နေတာ ရှိတယ်။ အရေးပေါ် လိုအပ်ချက်တို့၊ ဆေးကုသစရိတ်လိုတယ် ဆိုတဲ့ အချိန်တွေမှာ ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သလောက် မပြောပလောက်သော်လည်းပဲ ရှိတဲ့ အနေအထားကနေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ တောက်လျှောက်လည်း လုပ်ခဲ့တယ်။ လုံလောက်မှု ရှိလားဆိုရင် မလုံ လောက်ဘူး။
အခက်အခဲ အရှိဆုံးကတော့ ဘဏ္ဍာငွေ လုံလောက်မှု မရှိသေးတာပေါ့။ မြေပြင်မှာကတော့ ထိန်းချုပ်နယ်မြေတွေမှာ ပညာရေးကို ပိုပြီး သုံးစွဲလာနိုင်တဲ့ အနေအထား ရှိပါတယ်။ အခွန်အခ ကောက်ခံလို့ရတာတွေ ရှိတော့။ ဒါပေမယ့် ဆရာ၊ ဆရာမတွေ အားလုံးကို လစာပေးတာတွေတော့ မလုပ်နိုင်သေးပါဘူး။ လစာတွေကို တော်လှန်ရေး ပြီးရင် တွက်ချက်ပေးမယ်ဆိုတာ ထုတ်ပြန်ထားတာမျိုးတော့ ရှိတာပေါ့။ ဆရာ၊ ဆရာမ အများစုကလည်း လစာအတွက် မျှော်ကိုးပြီး ဒီတော်လှန်ရေးကြီးမှာ ပါနေတာ မဟုတ်ဘူးပေါ့။
မေး။ ။ နောက်တခုက စစ်ဖြစ်နေတဲ့ ပဋိပက္ခဒေသမှာ ရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာသင်ကြား နေရင်း အန္တရာယ်မဖြစ်ရအောင် လုံခြုံရေးအပိုင်းတွေကိုရော ဘယ်လို ပြင်ဆင်ထားမှုတွေ ရှိပါသလဲ။
ဖြေ။ ။ လူသားစာနာနဲ့ သဘာဝဘေးဝန်ကြီးဌာနက ဒါနဲ့ ပတ်သက်ပြီး ကာကွယ်နိုင်ဖို့ လုပ်တာ ရှိပါတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲရင် ဘယ်လိုမျိုး လုံခြုံရေးအရ ယူရမလဲ ဆိုတာပေါ့။ သက်ဆိုင်ရာမြို့နယ်ကို ဒီအချက်အလက်တွေ ဖြန့်တာ ရှိ တယ်။ သက်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်တာရှိတယ်။ လူသား စာနာဝန်ကြီးဌာနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးတို့နဲ့ အမြဲ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ သို့သော် စစ်ကောင်စီကတော့ သိတဲ့အတိုင်း ရက်စက်တယ်။ ကောက်ကျစ် ယုတ်မာ တယ်ဆိုတော့ အချိန်မရွေးတော့ စိုးရိမ်ရနိုင်တဲ့တချို့သော ကိစ္စရပ်တွေ ရှိမှာပါ။
မေး။ ။ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လူတွေရဲ့ လွတ်လပ်စွာ၊ သင်ကြားသင်ယူခွင့်တွေ ဒီလိုပိတ်ပင်နေတဲ့ စစ် ကောင်စီအပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ ပိတ်ပင်တယ်လို့ ပြောကတည်းကိုက ဖက်ဒရယ်ဒီမိုကရေစီပညာရေးရဲ့ သဘောတရားကို လုံးလုံး နားမလည် သေးဘူးလို့ပဲ ပြောချင်တယ်။ ဖက်ဒရယ် သဘောတရားအရဆိုရင် သက်ဆိုင်ရာ နယ်မြေဒေသတွေမှာ ပြဋ္ဌာန်းခွင့် တွေ၊ သင်ကြားခွင့်တွေ နောက်ဆုံး ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်တွေ ဒါမျိုးတွေ ရှိတယ်။
ဒီမိုကရေစီ သဘောတရားနဲ့ ပြောရင်လည်းပဲ ကိုယ်သင်ချင်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ်နဲ့ လုပ်လို့ရတဲ့ ပညာ ရေး စနစ်။ အခုတော့ လိုက်ပိတ်ပင်တယ် ဆိုတာက ပါးစပ်ကသာ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးတို့ ဒီမိုကရေစီ ပညာရေးလို့ လျှောက်ပြောချင် ပြောနေမယ်။ လက်တွေ့မှာ သူတို့ နားမလည်ပါဘူး။ သူတို့ နားလည်တာက အထက် ကပေးတဲ့ အမိန့်ကို အကောင်အထည်ဖော်နိုင်တဲ့ အဖွဲ့အစည်းကြီး ဒါမှမဟုတ် ပညာရေးစနစ်ကို တည်ဆောက်ဖို့ပဲ ကြိုးစားနေတာပါ။
You may also like these stories:
လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ
အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ
မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း
မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ














