၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ ဆိုသည်ကို ပြုလုပ်သွားကြောင်း တွေ့ရ၏။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မပြုလုပ်တော့သည့် သတင်းစာရှင်းလင်းပွဲကို ၉ လခန့်အကြာတွင် ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအဖြစ် ပြုလုပ်သွားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်အပြင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီးအပါအဝင် ဝန်ကြီးဌာနများမှလည်း ပါဝင်သည်ကို တွေ့ရ၏။ အဓိက ငွေကြေးဖောင်းပွမှုပြဿနာ၊ ဒေါ်လာရှားပါးမှုပြဿနာ၊ ကုန်ဈေးနှုန်းတက်သည့်ပြဿနာများကို ဝန်ခံပြောဆိုသွားပြီး ထုံးစံအတိုင်း အမြတ်ကြီးစားများ၊ ကုန်သည်အရင်းရှင်များ၊ ဘဏ်များ၏ အပြစ်ဟူ၍ အခြားသူများအား အပြစ်တင်သွားသည်ကို တွေ့ရ၏။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားမှု၊ ပြည်ပချေးငွေများ မရရှိတော့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ အမေရိကန်မှ စစ်ကောင်စီ၏ နိုင်ငံခြားငွေအသုံးပြုသည့် ဘဏ်များကို ပိတ်ဆို့ခြင်းနှင့် အခြားနိုင်ငံများက လိုက်နာမှု၊ နိုင်ငံခြား ငွေများအား စစ်လက်နက်ပစ္စည်း မြောက်များစွာ ဝယ်ယူအသုံးပြုမှု၊ ငွေကြေးဘဏ်စနစ်အား ဗဟိုမှချုပ်ကိုင်သည့် စနစ်ပြောင်းလဲမှုတို့ ဖြစ်ပေါ်နေသည့် ကာလဖြစ်သည်။
ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းသေသတ်မှတ်ခြင်း၊ သွင်းကုန်၊ ထုတ်ကုန်၊ နိုင်ငံခြားငွေတို့နှင့်ပတ်သက်ပြီး တင်းကျပ်စွာကိုင်တွယ်သည့် မူဝါဒအမှားများ၊ စစ်အသုံးစရိတ် များစွာမြှင့်တင်ပြီး ကျပ်ငွေများစွာ ရိုက်ထုတ်လာခြင်း၊ နိုင်ငံခြားငွေ ရှားပါးလာပြီး ငွေကြေးဖောင်းပွလာသည့်၊ ကုန်ဈေးနှုန်းများ တက်လာနေသည့် အကြပ်အတည်းများအောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဖြစ်၏။
ထို့ကြောင့်လည်း ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လာရောက် ရှင်းလင်းကြသည်ကို တွေ့ရ၏။ သို့သော်လည်း ပြဿနာဖြေရှင်းပုံမှာ ပိုမိုတင်းကျပ်သော ကိုင်တွယ်မှု ဖြစ်သဖြင့် ပြဿနာ မပြေလည်နိုင်ဟု အားလုံးက တွက်ဆထားကြ၏။ စီးပွားရေးကဏ္ဍ၊ ငွေကြေးကဏ္ဍအား ဖွင့်ပေးရန် လိုအပ်နေသော်လည်း ဖွင့်ပေးပါက မထိန်းနိုင် မသိမ်းနိုင်ဖြစ်မည်ကို စစ်ကောင်စီက စိုးရိမ်ထိတ်လန့်နေသဖြင့် အကျပ်အတည်းက ပိုဆိုးလာနေ၏။
လွတ်လပ်သော ဈေးကွက်စီးပွားရေး ပျက်သွားပြီး ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်ဖြင့် လုပ်ဆောင်နေရာ မှောင်ခိုဈေးကွက် ကျယ်ပြန့်လာပြီး မြန်မာ့စီးပွားရေး တိုးတက်ရန် မဖြစ်နိုင်တော့သည်မှာ သေချာသလောက် ရှိနေပြီဖြစ်၏။ ထို့ပြင် တင်းကျပ်သောကိုင်တွယ်မှု၊ ဖမ်းဆီးမှုတို့ကြောင့် ပထမဦးစွာ တွေ့ရသည်မှာ ငွေဈေးနှုန်း မတည်ငြိမ်ခြင်းဖြစ်၏။ ယခု တလကျော်ကြာသည်အထိ ငွေဈေးမတည်ငြိမ်သည်ကို တွေ့ရ၏။ ဒုတိယအနေနှင့် ကုန်ဈေးနှုန်းတက်သည်ထက် ဆိုးဝါးသည့် နိုင်ငံခြား ငွေရှားပါးမှု၊ ဝယ်ယူရရှိရန် ခက်ခဲမှုဖြစ်နေပြီး တဆက်တည်းတွင် ကုန်စည်ရှားပါးမှုများ ကြုံတွေ့နိုင်သည့် အလားအလာများ ပေါ်ပေါက်လာသည်ကို တွေ့ရ၏။
လွတ်လပ်သော ဈေးကွက်စီးပွားရေး ပျက်သွားပြီး ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်ဖြင့် လုပ်ဆောင်နေရာ မှောင်ခိုဈေးကွက် ကျယ်ပြန့်လာပြီး မြန်မာ့စီးပွားရေး တိုးတက်ရန် မဖြစ်နိုင်တော့သည်မှာ သေချာသလောက် ရှိနေပြီဖြစ်၏။
ဩဂုတ်လဆန်း သက်တမ်းတိုးပြီးနောက် ရွေးကောက်ပွဲ ကျင်းပရေးဆိုသည်ကို ပထမဦးစားပေး တာဝန်အဖြစ် စစ်ကောင်စီက ပြောင်းလဲဖော်ပြခဲ့သော်လည်း ယခု သတင်းစာရှင်းလင်းပွဲတွင် ယခင် သတင်းစာရှင်းလင်းပွဲများကဲ့သို့ ရွေးကောက်ပွဲကော်မရှင်မှ တက်ရောက်ရှင်းလင်းခြင်း ပြုလုပ်သည်ကို မတွေ့ရ၊ စစ်ကောင်စီပြောခွင့်ရသူကလည်း ထည့်သွင်းပြောကြားသည်ကို မတွေ့ရပေ။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် လောလောဆယ် စဉ်းစားထားချက် ရှိပုံမရပေ။
အကြမ်းဖက်မှု စွန့်လွှတ်လျှင် ဆွေးနွေးမည်
ဤသတင်းစာပွဲတွင် တွေ့ရသည့် ထူခြားချက်မှာ စစ်ကောင်စီပြောခွင့်ရသူဆိုသူ၏ ပြောကြားချက်ဖြစ်သည့် လတ်တလော တိုင်းပြည်တွင် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းများ ကြုံနေရသည့် အချိန်တွင် စစ်တပ်က အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသူများဘက်က လက်နက်စွန့်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟူသည့်အချက် ဖြစ်၏။ မြန်မာပြည် နိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည့်အပေါ် စစ်ကောင်စီ၏ သဘောထားကို ပြောဆိုသွားခြင်း ဖြစ်၏။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သဖြင့် မဆွေးနွေးနိုင်၊ နိုင်ငံတကာအနေဖြင့် ထိုအဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန်ဆိုသည့် ယခင်က စစ်ကောင်စီ၏ သဘောထားမှ အနည်းငယ် ပြောင်းလဲလာသည်ဟု ဆို၍ရသည့် သဘောဖြစ်၏။
စစ်ကောင်စီအနေဖြင့် သတင်းစာရှင်းလင်းပွဲအား ယမန်နှစ် နိုဝင်ဘာလက နောက်ဆုံး ကျင်းပခဲ့ပြီးနောက် ယခု ပထမဆုံးအကြိမ် ပြန်လည်ကျင်းပရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုမှတဆင့် ဆွေးနွေးရေးလမ်းကြောင်း ပေါ်လာနိုင်ခြင်းရှိ၊ မရှိ မေးမြန်းချက်အား စစ်ကောင်စီပြောခွင့်ရသူက တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာအကြောင်း မရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့သူတွေသည် ၁ အချက် ကမ္ဘာသိအကြမ်းဖက်လုပ်ရပ်များ မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံချက်လိုပါတယ်၊ အကြမ်းဖက်လုပ်ရပ်တွေ ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာချက် လိုပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော CRPH နှင့် NUG တို့အား အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလတွင် ကြေညာခဲ့သည်။ ယခုအခါ အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ်ကြောင်းကြေညာပါက ဆွေးနွေးမည့်သဘော ထုတ်ဖော်ပြောဆိုခြင်းသည် ပြည်တွင်းပြည်ပ ဖိအားများကြောင့်အပြင် တလျှောက်လုံး ကျင့်သုံးခဲ့သည့် စစ်ကောင်စီ၏ အကျင့်စရိုက်ကို ဖော်ပြခြင်းလည်း ဖြစ်၏။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ဆွေးနွေးပွဲတွင် ရခိုင် AA, တအာင်း TNLA, ကိုးကန့် MNDAA မြောက်ပိုင်းသုံးဖွဲ့အား အပစ်အခတ်ရပ်စဲရေး NCA ရေးထိုးရာတွင် ပါဝင်ခွင့်မပြု၊ မြောက်ပိုင်းသုံးဖွဲ့နှင့် ရှမ်းမြောက်ရှိ ကချင် KIA တပ်မဟာ ၄ တို့ လက်နက်စွန့်ရမည်ဟု စစ်တပ်က တင်းခံခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ်ကြောင်းကြေညာပါက ဆွေးနွေးမည့်သဘော ထုတ်ဖော်ပြောဆိုခြင်းသည် ပြည်တွင်းပြည်ပ ဖိအားများကြောင့်အပြင် တလျှောက်လုံး ကျင့်သုံးခဲ့သည့် စစ်ကောင်စီ၏ အကျင့်စရိုက်ကို ဖော်ပြခြင်းလည်း ဖြစ်၏။
စစ်တပ်၏ ထိုသဘောထားကြောင့်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား EAO အဖွဲ့အားလုံး NCA လက်မှတ်ရေးထိုးမည့် အခြေအနေ ပျက်စီးသွားခဲ့၏။ တဖန် ၂၀၁၆ ခုနှစ် ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရာတွင်လည်း မြောက်ပိုင်းသုံးဖွဲ့အနေနှင့် လက်နက်ကိုင်လမ်းစဉ် စွန့်မှ ငြိမ်းချမ်းရေးညီလာခံ တက်ခွင့်ရမည်ဟူသည့် မြန်မာစစ်တပ်၏ သဘောထားကြောင့် ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ခွင့်မရပေ။
၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်တို့၏ ဖိအားကြောင့် တက်ခွင့်ပြုခဲ့ရသော်လည်း ၂၀၁၇ ညီလာခံတွင် မြောက်ပိုင်းသုံးဖွဲ့အား စစ်တပ်ခေါင်းဆောင်များ တွေ့ဆုံခြင်း မပြုခဲ့ပေ။ ၂၀၁၈ ညီလာခံတွင် စစ်တပ် ဒုခေါင်းဆောင်က မြောက်ပိုင်းသုံးဖွဲ့အား တွေ့ဆုံခဲ့၏။ ထို့နောက် ၂၀၁၉ တွင်မှ မြောက်ပိုင်းသုံးဖွဲ့နှင့် တွေ့ဆုံမှုများ စတင်ခဲ့သော်လည်း အောင်မြင်မှု မရှိပေ။ ထို့ပြင် ၂၀၁၉/၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်လာသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖိအားပေး၍ AA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာစေခဲ့၏။
သို့သော်လည်း စစ်တပ်အာဏာသိမ်းဖို့ ကြံရွယ်လာသည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စစ်တပ်သည် NCA ရေးထိုးရာတွင် ၎င်းတို့ပါဝင်ခွင့် မပြုခဲ့သော၊ လက်နက်စွန့်ရမည်ဟု ၎င်းတို့ တောင်းဆိုခဲ့သော၊ အကြမ်းဖက်အဖွဲ့ဟု ၎င်းတို့ သတ်မှတ်ခဲ့သော AA တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့ဟု ကြေညာထားခဲ့စဉ်မှာပင် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရ၏။
ထို့ပြင် ယခု သတင်းစာရှင်းလင်းပွဲတွင်လည်း “ပြည်တွင်းငြိမ်းချမ်းရေးရဖို့ EAO အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံရေး တည်ငြိမ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနေတာတွေ၊ ရှေ့ဆက် လုပ်မယ့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လုပ်သွားမယ်” ဟုပြောဆိုခဲ့သည်ကို တွေ့ရ၏။
ဤသည်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ရှစ်နှစ်အတွင်း တွေ့ရသည့် စစ်တပ်၏ လုပ်ရပ်ဖြစ်၏။ မြန်မာစစ်တပ်၏ အကျင့်ဖြစ်၏။ ယခုလည်း စစ်တပ်၏ ဤအကျင့်၊ ဤအချိုးအား NUG, PDF နှင့်ပတ်သက်၍ ထပ်မံတွေ့ရပြီဖြစ်ရာ မထူးဆန်းဟု ဆိုရမည်။ ယခင်က EAO ကြား သွေးခွဲရန် ကြိုးစားသကဲ့သို့ ယခု EAO နှင့် PDF များကြား သွေးခွဲရန် ကြိုးစားခြင်းမျှသာ ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း ကြုံလာလျှင် လုပ်နေကြအတိုင်း တွေ့ဆုံဆွေးနွေးရေးကို အသုံးချရန် ကြိုးစားခြင်းမျှသာ ဖြစ်၏။
ယခင်က EAO ကြား သွေးခွဲရန် ကြိုးစားသကဲ့သို့ ယခု EAO နှင့် PDF များကြား သွေးခွဲရန် ကြိုးစားခြင်းမျှသာ ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း ကြုံလာလျှင် လုပ်နေကြအတိုင်း တွေ့ဆုံဆွေးနွေးရေးကို အသုံးချရန် ကြိုးစားခြင်းမျှသာ ဖြစ်၏။
ယခင်အခါများက ဆွေးနွေးထားသကဲ့သို့ပင် စစ်တပ်သည် သူ့အား စစ်ရေးအရ မယှဉ်နိုင်ဟု ယူဆလျှင် တွေ့ဆုံဆွေးနွေးရန် လက်ခံလေ့မရှိပေ။ စစ်တပ်အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းတွေ့မှ တွေ့ဆုံဆွေးနွေးရေးကို နည်းပရိယာယ်တခုအဖြစ် စဉ်းစားလေ့ရှိကြ၏။ ထိုသို့အခါတွင် အထက်တွင် ဖော်ပြထားသကဲ့သို့ တင်းထားသမျှ လျှော့ချလေ့ရှိကြ၏။ နေမြင့်လျှင် ဈေးပေါင်ကျိုးနှင့်ရောင်းသည့် ဈေးသည်ကဲ့သို့ ပြုမူတတ်ကြ၏။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားလျှင်လည်း ဆွေးနွေးလေ့ရှိကြ၏။ မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။
စစ်တပ် အာဏာသိမ်းပြီးကတည်းက တင်းမာစွာ ပြောဆိုခဲ့သည့် မြန်မာစစ်တပ်က အကြမ်းဖက် စွန့်လွှတ်ကြောင်း ကြေညာလျှင် တွေ့ဆုံဆွေးနွေးမည်ဟု ဆိုလာခြင်းသည် လက်ရှိကာလ၌ မြန်မာစစ်တပ် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်း ကြုံနေချိန်တွင် ထွက်ပေါ်လာခြင်းသည် တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။
ထို့သို့သော အကျပ်အတည်းများအပြင် စစ်ခေါင်းဆောင်အတွက် အကျပ်အတည်းတခုလည်း ရှိသေးသည်။ ထိုအချက်မှာ ယခင်က စစ်တပ်အာဏာသိမ်းသည်ကို ထောက်ခံခဲ့ကြသော စစ်သားဟောင်းများနှင့် စစ်တပ်ထောက်ခံသူများသည် စစ်ရေးအရ အသာမရခြင်း၊ အဆုံးအရှုံးများနေခြင်း၊ ကုန်ဈေးနှုန်းတက်၍ ဝင်ငွေနှင့် မလောက်ငခြင်း၊ စီးပွားရေးလုပ်ရန် အဆင်မပြေတော့ခြင်းကြောင့် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဗိုလ်သန်းရွှေ၊ ဦးသိန်းစိန်တို့နှင့် နှိုင်းယှဉ်၍ အရည်အချင်း မရှိကြောင်း တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ပြောဆိုလာသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်သာမက စစ်ခေါင်းဆောင်ကိုယ်တိုင် သူ၏ထိုင်ခုံလှုပ်နေသည့် အကျပ်အတည်း ကြုံနေရ၏။
ဤသို့သော အခြေအနေတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက အပေါ်စီးမှ လေသံပစ်လာသည်မှာ တိုက်ဆိုင်မှု မဟုတ်သကဲ့သို့ စိတ်ကူးယဉ်စရာ၊ အံ့သြစရာလည်း မရှိပေ။ ထိုသို့ လေသံပစ်ပြခြင်းသည် အကြောင်းမဲ့သက်သက်တော့ ဟုတ်ဟန်မတူပေ။ နိုင်ငံရေးကစားကွက် ဖန်တီးရန် ဖြစ်သည်ကို သတိပြုရန်လို၏။
ထိုသို့ လေသံပစ်ပြခြင်းသည် အကြောင်းမဲ့သက်သက်တော့ ဟုတ်ဟန်မတူပေ။ နိုင်ငံရေးကစားကွက် ဖန်တီးရန် ဖြစ်သည်ကို သတိပြုရန်လို၏။
NUG တွင်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး မူဝါဒရှိပြီး ဖြစ်၏။ NUG ၏ ယာယီသမ္မတကလည်း နိုင်ငံအကျိုးရှေးရှုကာ စစ်ကောင်စီနှင့် မဖြစ်မနေ တွေ့ဆုံဆွေး နွေးရမည်ဆိုပါက စစ်တပ်အနေဖြင့် နိုင်ငံရေးက လုံးဝစွန့်ခွာသွားရေး အာမခံရမည့်အချက် အပါအဝင် အချက် ၅ ချက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောထားသည်။
အဆိုပါ အချက်များမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့်အတွက် ဖျက်သိမ်းပြီးဖြစ်သည်ကို လက်ခံရန်၊ ပြည်သူလူထုအပေါ် သတ်ဖြတ်မှုများအား ချက်ချင်း ရပ်ဆိုင်းရန်၊ နိုင်ငံတကာ၏ အကူအညီများအား အနှောင့်အယှက် မလုပ်ရန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတကာမှ ကြားခံအဖြစ် ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။
မြန်မာစစ်တပ်အား စိတ်ကူးမယဉ်ရန် လိုအပ်သကဲ့သို့ မြန်မာစစ်တပ်၏ နိုင်ငံရေးကစားကွက်တွင်လည်း မျောမပါသွားရန် လိုအပ်၏။
ထို့ပြင် အကြမ်းဖက်လုပ်ကို မှားယွင်းကြောင်း ကမ္ဘာသိကြေညာဖို့ လိုသည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပုံလည်း ရ၏။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မပါသော တွေ့ဆုံဆွေးနွေးရေးဟု ဆိုခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီ၏ လေသံပစ်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ်က ဂယက်ထခဲ့ကြသည့် ငြိမ်းချမ်းရေးဆရာကြီးများသည်လည်း ပြန်လည် တစခန်းထလာစရာ အကြောင်းရှိသည်။ နီပေါ အတွေ့အကြုံ၊ အင်ဒိုနီးရှား အတွေ့အကြုံ၊ တောင်အာဖရိက အတွေ့အကြုံ၊ ကိုလံဘီယာ အတွေ့အကြုံစသည့် အတွေ့အကြုံများစွာနှင့် ထပ်မံနှိုင်းယှဉ်၍ ပြောဆိုကြဦးမည် ထင်ပါသည်။
သို့ရာတွင် မြန်မာစစ်တပ်သည် စိတ်ကူးယဉ်၍ မရနိုင်သည့် စစ်တပ်သာဖြစ်သည်ဆိုသည့် မြန်မာ့အတွေ့အကြုံများကိုလည်း ဖော်ထုတ်ကြဖို့ လိုပါလိမ့်မည်။ မြန်မာစစ်တပ်အား စိတ်ကူးမယဉ်ရန် လိုအပ်သကဲ့သို့ မြန်မာစစ်တပ်၏ နိုင်ငံရေးကစားကွက်တွင်လည်း မျောမပါသွားရန် လိုအပ်၏။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော
စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော
ခုခံတော်လှန်ရေး အင်အားစုများ ခြေသွက်ချိန် စစ်ကောင်စီ လမ်းပျောက်
ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ
မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့နှင့် စစ်အင်အား