မြန်မာစစ်ကောင်စီသည် ဝင်္ကဘာအတွင်း လမ်းပျောက်နေသည်။ စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကြာသောအခါ ၎င်းတို့အုပ်ချုပ်ရေးကို လက်နက်ကိုင် ခုခံတော်လှန်မှုသည် လျော့ကျမသွားဘဲ ယခင်ထက် ပိုမိုခိုင်မာတောင့်တင်းလာသည်။ ထိုကိစ္စကို မည်သို့ဖြေရှင်းမည်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ အမြင်ကို ရှင်းလင်းစွာမသိရပေ။
စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း အားသာမှုသည် အဆုံးအဖြတ် မကျပေ။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးသည် ခုခံတော်လှန်မှုကို ငြိမ်သက်သွားအောင် မလုပ်နိုင်ပေ။ ၎င်း၏ သံတမန်ရေး လှုပ်ရှားမှုသည်လည်း အကျိုးအမြတ် အနည်းငယ်သာရသည်။ ၎င်း၏တပ်အင်အား လျော့နည်းလာနေပြီး ဘဏ္ဍာရေးစွမ်းရည်လည်း လျော့ကျနေသည်။
မြန်မာနှင့်ပတ်သက်သည့် ပြည်ပမှ ဝေဖန်သုံးသပ်မှုများသည် ဒီမိုကရက်တစ် ခုခံတော်လှန်ရေး လှုပ်ရှားမှုများကိုသာ အာရုံစိုက်ပြီး အားနည်းချက် အများအပြားကို ထောက်ပြကြသည်။ သို့သော် ကြီးမားသောမေးခွန်းတခုကို မဖြေဘဲ ထားကြသည်။ ၎င်းတို့ကိုယ်တိုင် တူးထားသည့် မိုက်တွင်းနက်မှ လွတ်မြောက်ရန် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာသည် အဘယ်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ထပ် အရေးပေါ်အခြေအနေ ထပ်မံကြေညာပြီး အနာဂတ် သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲအကြောင်း မရှင်းမလင်း ပြောသည်။ ယခုအခါ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့်သဘော ပြောသည်။ ထိုပြောဆိုချက်များကို မည်သည့်အတွက် တစုံတဦးက ယုံကြည်မည်ကို စဉ်းစားကြည့်လျှင် စိတ်ရှုပ်စရာကောင်းသည်။ ထိုသို့သောစကားများကို အကြိမ်ကြိမ် ပြောနေပြီးဖြစ်သည်။
၎င်းတို့ကိုယ်တိုင် တူးထားသည့် မိုက်တွင်းနက်မှ လွတ်မြောက်ရန် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာသည် အဘယ်နည်း
ထိုအချက်ကို ထည့်သွင်းစဉ်းစားသောအခါ စစ်ကောင်စီ၏ အဆင့်အတန်းနှင့် ဦးဆောင်မှု ပြန်လည်ရရှိအောင်၊ အထူးသဖြင့် စစ်မြေပြင်တွင် ဦးဆောင်မှု ပြန်လည်ရရှိအောင် ဖြစ်နိုင်သည့် သေနင်္ဂဗျူဟာရှိ၊ မရှိ လေ့လာသုံးသပ်သင့်သည်။
ယခုနှစ်အတွင်း စစ်ကောင်စီ ရင်ဆိုင်နေရသည့် ထင်ရှားသော စစ်ရေး ပကတိအခြေအနေများကို ဖော်ပြသင့်သည်။ ကရင်နီပြည်နယ်တွင် ကြီးမားသော စစ်ဆင်ရေးများ အကြိမ်ကြိမ် ခုခံတားဆီးခံရသည်။ ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် ပဲခူး၊ တနင်္သာရီနှင့် မကွေးဒေသများမှ ကြီးမားသော အစိတ်အပိုင်းများတွင် ကျယ်ပြန့်လာနေပြီး နေရာတိုင်းမှ ခုခံတော်လှန်ရေး လှုပ်ရှားမှုများ ပိုမိုနက်ရှိုင်း၊ ပိုမိုအတွေ့အကြုံရှိ၊ ပိုမိုကောင်းစွာ လက်နက်တပ်ဆင်၊ ပိုမိုညှိနှိုင်းဆောင်ရွက်ပြီး စစ်ကောင်စီကို ချေမှုန်းမည့် ရည်ရွယ်ချက် ပိုမိုခိုင်မာလာသည်။
မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သစ် မချုပ်ဆိုတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မည်သည့် မဟာမိတ်ကမှ NUG နှင့် လမ်းခွဲခြင်းမရှိပေ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှ အကြွင်းအကျန်များနှင့် စစ်ကောင်စီ အစည်းအဝေးများသည်ပင် မည်သည့် အပေါ်ယံ အကျိုးကျေးဇူးကိုမှ မဖြစ်စေတော့ပေ။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှ အကြွင်းအကျန်များနှင့် စစ်ကောင်စီ အစည်းအဝေးများသည်ပင် မည်သည့် အပေါ်ယံ အကျိုးကျေးဇူးကိုမှ မဖြစ်စေတော့ပေ။
ရခိုင်ပြည်နယ်ကို ပို၍ ပို၍ ထိန်းချုပ်ရန် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် စစ်တိုက်ရန် မလိုတော့ပေ။ AA အနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစနစ်များ၊ ပိုမိုခိုင်မာအောင်၊ ဆိုင်ကလုန်းကယ်ဆယ်ရေး ထောက်ပံ့ရန်၊ ပြည်နယ်အတွင်း စစ်သည် ကေဒါသစ်များ လေ့ကျင့်ပေးရန်နှင့် တနိုင်ငံလုံးမှ အခြားနေရာများတွင် စစ်ကောင်စီတပ်များ သေဆုံးနေသည်ကို လက်ပိုက်ကြည့်နေရန် သာလိုသည်။ စစ်ကောင်စီ၏ အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့လွန်းသောကြောင့် ရခိုင်မှ အင်အားများကို တနိုင်ငံလုံးမှ အင်အားနည်းနေသော တပ်များအတွက် မပို့နိုင်သလောက် ဖြစ်နေသည်။
လတ်တလောတွင် စစ်ကောင်စီသည် နိုင်ငံအပေါ်ပိုင်း ထက်ဝက် အစိတ်အပိုင်း အများအပြားသို့ အထောက်အပံ့ပို့ရန် အဝေးပြေးလမ်းများကို အသုံးမပြုနိုင်တော့သောကြောင့် ရှေးဟောင်းနည်းလမ်းဖြစ်သည့် သင်္ဘောအုပ်စုများကို သုံးနေရပြီး ထိုသင်္ဘောများသည် မြစ်ပြင်ကျယ်များတွင် လွယ်ကူသော ပစ်မှတ်များ ဖြစ်နေကြသည်။

များပြားလှသော ယာဉ်တန်းများကို ချင်းပြည်နယ်သို့ စေလွှတ်ခြင်းကို တနှစ်တာ ကြိုးစားပြီးနောက် ထိခိုက်သေဆုံးမှု များလွန်းသောကြောင့် လက်လျှော့လိုက်ရသည်။ စစ်တပ်ကို လက်နက် အဓိကထောက်ပံ့သည့် ရုရှားကို ဆုံးရှုံးပြီး စစ်မြေပြင်သို့ မည်သည့်ထူးခြားသော လက်နက်စနစ်သစ်ကိုမှ ပို့ဆောင်နိုင်ခြင်း မရှိတော့ပေ။
၎င်း၏ လက်ဝေခံ အိတ်ဆောင်တပ် ပျူစောထီးများသည်လည်း မည်သည့် ထိုးစစ်ဆင်တပ်မှ ဖြစ်မလာဘဲ လက်ဝေခံဟောင်း နယ်ခြားစောင့်တပ် (BGFs) များသည်လည်း ၎င်းတို့ဒေသမှ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန် တိုက်ခိုက်မှုများတွင်သာ ပါဝင်ကြသည်။ စစ်ကောင်စီတပ်များသည် အစုလိုက်အပြုံလိုက် သေဆုံးနေခြင်း မဟုတ်ဘဲ တနိုင်ငံလုံးတွင် မှန်မှန်ပြုလုပ်နေသည့် ခြုံခိုတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများနှင့် ဒရုန်းတိုက်ခိုက်မှုများတွင် တနေ့ပြီးတနေ့ ထိခိုက်သေဆုံးနေသည်။
စစ်ကောင်စီအတွက် စိတ်ပူစရာကောင်းသည်မှာ အဓိပ္ပာယ်ရှိသော အတိုင်းအတာဖြင့် စစ်သား မစုဆောင်းနိုင်ဖြစ်နေသလို စစ်အရာရှိ ကျောင်းများသည်လည်း အရည်အချင်းမမီသူကိုသာ လက်ခံနေရပြီး သင်တန်းသားသစ်ရရန် မျှော်လင့်ချက် ကင်းမဲ့နေသည်။
စစ်ကောင်စီအတွက် စိတ်ပူစရာကောင်းသည်မှာ အဓိပ္ပာယ်ရှိသော အတိုင်းအတာဖြင့် စစ်သား မစုဆောင်းနိုင်ဖြစ်နေသလို စစ်အရာရှိ ကျောင်းများသည်လည်း အရည်အချင်းမမီသူကိုသာ လက်ခံနေရပြီး သင်တန်းသားသစ်ရရန် မျှော်လင့်ချက် ကင်းမဲ့နေသည်။
မူဆယ်နှင့် မြဝတီမှ အဓိကကျသည့် နယ်စပ်ဂိတ်များတွင် လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ခြင်းမရှိဘဲ အိန္ဒိယသို့ စီးပွားရေးအရ မော်တော်ယာဉ်ဖြင့် သွားလာရန် မဖြစ်နိုင်တော့ပေ။ အဓိက အဝေးပြေးလမ်းများတွင် တိုက်ခိုက်မှု ပိုမိုများပြားလာပြီး ဗိုလ်ချုပ်များသည် နေပြည်တော်အနီးတွင်ပင် မိုင်းထောင်တိုက်ခိုက်ခံနေရကာ ခုခံတော်လှန်ရေးအင်အားစု စစ်ဆေးရေးစခန်းများကို ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်များတွင် ပုံမှန်တွေ့နေရသည်။
ပဲခူးတိုင်းအရှေ့ခြမ်းနှင့် မွန်ပြည်နယ်မြောက်ပိုင်းမှ တံတားများကို ခုခံတော်လှန်ရေး အင်အားစုများက စနစ်တကျ ဖောက်ခွဲနေသည်။ ထိုစနစ်တကျ နှောက်ယှက်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မဟာမိတ်တို့ ညှိနှိုင်းမှုနှင့် သေနင်္ဂဗျူဟာသည် ပျံ့နှံ့လာရန်သာ ရှိသည်။
ထို့အပြင် တပ်တွင်းညီညွတ်ရေးသည်လည်း စစ်ကောင်စီအတွက် ပိုမိုကြီးမားသော ပြဿနာဖြစ်သည်။ စစ်ကောင်စီသည် ၎င်း၏ အဆင့်မြင့် တပ်မှူးများကို သံသယရှိနေပြီး မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းမှ တိုင်းမှူးများကို အကြိမ်ကြိမ် ဖမ်းသလို တနင်္သာရီတွင် တောင်ပိုင်းမှ တိုင်းမှူးတယောက်ကိုလည်း ဖမ်းသည်။
အဓိပ္ပာယ် ကင်းမဲ့သည့် သေမင်းထောင်ချောက်ဖြစ်ကြောင်း သိသောကြောင့် ထိုးစစ်ဆင်ရေးတွင် ပါဝင်ရန် ငြင်းဆန်သည့် ထိုထက် အဆင့်နိမ့်သော စစ်မြေပြင်တပ်မှူးများကိုလည်း ကရင်နီနှင့် ကရင်ပြည်နယ်များတွင် မကြာခဏ ဖမ်းသည်။
အားလုံးခြုံပြီးပြောရပါက စစ်မြေပြင်တပ်များသည် ပိုမို စိတ်ဓာတ်ပျက်ပြားနေသည်။ ၎င်းတို့ကို သေစေလိုသော ပြည်သူများ ဝိုင်းထားခံရခြင်းသည် နောက်ဆုံးတွင် ထိခိုက်သေဆုံးမှု ဖြစ်စေသည်။ စစ်ကောင်စီအတွက် အကြီးမားဆုံး စစ်ရေးခြိမ်းခြောက်မှုမှာ တဖြည်းဖြည်း အင်အားချိနဲ့ ချေမှုန်းခံရခြင်းနှင့် နောက်ဆက်တွဲအဖြစ် အမိန့်ပေးကွင်းဆက် ထိခိုက်လာခြင်း ဖြစ်သည်။ ဘက်ပြောင်းခြင်းနှင့် တပ်ပြေးခြင်းသည် အမိန့်ပေးကွင်းဆက် ဆုံးရှုံးခြင်းလောက် ထိခိုက်နိုင်ဖွယ် မရှိပေ။
စစ်ကောင်စီတွင် သေးငယ်ပြီး ကွဲပြားခြားနားသည့် တပ်ဖွဲ့ငယ် အများအပြား ရှိနေသည်။ အန္တရာယ် များပြားလွန်းသောကြောင့် ၎င်းတို့သည် အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်း၊ ဘက်ပြောင်းခြင်း မလုပ်ကြဘဲ အမိန့်များကို တုံ့ပြန်ခြင်း ရပ်ဆိုင်းပြီး ထိုင်နေကာ အန္တရာယ်ကင်းစွာ လက်နက်ချနိုင်သည်အထိ မုန်တိုင်းတိုက်အောင် စောင့်နေကြသည်။
ဘက်ပြောင်းခြင်းနှင့် တပ်ပြေးခြင်းသည် အမိန့်ပေးကွင်းဆက် ဆုံးရှုံးခြင်းလောက် ထိခိုက်နိုင်ဖွယ် မရှိပေ။
စစ်ကောင်စီ၏ အဆင့်နိမ့်တပ်သားတဦးအမြင်မှ ကြည့်ပါက ၎င်းတို့သည် တိုက်ခိုက်ရေးတပ်များအဖြစ် လွန်စွာ ပြန့်ကျဲနေပြီး သီးခြားစီဖြစ်နေကာ များပြားလှသော ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည်။ သံချပ်ကာဖြင့် တပ်ဖွဲ့သယ်ယူပို့ဆောင်မှု မရှိဘဲ အကန့်အသတ်ရှိသည့် အားမကိုးလောက်သော လေကြောင်းအထောက်အကူသာ ရှိသည်။
ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်း မရှိသလောက်ပင်ဖြစ်ပြီး အရေးပါသည့် လက်နက်သစ်လည်း မရှိပေ။ မိသားစုနှင့် အဆက်အသွယ် အကန့်အသတ်ဖြင့်သာ သို့မဟုတ် လုံးဝမရှိသလို အလှည့်ဖြင့် တာဝန်ထမ်းဆောင်ရခြင်းလည်း မဟုတ်ပေ။ တပ်ကူရသည် ဆိုလျှင်လည်း အနည်းငယ်သာ ရသည်။ ထိုကိစ္စများသည် ၎င်းတို့အတွက် မည်သည့်အခြေအနေသို့ ဦးတည်စေသနည်း။
မင်းအောင်လှိုင် အနေဖြင့် ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ မည်သည့် ပုံမှန်အခြေအနေသို့မှ မရောက်ဘဲ လူထုထောက်ခံမှုလည်း အပြောင်းအလဲ မရှိပေ။ ထိုအချက်ကို သူသိသည်။ စစ်ကောင်စီ လုပ်နိုင်သောအရာမှာ အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းသာ ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် အထက်ပါ ဖော်ပြချက်များ မှန်ကန်ကြောင်း အားဖြည့်ပေးသည်။ စစ်ကောင်စီအတွက် စိန်ခေါ်မှုမှာ အထက်ပါကိစ္စကို မည်သို့ ဖြေရှင်းမည်နည်းဆိုသည့် စိန်ခေါ်မှု ဖြစ်သည်။
ဗမာအချက်အခြာဒေသမှ ကျယ်ပြန့်သော နယ်မြေများတဝန်းတွင် ကြီးမားသော အတိုင်းအတာရှိ ရေရှည် ပုန်ကန်မှု ဖြစ်နိုင်ခြေရှိသည်။ ထိုနေရာများမှ ပုန်ကန်မှုများသည် အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ ရေရှည်ထောက်ခံမှုရကာ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ရင်း မြန်မာတနိုင်ငံလုံးတွင် အလုံးအရင်းဖြင့် ပုန်ကန်မှုဖြစ်လာသည်ကို စစ်ကောင်စီက မည်သည့်အခါမှ လက်မခံခဲ့ပေ။ မြန်မာ၏ ကျယ်ပြန့်သော ပထဝီအနေအထားနှင့် စစ်ကောင်စီ လူအင်အားချိနဲ့လာခြင်းသည် စစ်ကောင်စီအတွက် စိန်ခေါ်မှုများ ဖြစ်သည်။
စစ်ကောင်စီတပ်များသည် ၎င်းတို့ အကောင်းဆုံးလုပ်နိုင်သောကိစ္စဖြစ်သည့် လက်နက်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် ရက်စက်ကြုမ်းကြုတ်မှု စစ်ဆင်ရေးများဖြင့် အကြီးအကျယ် နေရပ်စွန့်ခွာစေခြင်းကိုသာ ဆက်လက် လုပ်ကိုင်နေမည်ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းနိုင်သည်။
မြန်မာ၏ ကျယ်ပြန့်သော ပထဝီအနေအထားနှင့် စစ်ကောင်စီ လူအင်အားချိနဲ့လာခြင်းသည် စစ်ကောင်စီအတွက် စိန်ခေါ်မှုများ ဖြစ်သည်။
စစ်ကောင်စီ၏ စစ်ရေးသေနင်္ဂဗျူဟာဟု ခေါ်ဆိုလိုပါက ထိုစစ်ရေးသေနင်္ဂဗျူဟာမှာ ပြည်သူများကို အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဆက်လက် အကြမ်းဖက်ပြီး ပြည်သူလူထု တော်လှန်ပုန်ကန်မှုကို ဖြိုခွင်းနိုင်ရန် မျှော်လင့်ခြင်းဖြစ်သည်။ လက်နက်ကိုင် ခုခံတော်လှန်ရေးအုပ်စုများကိုမူ အတော်အတန်နှေးသော နှုန်းဖြင့် စစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်သည်။ စစ်ကောင်စီ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် ထို သေနင်္ဂဗျူဟာက မည်သည့်အတွက် လက်ရှိအခြေအနေတရပ်လုံးကို ပြောင်းလဲစေမည်ဆိုသည်မှာ သံသယဖြစ်စရာ ကောင်းသော်လည်း စစ်ကောင်စီ သိနားလည်ထားသည်မှာ ထိုနည်းလမ်းသာရှိသောကြောင့် ထိုအတိုင်းသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်မှုကြောင့် ပေးဆပ်ရသည့် လူ့အသက်နှင့်ခန္ဓာ ဆုံးရှုံးမှုကို လျှော့မတွက်သင့်ဘဲ လက်နက်ကိုင် ခုခံတော်လှန်မှု စစ်ဆင်ရေးများကို ထိခိုက်စေသော်လည်း ထိုရက်စက်ကြမ်းကြုတ်မှုများသည် သေနင်္ဂဗျူဟာအဆင့်တွင် အဆုံးအဖြတ် မကျပေ။
ကရင်ပြည်နယ်နှင့် စစ်ကိုင်းတို့ကဲ့သို့သော နိုင်ငံ၏ ကျယ်ပြန့်လှသော အစိတ်အပိုင်းများတွင် စနစ်တကျ မီးရှို့တိုက်ခိုက်မှုများ ရင်ဆိုင်နေရပြီး ကြီးမားသော နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ဖြစ်စေသော်လည်း ထိုဒေသမှ ခုခံတော်လှန်ရေးသည် မကြီးထွားဟုဆိုလျှင်ပင် တည်ငြိမ်နေသည်။ မြန်မာပြည်သူများကို ထိခိုက်စေသော လူသားချင်းစာနာမှု အကျပ်အတည်းသည် စက်ဆုပ်စရာဖြစ်သော်လည်း မညည်းမညူသော ဇွဲမှတဆင့် အောင်မြင်မှုရရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ယခုတိုင် တွန့်ဆုတ်သွားခြင်း မရှိပေ။
ခုခံတော်လှန်ရေး အင်အားစုများ ညှိနှိုင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုကို ပြည်တွင်း ပြည်ပ သုတေသီများက အမြဲတမ်း မေးခွန်းထုတ်ပြီး ဝေဖန်နေကြသော်လည်း ဆယ်စုနှစ်များစွာ အယုံအကြည်ကင်းမဲ့မှုနှင့် အယူအဆသွတ်သွင်းမှု အတိတ်ဇာတ်လမ်းများကို ထည့်သွင်း စဉ်းစားသင့်သည်။ ထိုသို့စဉ်းစားပါက ခုခံတော်လှန်ရေး အမာခံအုပ်စု (အမျိုးသားညီညွတ်ရေးအစိုးရနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ KIA, KNU, CNF နှင့် KNPP) သည် စိတ်ပျက်စရာ ကောင်းလောက်အောင် ပွင့်လင်းမှု မရှိဟု ဆိုလျှင်ပင် အသိအမှတ်ပြုရလောက်အောင် တည်ငြိမ်သည်။
ဒေသခံ PDF များသည် အချင်းချင်း အငြင်းပွားကောင်းပွားမည် ဖြစ်သော်လည်း အားလုံးလွှမ်းခြုံသည့် အောင်ပွဲမှ လမ်းကြောင်းလွဲသွားခြင်း မရှိပေ။ ထိုအောင်ပွဲမှာ စစ်ကောင်စီ ထိုးစစ်တပ်များကို အဆင့်နိမ့်ကျသွားစေရန် ၎င်းတို့၏ စွမ်းရည်များကို တည်ဆောက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့ ပေါ်ပေါက်လာသောအခါ လူရာပေါင်းများစွာအထိ ပါသော စစ်ကောင်စီတပ်များသည် PDFs များနှင့် အမြဲလိုလို အသေအကြေ တိုက်လာရသည်။
ဒေသခံ PDF များသည် အချင်းချင်း အငြင်းပွားကောင်းပွားမည် ဖြစ်သော်လည်း အားလုံးလွှမ်းခြုံသည့် အောင်ပွဲမှ လမ်းကြောင်းလွဲသွားခြင်း မရှိပေ။
လွန်ခဲ့သော တနှစ်၊ နှစ်နှစ်က စစ်ကောင်စီတပ်သည် လူ ၂၀ ခန့်ဖြင့် ကျေးရွာများကို ဒါဇင်ချီ မီးရှို့ပြီး တွန်းလှန်မှု အနည်းငယ်သာ ရင်ဆိုင်ရသော အခြေအနေနှင့် ယခုအချိန်သည် ဆန့်ကျင်ဘက် ဖြစ်နေသည်။ စစ်ကောင်စီ၏ လွန်စွာရိုးရှင်းသော တွက်ချက်မှုအရ နိုင်ငံအစိတ်အပိုင်း အတော်များများတွင် အရေးပေါ်အခြေအနေက လိုအပ်သည်ဟု အသိအမှတ်ပြုသည့်အတိုင်း တပ်ဖွဲ့များချထားရန် လိုသည်။
ယခုနှစ် မတ်လနှောင်းပိုင်းတွင် မင်းအောင်လှိုင်က လွန်စွာဆိုးရွားသည့် မိန့်ခွန်းတခုတွင် စစ်ကောင်စီသည် မြို့နယ်ပေါင်း ၁၃၀ ကို မထိန်းချုပ်နိုင်တော့ကြောင်း ဝန်ခံရသည်။ စစ်ကောင်စီသည် ထိုထက်ပိုပြီး ထိထိရောက်ရောက် မထိန်းချုပ်နိုင်သည့်ကိစ္စများလည်း ရှိသည်ဟု ယူဆနိုင်သည်။ စစ်ကောင်စီတပ်များသည် ၎င်းတို့စခန်းပြင်ပ အနီးနားသို့ သွားလျှင် တိုက်ခိုက်ရမည် ဖြစ်သည်။ စစ်ကောင်စီက ဒေသတခုကို တက်တက်ကြွကြွ မကာကွယ်နိုင်လျှင် ထိုနေရာကို လက်လွှတ် ဆုံးရှုံးရမည်ဖြစ်သည်။
စစ်ကောင်စီသည် မြို့များကို ထိန်းချုပ်ထားကောင်း ထိန်းချုပ်ထားနိုင်မည် ဖြစ်သော်လည်း စစ်တန်းလျားများ၊ ရဲစခန်းများနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးများကိုသာ ထိန်းချုပ်နိုင်သည်ဟုသာ ပို၍ပို၍ အဓိပ္ပာယ် သက်ရောက်လာနေသည်။ စစ်ကောင်စီသည် ကျေးရွာများကို မီရှို့ရန် အထိနာနေသောတပ်များကို စေလွှတ်စရာ မလိုစေရန် ထိုနေရာများမှတဆင့် ကျေးရွာများကို အမြောက်များဖြင့် ပစ်ခတ်နေသည်။
ထိုအခြေအနေကို စဉ်းစားသုံးသပ်ပြီးနောက် စစ်ကောင်စီသည် နိုင်ငံတွင်းမှ ဆိုးရွားလာနေသော စစ်ရေးအခြေအနေကို မှေးမှိန်စေရန် နိုင်ငံတကာ သံတမန်ရေး စစ်မျက်နှာကို ပိုမိုအလေးထားရမည်ဟု မျှော်လင့်နေသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည်ဟု ဆိုခြင်း၊ သူ၏ ထောင်ဒဏ်အချို့ကို စစ်ကောင်စီက ပယ်ဖျက်ပေးခြင်းနှင့် ထောင်အစား နေအိမ်တခုသို့ ပြောင်းရွှေ့ပေးခြင်းတို့သည် သံတမန်နှင့် မီဒီယာလောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေသည်။
လာအိုနိုင်ငံက မကြာမီတွင် အာဆီယံဥက္ကဋ္ဌရာထူးကို ရယူတော့မည့် အခြေအနေနှင့်အတူ စစ်ကောင်စီနှင့် သံတမန်ရေး ထိတွေ့ဆက်ဆံမှု များလာမည်ဟု မျှော်လင့်ရသည်။ စစ်ကောင်စီသည် ၎င်းတို့ချဉ်းကပ်ပုံ ပျော့ပျောင်းလာသည်ဆိုသည့် မှားယွင်းသောအမြင်ကို ဖန်တီးရန် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမို အသုံးပြုလာမည် ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ချဉ်းကပ်ပုံ ပျော့ပျောင်းလာသည်ဆိုသည့် မှားယွင်းသောအမြင်ကို ဖန်တီးရန် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမို အသုံးပြုလာမည် ဖြစ်သည်။
ထိုကျိုးကြောင်း ဆီလျော်မှုကင်းမဲ့သည့် စစ်မျက်နှာသည် မြင်နိုင်၊ ရေးသားနိုင်သောကြောင့် မဆုံးနိုင်သော သုံးသပ်ချက်များ ရရှိမည်ဖြစ်သည်။ သို့သော် မြေပြင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာ၏ အနှစ်သာရ ပြောင်းလဲမည် မဟုတ်ပေ။ မြေပြင်တွင်ဖြစ်ပျက်နေသည့် အနှစ်သာရမှာ ပြည်သူသန်း ဆယ်ပေါင်းများစွာက စစ်တပ်ကို ခါးခါးသီးသီး ဖယ်ရှားလိုခြင်း ဖြစ်သည်။
ယခုတော်လှန်ရေးကို ပါတီတခုက စတင်ခဲ့ခြင်းမဟုတ်သလို လူတဦးက စတင်ခဲ့ခြင်း ပို၍ပင် မဖြစ်နိုင်ပေ။ လူမှုအသိုက်အဝန်း ထောင်ပေါင်းများစွာက လက်နက်စွဲကိုင်ရန် ရွေးချယ်လိုက်သောကြောင့် တနိုင်ငံလုံးတွင် တော်လှန်ရေး ဖြစ်ပွားနေခြင်း ဖြစ်သည်။ ၁၉၆၂၊ ၁၉၈၈ တို့နှင့် နှိုင်းယှဉ်လျှင် ထိုအချက်သည် ပကတိအခြေအနေဖြစ်ပြီး လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ မြန်မာ့စစ်ပွဲသည် မြေပြင်တွင် အနိုင်ရနိုင်သလို ရှုံးလည်းရှုံးနိုင်သည်။
မည်သို့ဆိုစေ သံတမန်ရေး နယ်ပယ်တွင်ပင် စစ်ကောင်စီသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ဒေသတွင်း အိမ်နီးချင်းများ၏ ထောက်ခံမှုကို ချဲ့ကားပြောဆိုနေသည့်တိုင် ကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ပေ။
စစ်ကောင်စီကို များပြားလှသော စစ်လက်နက်ပစ္စည်းများဖြင့် ကျားကန်ပေးရန်၊ အရေးယူပိတ်ဆို့မှုများ အကြီးအကျယ် ကူညီ ချိုးဖောက်ပေးရန်နှင့် စစ်ကောင်စီ ရှုံးနိမ့်နေသည့် ပဋိပက္ခကို သေနင်္ဂဗျူဟာလမ်းကြောင်း အခြေခံကျကျ ပြောင်းသွားလောက်အောင် ရင်းနှီးမြှုပ်နှံရန် မည်သူမှ လုပ်မည် မဟုတ်ပေ။ စစ်ကောင်စီနှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုသည် ငွေပေးငွေယူမျှသာဖြစ်ပြီး စစ်ကောင်စီတွင် ကမ်းလှမ်းစရာ ပို၍ပို၍ နည်းလာနေသည်။
စစ်ကောင်စီအရာရှိများကို အာဆီယံအစည်းအဝေးများ တက်ခွင့်ပေးခြင်းသည် ကျင့်ဝတ်အရ ဝမ်းနည်းဖွယ် ဖြစ်သော်လည်း မည်သည့်အရာကိုမှ ပြောင်းလဲသွားစေခြင်း မရှိပေ။ Track 1.5 ဆွေးနွေးပွဲများသည် တက်ရောက်လာသူများက သူတို့ဘာသာ ကျေနပ်သွားရန်ကလွဲပြီး အခြားမည်သည်ကိုမှ မဖြစ်စေပေ။
Track 1.5 ဆွေးနွေးပွဲများသည် တက်ရောက်လာသူများက သူတို့ဘာသာ ကျေနပ်သွားရန်ကလွဲပြီး အခြားမည်သည်ကိုမှ မဖြစ်စေပေ။
အိမ်နီးချင်းကို ကမ်းလှမ်းစရာ မရှိသလောက်ပင် ဖြစ်ကြောင်း စစ်ကောင်စီက ပိုမိုပြသလာနေသည်။ ၎င်းသည် နယ်ခြားစောင့်တပ် BGF ရာဇဝတ်မှု အချက်အခြာနေရာ (ရွှေကုက္ကို) ကို မထိန်းချုပ်နိုင်ပေ။ ဒုက္ခသည်များ ထွက်ပြေးနေသည်ကို မတားဆီးနိုင်တော့သည့်အပြင် ပိုမိုထွက်ပြေးအောင်ပင် လုပ်ဆောင်နေသည်။
မူးယစ်ကုန်သွယ်မှုသည် ဆတိုး တိုးနေသည်။ ၎င်း၏ စီးပွားရေး စီမံခန့်ခွဲမှုသည် စစ်ကောင်စီ ထောက်ခံသူများအတွက်ပင် ညံ့ဖျင်းလှသည်။ အမေရိကန် ပြည်ထောင်စုက နောက်ဆုံး ချမှတ်လိုက်သော အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီသည် နိုင်ငံခြားစီးပွားဖက်များနှင့် ထိထိရောက်ရောက် မဆက်ဆံတော့ပေ။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုသာမက လက်ရှိ ထိတွေ့ဆက်ဆံမှုများသည်ပင် အကြီးအကျယ် ခက်ခဲသွားစေပြီး ယခုထက်ပိုမို ဆွဲဆောင်မှုကင်းမဲ့စရာ မရှိတော့ပေ။ အာဆီယံသည် မည်သည့် အောင်မြင်မှုမှ မရခဲ့ပေ။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်တွင် မည်သည့်အချက်များပါကြောင်း မေ့နေကြပေပြီ။
သံတမန်ရေးစင်မြင့်ကို လိုသလိုသုံးပြီး ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်မည်ဆိုသည်မှအပ စစ်ကောင်စီ မည်သို့ ဆက်လုပ်မည်ကို ရှင်းလင်းစွာ မသိရပေ။
ခုခံတော်လှန်ရေး အင်အားစုက ရှေ့ဆက်လုပ်မည့်ကိစ္စများသည် များစွာ ပိုမို ရှင်းလင်းလှသည်။ ယခုလုပ်နေသည့် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်မည် ဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုအတွက် အကောင်းဆုံးဖြစ်နေသည့် ကိစ္စမှာ စစ်ဖြစ်နေသည်မှာ နှစ်နှစ်ခွဲ ကြာသည့်တိုင် ပြည်သူလူထုက စစ်ကောင်စီသည် စက်ဆုပ်စရာ ကောင်းသည့် ပြည်ပကျူးကျော်တပ်မှလွဲပြီး ဘာမှ မဟုတ်ဟု မြင်နေကြခြင်း ဖြစ်သည်။ ပြည်သူလူထုအမြင်သည် စစ်ကောင်စီအလိုကျ ပြောင်းလဲခြင်းမရှိဘဲ အပြစ်မဲ့သွေးများ အလွန်အကျွံ စွန်းထင်းခဲ့ပြီး ဖြစ်သည်။
အကြီးမားဆုံး လိုအပ်ချက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများထံ လူသားချင်းစာနာမှု အကူအညီများ ပို၍ပို၍ ပေးပို့ပြီး အပြင်းအထန် ထိခိုက်နေသည့် လူမှုအသိုက်အဝန်းများ ခံနိုင်ရည်ကို ကျားကန်ပေးရန်သာ ဖြစ်သည်။ ပြည်သူလူထု၏ စိတ်ဓာတ်ကို ထိန်းသိမ်းထားပေးပြီး တော်လှန်ရေးကို ထောက်ပံ့ခြင်း၊ ခုခံတော်လှန်ရေး အမာခံအင်အားစု၏ ညီညွတ်ရေးကို နက်ရှိုင်းစေခြင်းတို့သည် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုအတွက် အခြား မောင်းနှင်ပေးသည့် တွန်းအားဖြစ်သည်။
အမိန့်ပေးကွင်းဆက် တိုးချဲ့ခြင်း၊ ဒေသဆိုင်ရာ လူမှုဝန်ဆောင်မှုများကို ကျားကန်ပေးခြင်းနှင့် ကြီးထွားလာနေသည့် ဒေသအုပ်ချုပ်ရေးတို့သည် လက်ရှိ မြင်တွေ့နေရသည့် ရှင်းလင်းသော ဦးစားပေးများ ဖြစ်သည်။ အဝေးရောက် မြန်မာများနှင့် နည်းလမ်းတကျ ဆက်ဆံရေးသည် ဘဏ္ဍာငွေ ရရှိရေးအတွက် အရေးပါသည်။ အလွတ်သဘော ထောက်ခံနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရေးသည်လည်း စစ်ကောင်စီကို ပိုမိုသွေးထွက်သံယို ဖြစ်စေရေးအတွက် အရေးကြီးသည်။
ခုခံတော်လှန်ရေး အင်အားစုကို အပြစ်ရှာရန်၊ ထောင်နှင့်ချီသည့် နည်းလမ်းများဖြင့် အရေးမပါသည့် အပြစ်များရှာရန်နှင့် ထိုအပြစ်များကြောင့် တော်လှန်ရေးရှုံးနိမ့်မည်ဟု ပြောရန်လွယ်ကူသည်။
ခုခံတော်လှန်ရေး အင်အားစုကို အပြစ်ရှာရန်၊ ထောင်နှင့်ချီသည့် နည်းလမ်းများဖြင့် အရေးမပါသည့် အပြစ်များရှာရန်နှင့် ထိုအပြစ်များကြောင့် တော်လှန်ရေးရှုံးနိမ့်မည်ဟု ပြောရန်လွယ်ကူသည်။
မြန်မာ့တော်လှန်ရေးသည် မြန်မာ့တော်လှန်ရေးသာ ဖြစ်သည်။ ကနဦးတွင် ဒေသကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းသည့် ကျယ်ပြန့်သော အောက်ခြေမှ အထက်သို့သွားသည့် တော်လှန်ရေးသည် ဖက်ဒရယ် ဒီမိုကရေစီပေါ်တွင် တည်ဆောက်ထားသည့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဘုံသဘောတူညီမှုကို အခြေခံပြီး တနိုင်ငံလုံး အုံကြွမှုအဖြစ် ကျယ်ပြန့်လာသည်။ ပိုမိုညှိနှိုင်းဆောင်ရွက်ခြင်း၊ ပိုမို ဆက်သွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကြောင်း ပိုမို ရှင်းလင်းခြင်း၊ ပိုမိုအားလုံး အကျုံးဝင်ခြင်းနှင့် ပိုမိုများပြား ကောင်းမွန်သော အရာရာသည် အံ့သြစရာကောင်းမည်မှာ မှန်ကန်သည်။
သို့သော် ထိုအပြစ်အနာအဆာများသည် ပိုမိုကျယ်ပြန့်သည် ရုပ်ပုံလွှာကို တန်ဖိုးလျော့ကျစေခြင်း မရှိပေ။ ကမ္ဘာတဝန်းကို ကြည့်ပါ။ တရားမျှတသောအရေးအတွက် တိုက်ပွဲဝင်နေသော လူမှုလှုပ်ရှားတွင် မြန်မာထက် ရှင်းလင်းပြတ်သားသော ဥပမာ မရှိတော့ပေ။ ထို့အပြင် ဝေဖန်သူများက မည်သို့ပြောသည်ဖြစ်စေ အကြမ်းဖျဉ်း အချက်အလက်ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခုခံတော်လှန်ရေးသည် စစ်ရေးအရ ချေမှုန်ခြင်း ခံမနေရဘဲ စစ်တပ်က မြန်မာပြည်သူများအပေါ်ကျူးလွန်သော စက်ဆုပ်စရာ ရက်စက်ကြမ်းကြုတ်မှုများအကြားမှ တွန့်ဆုတ်သည့် လက္ခဏာမရှိ ဆိုသည့်အချက်သည် ဆက်လက်ရှိနေသည်။
စစ်ကောင်စီ ရှုံးနေသည်။ အခြေအနေများ ယခုအတိုင်း ဆက်ရှိနေလျှင် စစ်ကောင်စီ ရှုံးမည်။ စစ်ကောင်စီ၏ အဆက်မပြတ် ရက်စက်ကြမ်းကြုတ်မှုသည် ၎င်းတို့မည်သို့ ငြှိမ်းသတ်ရမည်ကို မသိသည့် မီးကိုမွှေးလိုက်သည်။ ထိုအချက်သည် ပြောင်းလဲမည်မဟုတ်ပေ။
နောက်တကြိမ် အာဏာသိမ်းခြင်းနှင့် နောက်ပိုင်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်းဆိုသည့် မောက်မာမှုမှတဆင့် စစ်ကောင်စီသည် ခုခံတော်လှန်ရေး မဟာမီးတောက်မီးလျှံများကို ဖန်တီးလိုက်သည်။ ပိုမိုများပြားသော ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ပွဲကို စစ်ကောင်စီ အလိုကျသည့်ဘက်သို့ ပြောင်းလာစေမည် မဟုတ်ပါ။
ဒီမိုကရက်တစ် ခုခံတော်လှန်မှုသည် စစ်ကောင်စီကို ၎င်းတို့ကိုယ်တိုင် အပြီးအပိုင်ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားသော ပြည်သူလူထု၏ အမျိုးသားအုံကြွမှု ဖြစ်သောကြောင့် အောင်မြင်ရန် အလားအလာရှိပြီး အင်အားကြီးထွားလာနေသည်။ ဆက်လက်ပြီး ထိုအတိုင်းဖြစ်နေမည် ဖြစ်သည်။
ဒီမိုကရက်တစ် ခုခံတော်လှန်မှုသည် စစ်ကောင်စီကို ၎င်းတို့ကိုယ်တိုင် အပြီးအပိုင်ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားသော ပြည်သူလူထု၏ အမျိုးသားအုံကြွမှု ဖြစ်သောကြောင့် အောင်မြင်ရန် အလားအလာရှိပြီး အင်အားကြီးထွားလာနေသည်။
ယခု အခြေအနေများအတိုင်း ဆက်လက်ဖြစ်နေလျှင် မြန်မာ့လက်ရှိ စစ်ကောင်စီသည် နေပြည်တော် မဟာတိုက်ပွဲကြီးတွင် ချေမှုန်းခံရမည် မဟုတ်ပေ။ နောက်ဆုံးတွင် နေပြည်တော်သည်ပင် အရေး မပါတော့ပေ။ စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် သွေးထွက်လွန်ပြီး တပ်ဖွဲ့တခုအဖြစ်မှ ပြိုကွဲကာ အစိုးရသစ် ပေါ်ပေါက်လာမည် ဖြစ်သည်။
ပဋိပက္ခအလွန် ငြိမ်းချမ်းရေးသည် နေရာအများအပြားတွင် ရှုပ်ထွေးမည်ဖြစ်သည်။ အနည်းဆုံး နိုင်ငံတကာ အသိုက်အဝန်းတွင် ရှုပ်ထွေးနေမည် ဖြစ်သော်လည်း ဆီးရီးယားကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ ယခု တော်လှန်ရေး၏ နိဒါန်းနှင့် နိဂုံးဖြစ်သော မြန်မာပြည်သူများအကြား လူမှုစိတ်စေတနာကောင်းများနှင့် သွေးစည်းညီညွတ်မှု အများအပြား ရှိပြီးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Matthew B. Arnold ၏ Myanmar Resistance’s Next Steps are Clear; It’s the Junta’s that Aren’t ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ပြည်တွင်းစစ်တွင် တံတားများကို ပစ်မှတ်ထားလာခြင်း
အချိန်တိုအတွင်း အင်အား ကြီးထွားလာသည့် KNDF
ကွတ်ခိုင်၌ စစ်ကောင်စီတပ်ကို KIA တိုက်
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ