တောင်နှင့် အရှေ့တောင်အာရှမှ ပြည်သူသန်းပေါင်းများစွာသည် ဧပြီလ ၂၅ ရက်နေ့က ထူးထူးခြားခြား ပူလောင်သည့် ရာသီဥတုတွင် ပူလောင်အိုက်စပ်နေကြပြီး ယခုနှစ်တွင် လူ ၃၀ ဦး အပူဒဏ်ကြောင့် သေဆုံးပြီးဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာသည်။
ထူးထူးခြားခြား ပူလောင်သော အပူလှိုင်းသည် ယခုအပတ်အတွင်း ဒေသတွင်းတွင် ဖြစ်ပေါ်ပြီး ဖိလစ်ပိုင်နိုင်ငံတဝန်းမှ ကျောင်းထောင်ပေါင်းများစွာတွင် လူကိုယ်တိုင် ကျောင်းတက်သည့် စာသင်ခန်းများကို ဆိုင်းငံ့လိုက်ရသည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဗျူရိုက လာမည့်ရက်များတွင် အပူလှိုင်းများကို အရှေ့ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များတွင် မျှော်လင့်ရကြောင်း ကြေညာထားစဉ် အိန္ဒိယအစိုးရ ဝန်ကြီးတဦး ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းပြောစဉ် အပူဒဏ်ကြောင့် သတိလစ်သွားသည်။
တောင်တန်းထူသည့် နီပေါနိုင်ငံတွင်ပင် တောင်ပိုင်းလွင်ပြင်များ၌ အပူချိန် မြင့်မားလာသောကြောင့် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ပြီး ဆေးရုံများကိုလည်း ဧပြီလ ၂၅ ရက်နေ့တွင် နှိုးဆော်ထားရသည်။
ရာသီဥတုပြောင်းလဲမှုသည် အပူလှိုင်းများကို ပိုမိုရှည်ကြာ၊ ပိုမိုများပြား၊ ပိုမိုပြင်းထန်စေကြောင်း သိပ္ပံသုတေသနက ဖော်ပြသည်။
အာရှသည် ၂၀၂၃ ခုနှစ်တွင် ရာသီဥတု ဘေးအန္တရာယ်များကြောင့် အထိခိုက်ဆုံးဒေသဖြစ်ကြောင်း၊ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းများသည် ထိခိုက်သေဆုံးမှုများနှင့် စီးပွားရေး ဆုံးရှုံးမှုများ၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ကုလသမဂ္ဂက ယခုအပတ်တွင် ကြေညာသည်။
အပူချိန်အညွှန်းကိန်းသည် ၅၂ ဒီဂရီ ဆဲလ်စီးယပ်အထက်အထိ တက်မည်ဟု မျှော်လင့်ရသောကြောင့် ဘန်ကောက်မှ မြို့တော်အာဏာပိုင်များက အလွန်ပြင်းထန်သည့် အပူသတိပေးချက် ထုတ်ပြန်ထားသည်။
ကွန်ကရစ် အဆောက်အအုံ အလွန်များသည့် ထိုင်းနိုင်ငံမြို့တော်တွင် ဧပြီလ ၂၄ ရက်နေ့က အပူချိန် ၄၀ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်မားသည်။
စိုထိုင်းမှု၊ လေတိုက်နှုန်းနှင့် အခြားအချက်များကိုပါ ထည့်သွင်းစဉ်းစားသည့် ထိုအပူချိန်အညွှန်းကိန်းသည် ဘန်ကောက်တွင် အလွန်အန္တရာယ်များသည့် အခြေအနေတွင် ရှိနေသည်ဟု မြို့တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက သတိပေးထားသည်။
အန္တရာယ်ဇုန်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်ဒေသ ဥဒုန်ဌာနီပြည်နယ် အာဏာပိုင်များကလည်း ဧပြီလ ၂၅ ရက်နေ့တွင် ပြင်းထန်သော အပူချိန်ကို သတိပေးခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အတွင်း အပူဒဏ်ကြောင့် လူ ၃၀ ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်နေ့ နှောင်းပိုင်းတွင် ကြေညာပြီး ၂၀၂၃ ခုနှစ် တနှစ်လုံးတွင် အပူဒဏ်ကြောင့် သေဆုံးသူ ၃၇ ဦးသာရှိသည်။
အသက်အရွယ်ကြီးရင့်သူများနှင့် အဝလွန်ခြင်း အပါအဝင် ကျန်းမာရေးမကောင်းသူများ အိမ်အတွင်းတွင်သာ နေထိုင်ရန်နှင့် ရေများများသောက်ရန် အရာရှိများ တိုက်တွန်းနေကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန ဒုညွန်ချုပ် ဒေါက်တာ ဒီရက် ခမ်ပင်းက AFP သတင်းဌာနသို့ ပြောသည်။
မနီလာ အပါအဝင် မြို့ကြီးများနှင့် မြူနီစပါယ်ဒေသ ၃၈ ခုမှ အပူချိန်အညွှန်းကိန်းသည် ဧပြီလ ၂၅ ရက်နေ့တွင် အန္တရာယ်ဇုန်အတွင်း ကျရောက်ပြီး ၄၂ မှ ၅၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ခံစားရသည်ဟု ဖိလစ်ပိုင် နိုင်ငံတော် မိုးလေဝသဌာနက ကြေညာသည်။

“အဲဒီလိုအခြေအနေတွေမှာ အပူဒဏ်ကြောင့် ကြွက်တက်တာတို့၊ အပူရှပ်တာတို့ ဖြစ်နိုင်တယ်” ဟု အထက်ပါ ဌာနကပြောကြားပြီး အပူဒဏ်နှင့် ဆက်လက် ထိတွေ့ရနိုင်သည်ဟု ကြေညာသည်။
အိန္ဒိယနိုင်ငံ လမ်းဝန်ကြီး မစ္စတာ နီတင် ဂက်ဒ်ကာရီသည် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အစိုးရ ပြန်လည် ရွေးကောက်ပွဲနိုင်ရေးအတွက် မဲဆွယ်ရင်း ဧပြီလ ၂၄ ရက်နေ့တွင် မိန့်ခွန်းပြောနေစဉ် သတိလစ်သွားခဲ့သည်။
“လူထုစည်းဝေးပွဲအတွင်း အပူဒဏ်ကြောင့် နေရထိုင်ရခက်လာတယ်” ဟု ဂက်ဒ်ကာရီက လူမှုကွန်ရက် X တွင် ရေးသားပြီး သူပြန်လည် ကျန်းမာလာကြောင်းနှင့် ဆက်လက် မဲဆွယ်မည်ဖြစ်ကြောင်းလည်း ရေးသားသည်။
အိန္ဒိယနိုင်ငံသည် သီတင်း ခြောက်ပတ်ကြာမည့် ရှည်လျားသော ရွေးကောက်ပွဲကာလဖြစ်ပြီး တနိုင်ငံလုံးတွင် ကြီးမားသော ပြင်ပလူထုစည်းဝေးပွဲများ ကျင်းပနေသည်။
ပြည်သူများ ဆက်လက်မဲပေးနိုင်စေရန် သက်သာစေမည့် အစီအမံများကို ရည်မှန်းပြီး မဲပေးကာလ တခုစီ မတိုင်မီ အပူလှိုင်းနှင့် စိုထိုင်းစ သက်ရောက်မှုများကို သုံးသပ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်က ယခုအပတ်တွင် ပြောသည်။
နီပေါဆေးရုံ နှိုးဆော်မှု
နီပေါနိုင်ငံ တောင်ပိုင်းပြည်နယ် နှစ်ခုတွင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ် အထက်သို့ တက်မည်ဟု ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်ထားရန် အစိုးရက အရာရှိများကို ညွှန်ကြားထားသည်။
“နိုးနိုးကြားကြားနေဖို့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားထားပြီး ပိုမိုများပြားတဲ့ လူနာတွေအတွက် ဝန်ဆောင်မှုပေးဖို့ အသင့်ပြင်ဖို့ ဆေးရုံတွေကို ပြောထားတယ်” ဟု ကျန်းမာရေးနှင့် လူဦးရေ ဝန်ကြီးဌာန အတွင်းဝန်တဦးဖြစ်သူ ရိုရှန် ပိုခရယ်က AFP သို့ ပြောသည်။
တောမီးလောင်သည့် အကြိမ်ရေ မြင့်တက်လာကြောင်း တောင်ပိုင်း လုမ္ဗနီပြည်နယ် အရာရှိတဦးဖြစ်သူ မစ္စတာ ခရစ်သျှနား ကူးမား ဂုပ္ပတားက ပြောသည်။
“မနေ့ကတုန်းက အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်ပြီး လူတွေ စတင် နာမကျန်း ဖြစ်တယ်။ ဝမ်းလျှောဝမ်းပျက်၊ ရေဓာတ်ဆုံးရှုံး၊ ခေါင်းကိုက်တာတွေအတွက် သတင်းပေးပို့မှုတွေ ကျနော်တို့ ရရှိနေတယ်” ဟု ၎င်းက ပြောသည်။

ဧပြီလသည် ထိုင်းနိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများတွင် ထုံးစံအားဖြင့် အပူဆုံးကာလ ဖြစ်သော်လည်း ယခုနှစ်အခြေအနေသည် အယ်လ်နီညိုရာသီဥတု ပုံစံကြောင့် ပိုမိုဆိုးရွားစေသည်။
လွန်ခဲ့သောနှစ်အတွင်း ကမ္ဘာတဝန်းတွင် အပူချိန် မထိန်းချုပ်နိုင်မှုများ စံချိန်တင်ဖြစ်ပွားခဲ့ပြီး အာရှသည် အထူးမြန်ဆန်သောနှုန်းဖြင့် ပူနွေးလာကြောင်း ကုလသမဂ္ဂ မိုလေဝသ အေဂျင်စီက ပြောသည်။
ထိုင်းနိုင်ငံသည် ယခုအပတ် အပူလှိုင်းအတွင်း ပူအိုက်နေပြီး ဧပြီလ ၂၂ ရက်နေ့က မြောက်ပိုင်းပြည်နယ် လမ်ပန်တွင် အပူချိန် ၄၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ရှိပြီး လွန်ခဲ့သောနှစ်က တနိုင်ငံလုံးစံချိန်တင် အပူချိန် ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်ရောက်ရန် အနည်းငယ်သာ လိုတော့သည်။
နယ်စပ်တဖက် မြန်မာတွင် ဧပြီလ ၂၄ ရက်နေ့က အပူချိန် ၄၅ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်အထိ ရောက်ပြီး ဧပြီလ ၂၄ ရက်နေ့တွင်လည်း အလားတူပင်ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ဖရိုဖရဲအခြေအနေများနှင့် ပဋိပက္ခများသည် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်စေပြီး ပြည်သူများအနေဖြင့် ပန်ကာများ၊ လေအေးပေးစက်များ အသုံးမပြုနိုင်ဘဲ ဖြစ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Heatstroke Kills 30 in Thailand This Year as Southeast Asia Bakes ကို ဘာသာပြန်သည်။)
You may also like these stories:
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်
အိန္ဒိယမှာ မိုးခေါင်လို့ လက်ထပ်ပေးခဲ့တဲ့ ဖား ၂ ကောင်အား ပြန်လည် ကွာရှင်းပေးမည်
ဂျပန်မှာ အပူလှိုင်းဖြတ်မှုကြောင့် လူ ၁၁ဦး သေဆုံးပြီး ထောင်နဲ့ချီ ဆေးရုံရောက်နေ
နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်