ကမ္ဘာတဝန်း အပူချိန်အမြင့်ဆုံးထဲ ပါနေတဲ့ မြန်မာနိုင်ငံမှာ “ရာသီဥတု ပူတယ်၊ ဂရုစိုက်နော်” ဆိုတဲ့ စကားစုဟာ ယခုနှစ် နွေရာသီအတွင်း တဦးနဲ့တဦး နှုတ်ဆက်ရာမှာ မဖြစ်မနေ ပါဝင်လာနေပါတယ်။ ဧပြီလမှာ တနိုင်ငံလုံးက မြို့နယ် တဒါဇင်ကျော် (၁၃ မြို့) မှာ အပူချိန် စံချိန်တင် မြင့်တက်တာကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအရ သိရပါတယ်။
မကွေးတိုင်း၊ ချောက်မြို့က အပူဆုံးမြို့ထဲ ပါဝင်ခဲ့ပြီး ဧပြီလနှောင်းပိုင်းမှာ အပူချိန် ၄၈ ဒသမ ၂ ဒီဂရီအထိ မြင့်တက်ခဲ့တယ်လို့ ဆိုတယ်။ ဒေသခံတွေက အပူလှိုင်းဒဏ် ပိုမိုခံစားရပြီး အညာဒေသက စစ်ဘေးရှောင်တွေက တသက်တာမှာ အပူဆုံးနေ့ရက်တွေကို အံတု ဖြတ်သန်း နေကြရတာကို ပြောပြကြပါတယ်။
အပူရှိန်ကြောင့် ရေတွင်းရေကန်တွေ ခန်းခြောက်မှုကို နွေရာသီကာလတိုင်းမှာ ကြုံနေရတာ အနည်းဆုံး ဆယ်စုနှစ် သုံးခုနီးပါး ရှိနေတာပါ။ မြန်မာနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်း ၂၀ နီးပါးမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ဆုံးရှုံးမှုတွေထဲ ဒုတိယ အဆိုးဆုံး ကြုံခဲ့ရတဲ့နိုင်ငံ ဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုအန္တရာယ် အညွှန်းကိန်း (Climate Change Risk Index) မှာ ဖော်ပြထားပါတယ်။
အဲဒီနောက်ပိုင်း လေ့လာချက်အသစ် မထွက်ရှိသေးတာကြောင့် သုတေသနထဲ မပါဝင်သေးပေမယ့် လက်ရှိမှာ အပူလှိုင်းဒဏ် အခံရဆုံးထဲမှာ မြန်မာက ထိပ်ဆုံးက ရှိနေပြန်ပါတယ်။ ကမ္ဘာ့မိုးဇလအဖွဲ့ (World Meteorological Organization) ကလည်း အာရှဒေသဟာ ကမ္ဘာကြီး ပူနွေးလာမှုကို အဆိုးဆုံးခံနေရတဲ့ ဒေသလို့ ယမန်နှစ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။
ဥတုရာသီ ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် နွေမှာ အပူလွန်ကဲမှုဒဏ်၊ မိုးဦးမှာ နာဂစ်နဲ့ မိုခါလို ပြင်းအားကြီး မုန်တိုင်းဒဏ်၊ ရေကြီးရေလျှံတာနဲ့ မြေပြိုတာ၊ ကမ်းပါးပြိုတာတွေကို မြန်မာနိုင်ငံ ပြည်သူအများ ခံစားလာကြရတာ ဆယ်စုနှစ်ချီပါပြီ။
ဥတုရာသီ ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် နွေမှာ အပူလွန်ကဲမှုဒဏ်၊ မိုးဦးမှာ နာဂစ်နဲ့ မိုခါလို ပြင်းအားကြီး မုန်တိုင်းဒဏ်၊ ရေကြီးရေလျှံတာနဲ့ မြေပြိုတာ၊ ကမ်းပါးပြိုတာတွေကို မြန်မာနိုင်ငံ ပြည်သူအများ ခံစားလာကြရတာ ဆယ်စုနှစ်ချီပါပြီ။
ယခုရက်ပိုင်းအတွင်း အပူဒဏ် လျော့နည်းသက်သာဖို့ “သစ်ပင်စိုက်ကြပါ” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတွေ Facebook လူမှုကွန်ရက်မှာပါ ရေပန်းစားနေပြီး ဆွေးနွေးဖြန့်ချိမှုတွေကို မြင်လာရပါတယ်။
ဒါ့အပြင် ဘယ်အပင်အမျိုးအစားက အပူဒဏ်ကို ပိုသက်သာစေပြီး မြေအောက်ရေကို ပိုမို ထိန်းသိမ်းထားနိုင်စွမ်း ရှိသလဲ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူထိန်းသိမ်းထားနိုင်စွမ်း မြင့်တဲ့ အပင်မျိုးက ဘယ်ဟာလဲ၊ ဘယ်နှစ်ရှည်ပင်ကို ဘယ်ဒေသမှာ စိုက်သင့်လဲ၊ ဒေသမျိုးရင်း မဟုတ်တဲ့ အပင်တွေကို ပိုစိုက်သင့်လား၊ နိုင်ငံခြားမျိုးစိတ် အပင်တွေကို စိုက်သင့်သလား စတဲ့ ငြင်းခုန်မှုတွေ၊ ရေးသားချက်တွေကိုလည်း တော်တော်များများ တွေ့လာရပါတယ်။ ဒီအထဲ ဘယ်ပြောဆိုချက်က သတင်းအချက်အလက် အမှန်လဲ။ ဘယ်အရာတွေက သတင်းအချက်အလက် အမှားလဲဆိုတာ ခွဲခြား သိနိုင်ဖို့ စာဖတ်သူ၊ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် အရေးကြီးပါတယ်။
အတည်ပြုထားတဲ့ သတင်းအချက်အလက် အမှန်တွေ စာဖတ်သူ ရယူအသုံးပြုနိုင်ဖို့ သုတေသန တွေ့ရှိချက်တွေနဲ့ ပြည်သူ့အသံကို သတင်းမီဒီယာများက ဖော်ထုတ်ရေးသား ဖြန့်ဖြူးကြတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ၊ သစ်တောနဲ့ မြေပေါ် မြေအောက် ရေပေါ် ရေအောက် သဘာဝသယံဇာတ ထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေ၊ ဒီအတွက် တာဝန်ရှိသူတွေ တာဝန်ယူကြဖို့၊ လုပ်ဆောင်နိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး ဖြေရှင်းနည်းတွေ စတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် တာဝန်ခံကြဖို့တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြစ်ချောင်းအင်းအိုင်နဲ့ ပင်လယ်ကို ထိန်းသိမ်းရေးအတွက် ပလပ်စတစ် အပါအဝင် အမှိုက်စွန့်ပစ်တာတွေကို သတိထားကြဖို့ ဆော်သြတာတွေ၊ အမှိုက်ကောက် လှုံ့ဆော်မှုတချို့ လုပ်ခဲ့တာတွေ ရှိပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး သစ်တောတွေ မြန်မာပြည်မှာ ကျန်နေသေးတယ်လို့ ဝါရင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်ဖြစ်တဲ့ အောက်စဖို့ဒ် တက္ကသိုလ်က သုတေသီ ဦးဝင်းမျိုးသူ က လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနကို ယခုနှစ် အစောပိုင်းက ပြောထားဖူးပါတယ်။
သစ်မခုတ်ဖို့ သစ်တောထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း ဘယ်လိုပဲ ဆော်သြနေနေ စစ်အစိုးရလက်ထက် အဆက်ဆက်က လက်လွတ်စပယ် သစ်ခုတ်မှုတွေရဲ့ အကျိုးဆက်နဲ့ လက်ရှိစစ်ပွဲတွေကြောင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ခြိမ်းခြောက်မှုတွေကြောင့် သဘာဝဘေးဒဏ်တွေကို ဆက်ပြီး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အဆမတန် သစ်ခုတ်မှုနဲ့ စီးပွားဖြစ် သတ္တုသယံဇာတ တူးဖော်မှုတွေကြောင့် သစ်တောပြုန်းတီးမှု၊ ရေအရင်းအမြစ် ညစ်ညမ်းမှုနဲ့ လေထုညစ်ညမ်းမှုတွေရဲ့ဒဏ်၊ ရေကာတာစီမံကိန်းများကြောင့် ဒေသခံများနဲ့ ဂေဟစနစ်ကို ထိခိုက်ရမှုတွေနဲ့ ရေကာတာဆောက်ဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းများရဲ့ ဖြစ်နိုင်ခြေ ဆိုးကျိုးများကို မြန်မာသတင်းမီဒီယာတွေ တစိုက်မတ်မတ် ဖော်ထုတ်ရေးသားကြပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း ပြင်ဆင်ခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ရေး ကတိကဝတ်ထဲက သစ်တော ကာဗွန်ဒိုင်အောက်ဆိုဒ် အသားတင် ထုတ်လွှတ်မှု ၂၅ ရာခိုင်နှုန်း လျှော့ချရေး အပါအဝင် လုပ်ဆောင်ရမယ့် “မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေရေး လုပ်ငန်းစီမံချက် (National Adaptation Plan)” ကို ယခုနှစ် အပြီးသတ် လုပ်ဆောင်မယ့် အစီအစဉ်ဟာ အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရပါတယ်။
နှစ်စဉ် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပေါ်ဒေသမှာ ရေရှားပါးမှု၊ ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေက သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်တာကို တောင်သူလယ်သမားတွေ ခါးစည်းခံရတယ်။ တဆက်တည်း စားနပ်ရိက္ခာနဲ့ ကုန်ဈေးနှုန်း တရိပ်ရိပ် မြှင့်တက်မှုကို ပြည်သူလူထု တရပ်လုံး ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ သဘာဝဘေးဒုက္ခတွေနဲ့ နပန်းလုံးနေရချိန် စစ်ပဋိပက္ခတွေကြောင့် အသက် အိုးအိမ် ဆုံးရှုံးရမှုဘေးကလည်း မြန်မာပြည်သူတွေ မလွတ်မြောက်သေးပါဘူး။
သယံဇာတတူးဖော်မှုကို မူဝါဒချမှတ် ထိန်းချုပ်ကြပ်မတ်ရတဲ့ တာဝန်ရှိသူတွေက လျစ်လျူရှုမြဲ ရှုတာကိုလည်း မြင်နေရဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီက သယံဇာတထုတ်ယူခွင့် ဆက်လက် ထုတ်ပေးပြီး စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ခရိုနီတွေက အတားအဆီးမရှိ ထုတ်ယူကာ နိုင်ငံခြား တင်ပို့နေတာတွေကို သုတေသန အချို့က ဖော်ထုတ်ထားပါတယ်။
သယံဇာတတူးဖော်မှုကို မူဝါဒချမှတ် ထိန်းချုပ်ကြပ်မတ်ရတဲ့ တာဝန်ရှိသူတွေက လျစ်လျူရှုမြဲ ရှုတာကိုလည်း မြင်နေရဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီက သယံဇာတထုတ်ယူခွင့် ဆက်လက် ထုတ်ပေးပြီး စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ခရိုနီတွေက အတားအဆီးမရှိ ထုတ်ယူကာ နိုင်ငံခြား တင်ပို့နေတာတွေကို သုတေသန အချို့က ဖော်ထုတ်ထားပါတယ်။
သဘာဝသယံဇာတ တူးဖော်မှု နောက်ဆက်တွဲ ဆိုးကျိုးတွေအပေါ် တာဝန်ခံရမယ့်သူတွေကို ဖော်ထုတ်ရေးသားမှုတွေက အကဲဆတ်ပါတယ်။
သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အမည်ခံလုပ်ငန်းတွေကို အကောင်အထည် ဖော်နေတဲ့ အစိုးရတွေ၊ စစ်တပ်ပိုင်လုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းတွေ၊ ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီတွေ၊ အစိုးရ လက်အောက်ခံမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ဒေသခံလူမှု အသိုင်းအဝိုင်းကို ထိခိုက်နစ်နာစေတဲ့ ၎င်းတို့ပါဝင်မှုကို ထောက်ပြချက်မှန်သမျှ အထိမခံနိုင် ဖြစ်ကြရာက ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာတွင်သာမက ကမ္ဘာတဝန်း သတင်းမီဒီယာသမားများ ကြုံရပါတယ်။
၎င်းတို့ လုပ်ဆောင်ချက်တွေကြောင့် ကုမ္ပဏီ သို့မဟုတ် အစုအဖွဲ့ပုံရိပ် ထိခိုက်မှာစိုးတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီရဲ့ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ စောင့်ကြည့်မှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံပိုင် ယန္တရားတွေကို မတော်တရော်သုံးပြီး ထိန်းချုပ်မှုတွေ တရားဝင် သတ်မှတ်ပြဌာန်းတာ၊ သတင်းပျံ့နှံ့မှု နည်းအောင်နဲ့ အကြောင်းအရာတွေကို စောင့်ကြည့်တာတွေအပြင် သတင်းအချက်အလက် ရရှိမှုတွေကိုပါ ကန့်သတ်တာတွေ လုပ်ဆောင်ကြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းအချက်အလက် သိရှိခွင့်၊ လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေဟာ ကန့်သတ်ခံထားရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာသမားများဟာ စစ်အုပ်စုရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေက ကမ္ဘာမှာ အနိမ့်ဆုံး အဆင့်ထိ ရောက်နေတာပါ။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက အဆင့် ၁၇၃ ရှိခဲ့ပါတယ်။
စစ်အုပ်စုက အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၂ ဦးကို ဖမ်းဆီးကာ ပြစ်မှုမျိုးစုံတပ် ထောင်ချတာ၊ မလွှတ်ဘဲ ထိန်းသိမ်းထားတာနဲ့ သတ်ဖြတ်တာတွေ ဆက်လက်လုပ်နေဆဲ ဖြစ်ပါတယ်။ သတင်းမီဒီယာသမား ခြောက်ဦး သေဆုံးခဲ့ရပြီး အကျဉ်းချခံခဲ့ရသူ ၆၇ ဦး ရှိပါတယ်။ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူ ၆၄ ဦးဟာ ဆက်လက် ချုပ်နှောင်ထားခံနေရဆဲပါ။ သတင်းလိုင်စင် ၁၅ ခုကို ပယ်ဖျက်ခဲ့ပြီး ပုံနှိပ်တိုက် ကိုးခုကို ပုံနှိပ်ထုတ်ဝေခွင့် ရုတ်သိမ်းထားတယ်။
လွတ်လပ်တဲ့ သတင်းအတတ်ပညာကျွမ်းကျင်တဲ့ သတင်းထောက်တွေဟာ စစ်ကောင်စီရန်က ပုန်းရှောင်ရင်း အလုပ်လုပ်နေကြရသလို တချို့က သတင်းလုပ်ငန်းကနေ နားလိုက်ရသူတွေ ရှိနေပါတယ်။ သတင်းအချက်အလက်မှန်တွေ တင်ပြနိုင်တဲ့ သတင်းတမန်တော်တွေ နည်းပါးသထက် နည်းလာတာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ယိုင်နဲ့စေပါတယ်။
လွတ်လပ်တဲ့ သတင်းအတတ်ပညာကျွမ်းကျင်တဲ့ သတင်းထောက်တွေဟာ စစ်ကောင်စီရန်က ပုန်းရှောင်ရင်း အလုပ်လုပ်နေကြရသလို တချို့က သတင်းလုပ်ငန်းကနေ နားလိုက်ရသူတွေ ရှိနေပါတယ်။ သတင်းအချက်အလက်မှန်တွေ တင်ပြနိုင်တဲ့ သတင်းတမန်တော်တွေ နည်းပါးသထက် နည်းလာတာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ယိုင်နဲ့စေပါတယ်။ သတင်းအတတ်ကို လေ့ကျင့်သင်ကြားထားတဲ့ သတင်းသမားတွေ နည်းလာလေလေ သတင်းအချက်အလက်မှန်တွေ ရယူဖို့ စိန်ခေါ်မှု ရှိလာလေလေပါ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်သာမက လူမှုဘဝ လုံခြုံရေးနဲ့ နိုင်ငံရေးအမြင်တွေကို လွတ်လပ်စွာ သတင်းရယူ စုဆောင်းမှုခွင့်ကို ရရှိပါမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းတွေကို ပိုမို ဖော်ထုတ်ရေးသား အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိန်ခေါ်မှုတွေကို ပိုမို ဖော်ထုတ်ဖို့ သတင်းမီဒီယာတွေမှာ တာဝန်ပိုရှိလာတယ်။ ဒါ့အပြင် ပြည်သူအများက သဘာဝ ပတ်ဝန်းကျင် ထိခိုက်တဲ့ လုပ်ငန်းတွေ၊ အလွန်အကျွံ သယံဇာတ တူးဖော်မှုတွေနဲ့ သစ်တော၊ ရေအပါအဝင် သဘာဝ အရင်းအမြစ်ဆုံးရှုံးမှု အတွေ့အကြုံတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရဖို့ လိုအပ်နေပါတယ်။
ယခုနှစ် မေလ ၃ ရက် မှာ ကျရောက်တဲ့ ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်က “ကမ္ဘာမြေအတွက် သတင်းမီဒီယာ – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများအကြား သတင်းအတတ်ပညာ” ဆိုပြီး ဆော်သြထားပါတယ်။
ကုလသမဂ္ဂ UNESCO မြန်မာရုံးကလည်း ဒီဆောင်ပုဒ်ဟာ “ရာသီဥတု အပြောင်းအလဲကို အံတုနိုင်တဲ့ နည်းနာတွေကို အဖြေရှာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သတင်းအချက်အလက် ရယူခွင့်အတွက် ကြံ့ကြံ့ခံ ခုခံရေး စတာတွေက ဆက်စပ်ယှက်နွယ်နေပြီး ခက်ခဲပေမယ့် ဒီတာဝန်တွေကို သတင်းမီဒီယာက အလေးထား ဖော်ထုတ်ဖို့ လိုအပ်ကြောင်း” မြန်မာနိုင်ငံရေးအခြေအနေက တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ် အများစုဟာ စက်မှုထွန်းကားလာတာနဲ့အမျှ ကမ္ဘာမြေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရပြီး ဥတုရာသီပြောင်းလဲမှုကြောင့်လို့ ခြုံပြောကြပေမယ့် စက်မှုထွန်းကားမှု နည်းတဲ့ မြန်မာနိုင်ငံက တကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုတွေကို သိသိသာသာကြီး တိုက်ရိုက် ပံ့ပိုးတာ မဟုတ်ပေမယ့် ဆိုးကျိုးကိုတော့ အတူတူ ရောခံရတာလို့ သုတေသန ပညာရှင်တွေက မှတ်ချက်ပြုထားတာ ရှိတယ်။
ဒီလိုဆိုတဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို လျစ်လျူရှုထားလို့ ရတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုံလောက်တဲ့ သတင်းအချက်အလက် ရယူနိုင်ခွင့် ထုတ်ဖော်ခွင့်တွေအတွက် သတင်းမီဒီယာတွေမှာသာမက လူတဦးချင်းစီမှာ တာဝန်ရှိပြီး ဖော်ထုတ်ရမှာ ဖြစ်သလို လက်တွေ့ ထိန်းသိမ်းရမယ့်အချိန် ဖြစ်ပါတယ်။ ဥတုရာသီပြောင်းလဲမှု တုံ့ပြန်နိုင်ရေးဟာ နိုင်ငံရေးဖြစ်တယ်ဆိုတာ ဧရာဝတီက ထပ်လောင်း အသိပေး ရေးသားလိုက်ပါတယ်။
You may also like these stories:
စံချိန်တင် အပူလှိုင်း အညာက စစ်ရှောင်ဒုက္ခသည်များ ပိုမိုခံစားရ
အရှေ့တောင်အာရှတွင် အပူလှိုင်းမြင့်၊ ထိုင်းတွင် သေဆုံးသူ ၃၀ ဦးရှိလာ
အပူရှိန်မြင့်ခြင်းကြောင့် သေဆုံးမှုများ ရှိလာ
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်