အယ်လ်နီညို ဖြစ်စဉ်ကြောင့် ယခု နွေရာသီ မြန်မာအပါအဝင်အာရှနိုင်ငံများ၌ အပူချိန်မြင့်တက်လျက်ရှိရာ ရန်ကုန် အပါအဝင် နယ်မြို့များ တွင် အပူချိန် မြင့်မားမှုကြောင့် ရုတ်တရက်သတိလစ်မေ့မြောသူနှင့် သေဆုံးသူများရှိ လာကြောင်း လူမှုကူညီရေး အသင်းများထံက သိရသည်။
ရန်ကုန်မြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တခု၏ အချက်အလက်များအရ အပူရှိန်မြင့်တက်မှုကြောင့် သတိလစ် မေ့မြောသူများမှာ အသက် ၄၀ မှ ၅၀ ကြား အမျိုးသားအများဆုံးဖြစ်ပြီး နေ့စဉ်ဆေးရုံသို့ ပို့ဆောင်ပေးရမှုများရှိနေပြီး တချို့မှာနေရာမှာတင် သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၇ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၊ အနောက်ဘက် မုခ်၌ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး စက်ဘီးနင်းနေစဉ် လဲကျသေဆုံးသွားကြောင်း ရန်ကုန်မြို့အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်း ထံမှ သိရသည်။
အဆိုပါ အသင်း၏ တာဝန်ရှိသူတဦးက “သူ့မှာက နှလုံးရောဂါအခံရှိတယ်။ နေပူကြီးထဲ စက်ဘီးနင်းပြီးသွားတော့ ချွေး ထွက်လွန်ပြီး စက်ဘီးရောလူရော ပစ်လဲပြီးတော့ အသက်ဆုံးသွားတယ်။ ဆေးရုံကို ပို့လိုက်သေးတယ်။ ဟိုရောက် တော့အသက်မရှိတော့ဘူးလို့ ပြောတယ်။ အလောင်းကို အိမ်ပြန်ယူသွားလို့ရတယ်ပြောလို့ အိမ်ပြန်သယ်လာခဲ့တယ်” ဟု ပြောသည်။
ဧပြီလ ၄ ရက် ညနေပိုင်းတွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးရှိ ၅၇ ကားမှတ်တိုင်၌ ကားပေါ်မှ ဆင်းလာသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး အပူရှပ်ပြီး သတိလစ်သွားသောကြောင့် အလုံကြက်ခြေနီတပ်ဖွဲ့မှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးရှိ ကားမှတ်တိုင်၌ ပြီးခဲ့သည့် ဧပြီ ၃ ရက်က အသက် ၅၀ အရွယ်အမျိုးသားတဦး ကားစောင့်နေစဉ်သတိလစ်၍ ဦးခေါင်းထိခိုက်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ ဆောင်ခဲ့ရကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းထံက သိရသည်။
အပူချိန်မြင့်တက်မှုကြောင့် သတိလစ်မေ့မြောသူများကို ဆေးရုံပို့ဆောင်နေရသည်မှာ ဧပြီလပထမအပတ်အတွင်းပင် လူဦးရေ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
“နာရေးကူညီမှုအသင်းတွေ စုဖွဲ့ထားသောဂရုထဲမှာ ဘယ်အဖွဲ့က ဘယ်လို ကောက်ခဲ့ရတယ်ဆိုတာ တင်ထားကြ တယ်။ ဧပြီလဆန်း ၁ ရက်ကနေ ဒီနေ့အထိက အပူချိန်ရုတ်တရက်ပြောင်းလဲလာတော့ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံ ဆေးခန်းရောက် လေဖြတ်တာတွေရှိတယ်။ တရက်တရက်က ရန်ကုန်တိုင်းတတိုင်းလုံးဆို ၁၀၀ ပတ်ချာလည် မှာ ရှိ တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းတွင်သာမက မကွေးတိုင်း၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က လမ်းသွားနေစဉ် အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦး လဲကျသတိလစ်ခဲ့သောကြောင့် လူမှုကူညီရေးအသင်းက ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်း အပူချိန်များ အလွန်အကျွံမြင့်တက်လာနိုင်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က ထုတ် ပြန်ထားသည်။
နေ့အပူချိန်များသည် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် ၄၀ မှ ၄၁ ဒီဂရီ စင်တီ ဂရိတ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အပူချိန်သည် ၃၈ မှ ၄၁ ဒီဂရီ စင်တီဂရိတ် ရှိနိုင်ကြောင်း MOHADM ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဧပြီလ ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီမှ ၄ ဒီဂရီ အထိ မြင့်တက်နေကြောင်းလည်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း ချောက်မြို့တွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦး မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ် မြင်းခြံမြို့၊ မကွေးတိုင်း မင်းဘူးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း ဧပြီလ ၈ ရက်တွင် မိုးဇလက ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းတွင် အမြင့်ဆုံး အပူချိန်သို့ မရောက်သေးသော်လည်း မကြာခဏ စစ်ကြောင်းထိုးခံရကာ နေအိမ်များ မီးရှို့ ခံထားရသဖြင့် စစ်ဘေးရှောင်များသည် နေ့အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရကြောင်း ဒေသခံများက ဆိုသည်။
မတ်လ ၂၈ ရက်က နေအိမ်များ မီးရှို့ခံထားရသည့် မုံလှကျေးရွာတွင် ရေရှားပါးခြင်း၊ သက်ကြီးပိုင်းများ ကျန်းမာရေးထိ ခိုက်ခြင်း၊ ကလေးငယ်များအပူဖုကြီးများထွက်ခြင်း စသည်တို့ကို ကြုံတွေ့နေရကြောင်း ဒေသခံတဦးက ပြောသည်။

“ပြည်သူတွေက သနားစရာကောင်းတယ်။ အိမ်ကလည်းမရှိတော့ဘူးဆိုတော့ သစ်ပင်ရိပ်လေးတွေမှာ ခိုကပ်နေရတာ။ အိမ်ထက်တဲလေးတွေထိုးပြီး နေရတာဆိုတော့ ပူပူလောင်လောင်ပေါ့။ နေပူဒဏ်ကတော့ တော်တော်လေးခံရတယ်။ ရေကတော့တောထဲကရှိတဲ့ ရေပဲဖြစ်သလို သောက်ရတယ်။ ပူတဲ့အခါကျတော့ လူကြီးသူမတွေလည်း မူးလဲတာတို့ မောတို့ ဆေးခန်းသွားတာတို့ ဖြစ်ကြတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၀ ခုနှစ်က အယ်နီညိုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ၄၇ ဒသမ၂ ဒီဂရီ စင်တီဂရိတ် အထိ အပူချိန် အမြင့်ဆုံး မြင့်တက်ခဲ့ဖူးသည်။
ယခုနှစ်တွင်မူ အညာဒေသရှိ ပြည်သူများသည် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် အပူဒဏ်ကိုသာမက စစ်ဘေးဒဏ် ကိုပါ ခံစားနေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်က “ရာသီဥတုအခြေအနေကတော့ အပူရှိန်က ဒီဘက်မှာ တအားပြင်း ပါတယ်။ စစ်ရှောင်ဆိုတော့လေ ကျေးရွာစာသင်ကျောင်းတွေမှာနေရတာဆိုတော့ ပန်ကာတို့ဘာတို့ မရှိဘူး။ အခန်းငယ် လေးတခုထဲမှာ အကုန်လုံး ပြွတ်သိပ်ပြီးတော့ သူ့အိမ်ထောင်စု ကိုယ့်အိမ်ထောင်စု ပြွတ်သိပ်ပြီးနေကျရတယ်” ဟု ပြော သည်။
နေ့အပူချိန်မြင့်တက်လာသောကြောင့် အပြင်မထွက်ဘဲ အိမ်ထဲနေသူများပင် အပူဒဏ်ကို ခံစားနေကြရပြီး သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် ကလေးသူငယ်များအနေဖြင့် အပူရှိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ကျန်းမာရေးထိခိုက်မှုများကို ပိုမိုဂရုစိုက်သင့်ကြောင့် ဆရာဝန်များက သတိပေးပြောဆိုသည်။
NUG ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် တယ်လီကျန်းမာ အခမဲ့အွန်လိုင်း ဆေးခန်းတွင် တာဝန်ထမ်း ဆောင်နေသည့် ဒေါက်တာ ဆုတောင်းပြည့်က “အပူဒဏ်ကြောင့် သတိလစ်တဲ့ လက္ခဏာတွေက ပုံမှန်အတိုင်းမဟုတ် တော့ဘဲ သူ့ကိုကြည့်ရတာ စိတ်တွေ ရှုပ်ထွေးနေမယ်။ အရေပြားခြောက်သွေ့တာတွေ ရှိမယ်။ ချွေးအလွန်ထွက်တာ၊ တာ၊ ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်တာတွေ ရှိမယ်။ အဲဒီလိုမျိုးက အသက်သေဆုံးတဲ့အထိတောင် အန္တရာယ် ရှိနိုင်တယ်” ဟု ပြောသည်။
ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ လေဖြတ်ထားသူများမှာ နဂိုရောဂါအခံကြောင့် ခုခံအားနည်းပါးသဖြင့် အပူချိန်မြင့်တက်ချိန်တွင် ပိုမို ဂရုစိုက်သင့်ကြောင်း၎င်းက ပြောသည်။
အပူရှိန်မြင့်တက်လာမှုနှင့် ဆက်စပ်၍ မူးမေ့ခြင်း၊ ပျို့အန်ခြင်း၊ ချွေးထွက်ခြင်း၊ နုံးနယ်ခြင်း၊ ကယောင်ကတမ်းပြောဆို ခြင်း၊ သတိလစ်ခြင်း၊ ဝမ်းပျက်ဝမ်းရောဂါများ၊ အရေပြားရောဂါ၊ မျက်ခမ်းစပ်ရောဂါများနှင့် အူရောင်ငန်းဖျားရောဂါ များဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့တွင်လည်း အပူချိန် မြင့်တက်လာမှုအပြင် လျှပ်စစ်မီးအပြည့်အဝမရဘဲ ၄ နာရီခြားတခါ အလှည့်ကျစနစ် ဖြင့်သာရရှိသဖြင့် အပူဒဏ်ကိုအလားတူ ခံစားနေရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
သာကေတမြို့နေ ပြည်သူတဦးက “ရန်ကုန်က ပြောရရင် တခြားမြို့တွေထက် သစ်ရိပ်ဝါးရိပ်နည်းတယ်။ အပူရှောင်စရာ နေရာက ရှားတယ်။ မီးမှမလာရင် ယပ်ခပ်ရင်ခပ် မဟုတ်ရင် အိပ်လည်းမရဘူး။ မီးကလည်း လေးနာရီခြားတခါလို့ ပြောထားပေမယ့် အရင်ထက် ပြတ်တဲ့အချိန်က ပိုများလာတယ်” ဟု ပြောသည်။
အပူချိန်လွန်ကဲမှုကြောင့် ထိခိုက်ပါက ရေများများသောက်ရန်၊ အေးသည့်နေရာကို ချက်ချင်း ပြောင်းပြီး သက်သာ ချောင်ချိသည့် အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အပူထွက်တတ်သော ပေါင်ခြံနှစ်ဖက်၊ ချိုင်းကြားနှစ် ဖက်၊ လည်ပင်းများကို ရေပတ်တိုက်ရန်လိုအပ်ပြီး အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့မဟုတ် ကျန်းမာရေးဝန်ထမ်းရှိရာကို အမြန်ဆုံးခေါ်သွားရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက ဆိုသည်။
တောင်အမေရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်း တလျောက်ရှိ ပင်လယ်ရေနွေးစီးကြောင်းကြောင့် ဖြစ်ပေါ်လာ သည့် အယ်နီညိုဖြစ်စဉ်သည် ယေဘုယျအားဖြင့် ငါးနှစ်မှ ၇ နှစ်အတွင်း တကြိမ်ခန့် ဖြစ်ပေါ်တတ်သည်။
အယ်နီညိုကာလများတွင် ကမာ္ဘတဝှမ်း အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံး ရေရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပြီး အချို့နိုင်ငံများတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုများလည်း ဖြစ်ပေါ် တတ်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုထားကြသည်။
You may also like these stories:
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်
အတင်းအကျပ် စစ်သားစုမှုကြောင့် မန္တလေး၌ လုပ်သားရှားပါးလာ














