ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များ မိုးကုတ်မြို့ကို ထိုးစစ် ဆင်နေရာ ၆ ရက်မြောက်နေ့တွင် မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီ၏တပ်စခန်းအားလုံး တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကာ အရှေ့ပိုင်းသို့ ဆက်လက်ထိုးစစ်ဆင်နေကြောင်း TNLA နှင့် ဒေသခံများထံက သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်စခန်းတခုဖြစ်သော ရွှေမြင်ဝန်းတပ်စခန်းအား ပူးပေါင်းတပ်များ ဇွန် ၃၀ ရက် နံနက် ၅ နာရီအချိန်၌ စတင် တိုက်ခိုက်ပြီး ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ ကြောင်း TNLA က ယမန်နေ့ညပိုင်း၌ သတင်း ထုတ်ပြန်သည်။
မိုးကုတ်မြို့နယ်တွင် TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513) နှင့် မိုးကုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇွန် ၂၅ ရက်က ထိုးဆင်နေရာ ဇွန် ၃၀ ရက်၌ မိုးကုတ်မြို့အနောက်ပိုင်းရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခြင်း ဖြစ် သည်။
မိုးကုတ်ကာကွယ်ရေးတပ်များအား ထောက်ပံ့ပေးနေသူ ဒေသခံအမျိုးသမီးက “ပူးပေါင်းတပ်တွေက ဒေါ်နန်းကြည် တောင်ကို စသိမ်းတာ။ ဒေါ်နန်း ကြည်တောင်က မိုးကုတ်အနောက်ပိုင်းတခုလုံးကို မြင်ရတဲ့နေရာပဲ။ ဒေါ်နန်းကြည် တောင်အောက်မှာက ကျပ်ပြင် ရဲစခန်း၊ အဲဒီကနေမှ ကျန်တဲ့စခန်းတွေ တောက်လျောက်ထိုးတာ” ဟု ပြောသည်။
TNLA ပူးပေါင်းတပ်များသည် မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်၊ ကျပ်ပြင် ရဲ စခန်း၊ ရွှေမြင်ဝန်းတောင်၊ ရွှေမြင်တင်ဘုရားတောင်၊ မြို့ဦးလွင်၊ အေးစေတီ စသည့်နေရာများရှိ စစ်ကောင်စီတပ်များ ကို အပြီးသတ်တိုက်ခိုက်ပြီးနောက် ယမန်နေ့တွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွှေလိပ်ပြာနှင့် ရွှေသာယာတို့ရှိ စစ် ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA က ဆိုသည်။
မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်စခန်းတည်ရှိမှု၊ တပ်စွဲထားသည့်နေရာများနှင့် ပတ်သက်၍ ကာကွယ်ရေး တပ် ဖွဲ့ဝင်တဦးက “ဗျူဟာတပ်စခန်းရှိမယ်။ အဲဒါက စစ်တန်းကုန်းမှာ အထိုင်ချတဲ့ မူလစခန်းကုန်းပေါ့။ ပြီးရင် ညောင်သုံး ပင်တောင်ပေါ်၊ အေးစေတီတောင်ပေါ်၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယာ၊ ဗမွန်၊ အဲဒီ နေရာတွေမှာ တပ်တွေရှိသေးတယ်” ဟု ပြောသည်။

အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများသည် တောင်များပတ်ပတ်လည်ရှိနေသည့်အပြင် လက်နက်ကြီးများ ဆင်ထားသောကြောင့် ပူးပေါင်းတပ်များအနေဖြင့် အနောက်ပိုင်းကို သိမ်းပိုက်ခဲ့သည်ထက် ပိုမိုခက်ခဲနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မိုးကုတ်အရှေ့ပိုင်း၌ ယနေ့နံနက်ပိုင်းက တိုက်ပွဲသံများငြိမ်နေသော်လည်း မိုးကုတ်- မန္တလေးလမ်းပိုင်းရှိ နွယ်ရုံ၊ ကျည် တောက်ပေါက်၊ ဇရပ်ကွင်းဘက်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး မန္တလေးသို့ ဆင်းမည့် မိုးကုတ်စစ်ရှောင်များ ထပ်မံ ပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။
မိုးကုတ်- မန္တလေးလမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ မိုးကုတ်မြို့ခံအမျိုးသမီးတဦးက “နွယ်ရုံ၊ ကျည်တောက်ပေါက် ဇရပ်ကွင်းဘက်မှာ စစ်ပွဲဖြစ်နေကြတော့ မန္တလေးဆင်းမယ့်ကားတွေ ပေးမထွက်တော့ဘူး။ ၃ ရက်လောက်တော့ ပိတ်ထားမယ်ထင်တယ်။ မနေ့က ထွက်လို့ရသွားတဲ့ ပြည်သူတွေလည်း ဇရပ်ကွင်းမှာ ပိတ်မိနေကြတယ်။ အနောက်ပိုင်း ရောက်နေတဲ့ ကား၊ ဆိုင်ကယ်တွေကိုတော့ လှည့်ပြန်လို့ရရင်ပြန်ခိုင်းတယ်၊ မပြန်တဲ့သူတွေကို နေရာ စီစဉ်ပေးပြီး ထား ထားတယ်” ဟု ပြောသည်။
မိုးကုတ်မှ မန္တလေးသို့ စစ်ရှောင်သည့် ဒေသခံများသည် ယမန်နေ့တွင် မိုးကုတ်မြို့အနောက်ပိုင်းမှ မြို့ပြင် အထွက် နားအထိသာ ပိတ်မိခဲ့ကြသော်လည်း ယမန်နေ့ညနေပိုင်း၌ ထွက်၍ရခဲ့သော စစ်ရှောင်များမှာ မိုးကုတ်မြို့နှင့် အချိန် ၂ နာရီခန့်သွားရသည့် ဇရပ်ကွင်းထိ ပိတ်မိနေကြခြင်းဖြစ်သည်။
မိုးကုတ်-မန္တလေး လမ်းတလျောက်၌ စစ်ကောင်စီတပ်စခန်းများမှနေ ပစ်ခတ်နေခြင်းနှင့် မိုးကုတ်နောက်ပိုင်းထိုးစစ် အတွင်း စစ်သားတချို့မှာ အရပ်ဝတ်များဖြင့် ထွက်ပြေးနေ၍ စစ်ရှောင်ကားများနှင့် ရောပါသွားမည်ကို စိုးရိမ်သော ကြောင့် ပူးပေါင်းတပ်များက မန္တလေးသို့သွားမည့် စစ်ရှောင်များကို အခြေအနေအရ ပိတ်ထား ရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။
မိုးကုတ်- မန္တလေး လမ်းပိုင်းတလျောက်လုံးကို TNLA နှင့်ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသလို မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းအား ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် အရှေ့ပိုင်းမှ ဒေသခံများသည် ယခုရက်ပိုင်းအတွင်း မန္တလေးသို့ အလုံးအရင်းဖြင့် ရှောင်တိမ်းနေကြခြင်းဖြစ်ပြီး လူဦးရေထောင်ချီထိ ရှိနိုင်သည်ဟု ဒေသခံများထံက သိရသည်။
You may also like these stories:
မိုးကုတ်စစ်ရှောင်များ မြို့အထွက်၌ ပိတ်မိနေ
မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်














