ကောလင်းတိုက်ပွဲအပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မြို့များကို ဆက်လက်တိုက်ပွဲဆင်လာရာ အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်နှင့် ရွှေကူမြို့ခံများပါ နေရပ်စွန့်ခွာ၍ တိမ်းရှောင်မှုများ လုပ်ဆောင်လာကြောင်း ဒေသခံ များနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။
ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်က ခရိုင်ကွပ်ကဲရေးအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်မှ စ၍ KIA၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ်ပေါင်းစုများက ယနေ့အထိ ကျန်မြို့များကိုပါ သိမ်းပိုက်ရန် တိုက်ပွဲများကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထီးချိုင့်မြို့နယ်၌လည်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသလို လေကြောင်းဗုံးကြဲမှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ယနေ့အထိ ပြုလုပ်နေ ကြောင်း သိရသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲ၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲများနှင့်အတူ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် တိုက်ပွဲ များ ပြင်းထန်လာမှုကြောင့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းပြတ်တောက်မှုများလည်း ရှိနေကြောင်း သိရသည်။
တိုက်ပွဲများ မစဲသည့် ထီးချိုင့်မြို့
ထီးချိုင့်မြို့ကို နိုဝင်ဘာ ၇ ရက်တွင် တော်လှန်ရေးအင်အားစုများက စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရပ်ကွက်ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံ ၁၀၀ ကျော်အထိ သေဆုံးမှုရှိခဲ့သည်။
နှစ်ဖက်တပ် အကျအဆုံးများရှိခဲ့သလို အရပ်သားပြည်သူများ သေကြေ ပျက်စီးမှုများခဲ့သဖြင့် ထီးချိုင့်မြို့ခံအများစုမှ မြို့ကို စွန့်ခွာတိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်ထိ မြို့တွင်း၌ ပိတ်မိပြီးကျန်နေသူများလည်း ရှိနေကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုများထံက သိရသည်။
ထီးချိုင့်တိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေး တပ်ပေါင်းစုများက ဆင်နွှဲနေခြင်းဖြစ်သည်။
ABSDF မှ အရာရှိတဦးက “မြို့က လေကြောင်းက ဗုံးကြဲတာကြောင့် တော်တော်များများ ပျက်စီးသွားပါပြီ၊ လေ ကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံတွေ ၁၀၀ ကျော်ထိ သေဆုံးတာတွေ ရှိတယ်။ အလောင်းတွေကိုလည်း မကောက်နိုင်ကြသေးဘူး။ ပြီးတော့ ရွာတွေဘက်ကိုလည်း လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေကြတယ်” ဟု ပြောသည်။
စစ်တပ်က အထိနာသောကြောင့် နိုဝင်ဘာ ၈ ရက်ကစပြီး လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၃ သောင်းကျော် စစ်ဘေးရှောင်နေရသလို သေဆုံးသူ ၁၀၀ ကျော်တွင် မွေးကင်းစ ကလေးငယ်၊ အမျိုးသမီး၊ ရဟန်းသံဃာ၊ သက်ကြီး ရွယ်အိုများထက်ဝက်ခန့် ပါဝင်ကြောင်း၊ လေယာဉ်ဗုံးစများကြောင့် အိမ်တွင်း၌ပုန်းအောင်းနေကြသော ပြည်သူများ လည်း အမည်ဖော်မရအောင် ဆိုးရွားစွာ သေဆုံးခဲ့ရသလို လမ်းမများပေါ်တွင် လူသေအလောင်းများဖြင့် ပျံ့ကြဲနေကြောင်း ဒေသခံများထံက သိရသည်။
ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌လည်း တောင်ကုန်းများ ပေါများသလို နှစ်ဖက်စလုံး အတွက် ဗျူဟာကျသည့် မြို့ဖြစ်သောကြောင့် လွယ်လွယ်နှင့်မသိမ်းနိုင်ခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားကြ မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ပြောဆိုထားသလို၊ ထီးချိုင့်မြို့ မကျစေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြသိန်းတန်ဘုရားတောင်ကုန်း၊ မြစ်ကူးတံတားထိပ် ဘန်ကာနှင့် ထီးချိုင့်မြို့တဖက်ကမ်းရှိ မြတောင်ကျေးရွာ တောင်ကုန်းပေါ်တို့မှ ခုခံလျက်ရှိကြောင်း သိရသည်။
ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး က “ထီးချိုင့်ကတော့ စစ်ကောင်စီတွေ ခံစစ်ပြင်ထားတဲ့ မြသိန်းတန် ဘုရားကုန်းနေရာမှာပဲ ရှိနေကြသေးတယ်၊ ဒါပေမယ့် မြို့ထဲ အကုန်လုံးမှာ သူတို့ ရှိနေတာမျိုးတော့ မဟုတ်ဘူး၊ ကျနော် တို့အဖွဲ့တွေက အလုံးစုံ သိမ်းနိုင်တာမျိုးတော့ မဟုတ် သေးပါဘူး၊ သူတို့ရှိတဲ့နေရာကနေ ပစ်ကွင်း မရှင်းတဲ့နေရာမှာရှိ တဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့တိုင်းကို လုပ်တယ်။ မြို့ခံတွေကတော့ မြို့လုံးကျွတ်နီးပါး မရှိတော့ဘဲ မြို့ပျက် ကြီးလို ဖြစ်သွားပြီ” ဟု ပြောသည်။
ထို့ပြင် မြသိန်းတန်ဘုရားတောင်ကုန်းမှ စစ်ကောင်စီတပ်သည် နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ရပ်ကွက်များကို မီးရှို့နေသောကြောင့် မြို့၏ ၃ ပုံ ၂ ပုံခန့်ထိ မီးလောင်ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရသည်။
“ထီးချိုင့်မှာဆိုရင် RC တိုက်ထဲမှာ လုံခြုံတယ်ဆိုပြီးတော့ ခိုအောင်းနေတာမှာ လေကြာင်းတိုက်ခိုက်မှုကြောင့် တိုက်ကို တည့်တည့်ထိမှန် ပြိုကျသွားပြီးတော့ လူ ၂၀ ကျော်လောက်ထိ သေဆုံးခဲ့တာ ရှိတယ်။ အဲဒီလို ရှိနေတာတောင် လက်ရှိ မှာ ဘယ်ဘက်ကမှ ရှင်းလင်းရေး မလုပ်နိုင်တဲ့အခြေအနေဆိုတော့ သေဆုံးအရေအတွက်က အတိအကျ မသိနိုင်သေး ပါဘူး၊ တချို့အလောင်းတွေကိုတော့ စုပြုံပြီး စကစတွေက မီးပုံရှို့ထားတယ်လို့ သိရပါတယ်” ဟု ထီးချိုင့်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တဦး က ပြောသည်။
မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ရှောင်ပြည်သူများရှိသောနေရာများကိုပါ လေကြောင်းတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်ခန့်တွင်မူ တိုက်ပွဲများ ယာယီရပ်သွားသော်လည်း စစ် ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတဦးက “တိုက်ပွဲကြောင့် ရွာတွေကနေ ထွက်ပေးကြပါ ဆိုရင် ထွက်ပေးလိုက်ကြတာ ပိုပြီး အဆင်ပြေပါတယ်။ ပစ္စည်းဥစ္စာဆိုတာထက် လူ့အသက်တွေ မဆုံးရှုံးစေဖို့က အရေးကြီးတာမို့ ဖြစ်စဉ်ဖြစ်တာနဲ့ ကျနော်တို့အဖွဲ့တွေက ချက်ချင်း ထုတ်ပြန်ပေးနေကြတာပါ၊ မြို့သိမ်းတိုက်ပွဲတွေဆို တာကတော့NUG အစိုးရ ထုတ်ပြန်အသိပေးထားတဲ့အတိုင်း ဆက်တိုက် ဆက်လာဖို့ ရှိပါတယ်၊ ဒါကြောင့် သတင်း မျက်ခြေမပြတ်ဖို့နဲ့ ရိက္ခာခြောက်လိုမျိုးတွေကို ကိုယ်နဲ့တပါတည်း ယူဆောင်နိုင်အောင် လုပ်ထားကြဖို့ လိုပါတယ်” ပြောသည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ ပစ်ခတ်သောကြောင့် မြို့နယ်တွင်းရှိ ပြည်သူများအနေဖြင့် လေယာဉ်သံကြားလျှင် သတိပြု၍ ရှောင်တိမ်းနေထိုင်ကြရန်လည်း ထီးချိုင့်တော်လှန်ရေးတပ်ဖွဲ့ (Tigyaing Revolution) က ထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့တွင် ရပ်ကွက် ၄ ခု အိမ်ခြေ ၃၂၀၀ ဝန်းကျင်ရှိပြီး မြို့နေလူဦးရေမှာ ၃ သောင်းကျော်ရှိကြောင်း သိရသည်။
အင်းတော်မြို့
အင်းတော်မြိုနှင့် မိုင် ၃၀ ကျော်သာ ကွားဝေးသော ထီးချိုင့်မြို့တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့်အတူ အင်း တော်မြို့ကိုပါ တိုက်ပွဲဆင်နွှဲလာပါက တိမ်းရှောင်ရခက်ခဲမည်ဆိုသည့် စိုးရိမ်စိတ်များကြောင့် မြို့ခံ ၃ ပုံ ၂ ပုံ ခန့်မှာ မြို့ကို စွန့်ခွာခဲ့ပြီးဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ဒေသခံများထံက သိရ သည်။
အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတဦးက “ကောလင်းတို့ ထီးချိုင့်တို့ကို မြို့သိမ်းတွေ လုပ်ဆောင်လာတဲ့အချိန်မှာ စစ်ကောင်စီ ယန္တရားမှာ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေက အရင်ဆုံးပြေးကြတာ ကြောင့် မို့ မြို့ခံတွေကပါ စစ်ဖြစ်မလားဆိုတဲ့ ထိတ်လန့်စိတ်နဲ့ ပြေးကြတာပါ။ လုပ်ငန်းရှင်တွေက အရင်ပြေးတယ်၊ နောက် ထွေ အုပ်က Non CDM ဝန်ထမ်းတွေ ပြေးတယ်။ ပညာရေး၊ တရားရေးဝန်ထမ်းတွေရောပေါ့။ ဝန်ထမ်းတွေ ပြေးမှ မြို့နေ လူထုက သူတို့ကို ကြည့်ပြီးမှ ထွက်ကြတာပါ။ ကျနော်တို့က ဘာညွှန်ကြားချက်မှ ပေးထားတာမရှိဘူး၊ မြို့သိမ်းဆိုတာ မျိုးလည်း မရှိသေးဘူး၊ မြို့သိမ်းဆိုတာက ကျနော်တို့ အုပ်ချုပ်ရေးတခုတည်း စီမံဆောင်ရွက်လို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး” ပြောသည်။
အင်းတော်မြို့ပေါ် ရပ်ကွက် ၁၀ ခု၊ အိမ်ခြေ ၈ ထောင်ကျော်၊ လူဦးရေ ၈ သောင်းဝန်းကျင်ခန့်ရှိပြီး နိုဝင်ဘာ ၁၁ ရက် မှ စတင်ကာ မြို့ကို စွန့်ခွာကြခြင်းဖြစ်ကာ၊ ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းမြို့နယ်ဘက်သို့ အများဆုံး တိမ်းရှောင် ကြကြောင်း သိရသည်။
ဆက်လက်၍ အင်းတော် ပအဖ တာဝန်ရှိသူက “သူတို့(စကစ)နဲ့ နီးစပ်တဲ့ မိသားစုတွေလောက်ပဲ ကျန်တာပေါ့နော်၊ အဲဒီ သူတွေကလည်း ကျနော်တို့ စိုးမိုးနယ်မြေတွေထဲ မထွက်ရဲကြတာလည်း ပါတာပေါ့။ ထွက်လာကြသူတွေက မြို့နဲ့ ၅ မိုင် ပတ်ချာလည်အတွင်းက ရွာတွေဘက်မှာ ခိုကြတယ်။ တချို့လည်း မိုးကောင်း၊ မိုးညှင်း၊ မော်လူးဘက်ပေါ့၊ တော်တော် များများကတော့ မြို့ကြီးတွေဘက် ရှောင်ကြတာ များပါတယ်”ဟု ပြောသည်။
ထိုသို့ မြို့အား စွန့်ခွာကြသူများအနက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စီစဉ်ပေးထားသော စစ်ရှောင် စုရပ်များတွင် လူဦးရေ ၄ ထောင်ခန့် သာ သွားရောက် ခိုလှုံကြပြီး အများစုမှာ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် နေထိုင်ကြကြောင်း သိရသည်။
အင်းတော်မြို့ခံ တဦးက “ရှေ့မှာ လက်တွေ့ ကောလင်းတို့ ထီးချိုင့်တို့ကို မြို့သိမ်းတွေ ဆင်နွှဲကြတာမှာ ပြည်သူတွေ အတော်ဒုက္ခရောက်ကြတာကို မြင်တွေ့ရတယ်။ နောက် ထီးချိုင့်က ကျနော်တို့ အင်းတော်နဲ့ကပ်နေတာဆိုတော့ ထီးချိုင့် မြို့သိမ်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေမှာ ဘယ်သူ့ကိုမှ ချန်ထား တာမျိုး မဟုတ်တော့ အဲဒီလိုမျိုးတွေ လုပ်လာမှာ စိုးရိမ်ရတယ်။ အားလုံးက ကြောက်တာကြောင့် မြို့ကို စွန့်ခွာကြ တာပါ၊ ပြီးတော့ အခုလို ကြိုရှောင်ကြတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေကို ထောက်နေစရာ မလိုတော့ ဘူးလေ” ဟု ပြောသည်။
ထိုသို့ မြို့အား စွန့်ခွာမှုများကို ၃ ရက်ခန့် နောက်ကျခဲ့ပြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးမှုများလုပ်ဆောင်ခဲ့ကြ သလို ယခုအခါ မြို့တွင်းရှိသူများနှင့် ပြန်လည်ဝင်ပြီးလျှင် ပြန်မထွက်ရဟု တားဆီးခြင်းများကို ပြုလုပ်နေသော်လည်း ပြန်လည် ဝင်ရောက်နေထိုင်သူ အလွန်နည်းပါးကြောင်း သိရသည်။
အင်းတော် ပအဖ တာဝန်ရှိသူက“အင်းတော်မြို့ရဲ့ စစ်ကောင်စီယန္တရားကတော့ ပျက်သွားပါပြီ။ သူတို့ရဲ့ဌာနဆိုင်ရာ ဝန်ထမ်းတော်တော်များများ မြို့ပြင်ကို ထွက်ပြေးလာကြလို့ ထိန်းသိမ်းထားပြီးတော့ အလင်းဝင်ကိစ္စတွေကို NUG ရဲ့ ညွှန်ကြားချက်အတိုင်း ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီလ ၁၀ ရက်နောက်ပိုင်းကစလို့ လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်၊ နဘားနဲ့ နန့်စီအောင်လမ်းကြောတလျှောက်မှာ ၃ ရက်လောက် လေကြောင်းနဲ့အကြိမ်ကြိမ် တိုက်ခိုက်တာတွေ ရှိပါတယ်၊ လက်ရှိ စစ်ရေးတင်းမာနေပါတယ်” ဟု လက်ရှိအခြေအနေကို ပြောသည်။
ယခုအခါ အင်အားအများအပြားနှင့် သံချပ်ကာယာဉ်များပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်တိုက်ပွဲသို့ စစ်ကူပေးနိုင်ရေး မြစ်ကြီးနား-နန့်စီအောင်-မော်ဟန်ဘက်မှတဆင့် အင်းတော်ဒေသသို့ ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိ သလို တော်လှန်ရေးအင်အားစုများကလည်း အဆိုပါ စစ်ကူများ အလွယ်တကူ မဝင်ရောက်စေရန် နဘား- နန့်စီအောင် လမ်းကြောကို စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးစားလျက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးချိန်မှစကာ မြို့ပတ်လည် တွင် စစ်တပ်က အခိုင်အမာတပ်စွဲခြင်းများ ပြုလုပ်ထားသလို ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်းများ၊ မြို့တွင်းမှ နေ ရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်ကစပြီး အင်းတော်–မော်လူးဗျူဟာ ကားလမ်းမကြီးဘေးရှိ နဘား၊ နားမကြိုင်း၊ ပင်းတင့်ကျေးရွာ ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စပါးစိုက်ဧကများ ရိတ် သိမ်းနိုင်ခြင်း မရှိသေးသလို အင်းတော်မြို့ စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၈ ရက်တွင် နဘား ရွာမှ ၆ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပြီး၊ ၂၀ ရက်နေ့တွင် စစ်ကောင်စီမှ နဘားလမ်းဆုံအနီးသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတဦး သေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နိုဝင်ဘာ၂၂ ရက် ကလည်း အခင်းစိုက်နေသည့် နဘားကျေးရွာ ကချင်ကုန်းရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် မိခင်နှင့် အသက် ၁၇ အရွယ် သမီးဖြစ်သူတို့ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အင်းတော်ဒေသ မဲဇာ၊ နဘား၊ နတ်မဟုတ်ကြီး ကျေးရွာများအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိလာ၍ ရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများမှာ နိုဝင်ဘာ ၂ ရက်ကနေ စတင်ပြီး ယနေ့အချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသလို လူနေအိမ် ပျက်စီးမှုများ၊ လူသေဆုံးမှုများလည်း ရှိကြောင်း၊ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်များ၌ ယာယီနေထိုင်နေကြသည့် ယခင်စစ်ရှောင်များနှင့် ယခု စစ်ရှောင်အသစ်များအပါ လူဦးရေ ၃ သောင်းခန့်အထိ ရှိလာ ပြီး စားနပ်ရိက္ခာများ ခက်ခဲနေသလို၊ ရာသီဥတုအေးလာမှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေကြရ သဖြင့် အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကသာမြို့ အခြေအနေ
ထီးချိုင့်မြို့နှင့် ၃၂ မိုင်ကျော်အကွာအဝေး၌ရှိသော ကသာမြို့သည်လည်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲများနှင့်အတူ မြို့တွင်း သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိလာသောကြောင့် နိုဝင်ဘာ ၉ ရက်မှ စတင်ကာ မြို့ခံလူဦးရေ၏ ထက် ဝက်ခန့်ထိ နေရပ်စွန့်ခွာမှုများ ပြုလုပ်လာကြကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)နှင့် ဒေသခံများ ထံက သိရသည်။
ကသာမြို့နယ် ပအဖမှ တာဝန်ရှိသူတဦးက “ကောလင်းပြီးရင် ထီးချိုင့်၊ ထီးချိုင့်ပြီးရင် ကသာ၊ အင်းတော်ဆိုပြီး မြို့သိမ်း တွေ ဆက်လာနိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် ကြောက်လန့်ပြီး မြို့ကို စွန့်ခွာကြတာ။ အဲဒီလို စွန့်ခွာတဲ့သူတွေကို စကစဘက်က ပိတ်ပင်တာ၊ တာဆီးတာတွေ မရှိဘူး၊ အဲဒီလိုတွေကြောင့်လည်း မြို့သိမ်းလာတော့မှာ သေချာတယ် ဆိုပြီး မြို့ကို စွန့်ခွာလာကြတာပဲ” ဟု ဧရာဝတီကို ပြောသည်။
ကသာမြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး ကချင်ပြည်နယ်အတွင်းသို့ ရေလမ်းကြောင်းမှတဆင့် ဝင်ရောက် နိုင်သော ခရိုင်အဆင့် ရုံးစိုက်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်ကာ မြို့အား တိုက်ခိုက်မခံရရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် များ အင်အားဖြည့်တင်း၍ လုံခြုံရေး တိုးမြှင့်ထားသလို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။
ထို့အတူ နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ညပိုင်း၌ ကသာမြို့ပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ၊ လက်နက်ငယ်ပစ်ခတ်သံများလည်း ကြားနေရသဖြင့် မြို့အား စွန့်ခွာတိမ်းရှောင်နိုင်ခြင်း မရှိသူများအနေဖြင့် နေအိမ်များ တွင် ဗုံးခိုကျင်းများ တူးထားကြကြောင်း၊ မြို့ပေါ်တွင် လျှပ်စစ်မီးများလည်း ဖြတ်တောက်ခံထားရသလို ခရီးသည်တင် လိုင်းကားများ ပြေးဆွဲနေသော်လည်း လိုက်ပါမည့် ခရီးသည်မရှိကာ ယခင်ကဲ့သို့ စည်ကားမှု မရှိတော့ဟု ကသာမြို့ခံ တဦးက ပြောသည်။
ကသာခရိုင်တွင် ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်စသည့် မြို့နယ် ၄ ခုဖြင့် ဖွဲ့စည်းထားကာ ကသာမြို့နယ် အတွင်းရှိ ကျေးလက်တောရွာများပါမကျန် လူဦးရေမှာ ၁၆၇၇၃၄ ကျော်ရှိပြီး၊ ကသာမြို့တွင်မူ ရပ်ကွက် ၁၀ ခု အိမ်ခြေ ၅ ထောင်ကျော်၊ မြို့ပေါ်လူဦးရေမှာ ၃ သောင်းကျော်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့
ရပ်ကွက် ၃ ခု အိမ်ခြေ ၁၅၀၀ ဝန်းကျင်သာရှိသော ဗန်းမောက်မြို့အနီးဝန်ကျင်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှု များနှင့် စစ်ရေးတင်းမာမှုများကြောင့် နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ မြို့ခံအများစုမှာ နေရပ်စွန့်ခွာနေကြကြောင်း၊ ဗန်း မောက်မြို့နယ်သည် ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်အစပ်တွင်တည်ရှိပြီး တိုက်ပွဲများ မကြာခဏ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ဗန်းမောက်မြို့ခံတဦးက “ကျနော်တို့ မြို့က အဓိက ရွှေလုပ်ငန်းလုပ်ကြတာများတော့ ရွှေလုပ်ငန်းရှင်တွေနဲ့ ရွှေလုပ်သား တွေ အများဆုံးပဲ။ လက်ရှိ မြို့ပေါ်မှာတော့ ပစ်ခတ်တိုက်ခိုက်တာတွေ မရှိသေးပေမယ့် ရွာတွေဘက်မှာတော့ နေ့တိုင်း လိုလို တိုက်ပွဲတွေရှိတယ်၊ အဲဒါကြောင့် ရွှေလုပ်ငန်းတွေ နားထားရတယ်၊ အလုပ် မလုပ်ရတော့ လုပ်ငန်းရှင်တွေလည်း မနေကြတော့ဘူး။ နောက်ပြီး ဒေသခံတွေလည်း မြို့ကို စွန့်ခွာလာကြတာတွေ ဆက်တိုက်ဖြစ်လာတာပဲ၊ မြို့ကြီးက အခုဆို အသွားအလာနည်းပါးပြီးတော့ ခြောက်ကပ်နေတယ်” ဟု ပြောသည်။
ဗန်းမောက်မြို့အနီးရှိ မြစ်သေးချင်း၊ အနောက်တောကျေးရွာများဘက်တွင် နိုဝင်ဘာ ၁၀၊ ၁၁ ရက်များက စစ်ကြောင်း ထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဗိုလ်ကြီး အဆင့် ၂ ဦးအပါအဝင် ၈ ဦးခန့်ထိ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဒေသခံ တော် လှန်ရေး အင်အားစုများက ဆိုသည်။
မြို့ခံလူဦးရေမှာ ၁ သောင်းဝန်းကျင်ခန့်ရှိပြီး ရွှေလုပ်ကွက်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူများ နေရပ်သို့ ပြန်ကြ သလို၊ မြို့ခံများအနေဖြင့်လည်း နီးစပ်ရာ တိုက်ပွဲမဖြစ်သည့် ရွာများနှင့် ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ တိမ်းရှောင် ကြကြောင်း သိရသည်။
ရွှေကူမြို့
ကချင်ပြည်နယ် ရွှေကူမြို့ မြို့မရဲစခန်းနှင့် ရေဝန်းဘုန်းကြီးကျောင်းများတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက လူနေရပ်ကွက်များအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်အတူ ဌာနဆိုင်ရာရုံးခန်းများ ပိတ်သိမ်း မှုများကြောင့် ပြည်သူများလည်း မြို့မှ တိမ်းရှောင်မှုများ ရှိလာကြောင်း ဒေသခံများထံက သိရသည်။
“ကျနော်တို့နယ်ဘက်မှာက တိုက်ပွဲဖြစ်တာမျိုးတွေက အခုမှ ထဖြစ်တာမျိုး မဟုတ်ပေမယ့် အရင်က ရွာတွေဘက် မှာပဲဖြစ်တာ များတယ်လေ၊ အခုက ရွာတွေဘက်မှာရော မြို့တွေမှာပါ စစ်ဆင်ရေးတွေက ရှိလာတာဆိုတော့ မြို့ခံတွေ လည်း ပြေးကြရတာ။ ပြီးတော့ ရွှေမော်တော်တွေ မီးရှို့ခံရတာတွေကလည်း မြို့ရဲ့အလယ်ခေါင်လောက်မှာဆိုတော့ အားလုံး အထိတ်တလန့်တွေ ဖြစ်ကုန်ကြပြီး စကစတွေကလည်း အမြဲတမ်း လှည့်နေကြတာတွေကြောင့် မြို့ထဲမှာ စစ်ဆင်ရေးတွေ ရှိလာနိုင်တယ်ဆိုတာမျိုးတွေကြောင့်လည်း အခုလို မြို့ကို စွန့်ခွာကြတာ” ဟု ရွှေကူမြို့ခံတဦးက ပြောသည်။
ရွှေကူမြို့မရဲစခန်းနှင့် ရေဝန်းဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှ စတင်ကာ မြို့ထဲရပ်ကွက်အချို့နှင့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အမှတ် ၂ ရပ်ကွက်မှ လူနေအိမ်တလုံး ပေါ်သို့ ကျပေါက်၍ အိမ်ရှင်အမျိုးသားသေဆုံးကာ ဇနီးနှင့် ကလေးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ဆိုင်ကယ်စီးနင်လာ သော အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၁၆ ရက် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမှတ် ၂ ရဲစခန်း အနောက်ဘက်ရှိ ဦးလှသိန်း၏ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးလှသိန်းအပါ မိသားစုဝင် ၄ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များကြောင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြခြင်းဟု သိရ သည်။
ရွှေကူမြို့ခံများသည် မြစ်တဖက်ကမ်းရှိ ကျေးရွာများဘက်သို့ ဦးတည် ထွက်ပြေးတိမ်းရှောင်ကြပြီး အချို့ဒေသခံများမှာ မြို့တွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ခြင်းများ ပြုလုပ်နေသော်လည်း အချိန်မရွေး စွန့်ခွာနိုင်ရန်အတွက် ကြိုတင်ပြင် ဆင်မှုများကို ပြုလုပ်ထားရကြောင်း သိရသည်။
ထို့ပြင် ကောလင်းမြို့သိမ်းတိုက်ပွဲ၊ ထီးချိုင့် မြို့သိမ်းတိုက်ပွဲအရှိန်ကြောင့် လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ် တောက်ကာ ကုန်စီစည်းဆင်းမှု ရပ်တန့်ကုန်သဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
ရွှေကူဒေသခံတဦးက “လက်ရှိ စက်သုံးဆီတဂါလံကို ၂ သောင်းကျော်နေပြီ၊ လိုသလောက် ဝယ်လို့ မရဘူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆိုရင်လည်း ၁ သောင်းကျော် ၂ သောင်းလောက်ထိ ဖြစ်နေပြီ၊ အဲဒီလို အခြေခံစားကုန်တွေကအစ ဈေး တွေ တက်ကုန်တော့ ပြည်သူတွေပဲ ခံကြရတာပေါ့လေ။ တိုက်ပွဲတွေကြောင့် စက်သုံးဆီနဲ့ ကုန်စည်တွေအားလုံး ရှမ်းပြည်ဘက်ကနေ ပတ်လာနေရတာကြောင့်လည်း ကုန်ဈေးနှုန်းတွေ တက်လာရတာပါ၊ ရောက်လာရင်တောင် ခွဲတန်း နဲ့ပဲရကြတာ များပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်က ရွှေကူမြို့နယ် မြစ်ကမ်းဘေးတလျှောက် ရပ်နားထားသည့် ဒေသအခေါ် ရွှေမော်တော် (ရွှေဖောင်) အစီးရေ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းများလည်းပြုလုပ်ခဲ့သလို ဒေသခံများလည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ရွှေကူမြို့၌ ရပ်ကွက် ၈ ခု အိမ်ခြေ ၃၆၀၀ ကျော်ရှိပြီး မြို့နေလူဦးရေမှာ ၂ သောင်းနီးပါးရှိပြီး လက်ရှိတွင် တိုက်ပွဲမဖြစ် ပွားဘဲ ငြိမ်နေပါက မြို့အတွင်းသို့ ပြန်ဝင်လာကြသလို၊ တိုက်ပွဲဖြစ်ပွားမှုများရှိပါက မြို့မှနေ ဘေးလွတ်ရာသို့ တိမ်း ရှောင်နေကြကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအနှံ့၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု အရှိန်မြင့်လာသလို ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ဆက်နေပြီး မြို့သိမ်းတိုက်ပွဲများကြား အရပ်သားများ ကြားညှပ်ကာ စစ်ရှောင်ဦး ရေမှာလည်း ပို၍ များပြားလာဦးမည် ဖြစ်သလို ပြည်သူများ စစ်ဘေးနှင့် စားဝတ်နေရေးခက်ခဲမှုဒဏ်ကို ရင်ဆိုင်ရဦး မည် ဖြစ်ပေသည်။ ။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ
စစ်ပွဲများကြောင့် ပြတ်တောက်လာသည့် နယ်စပ်ကုန်သွယ်ရေး