ကျမတို့ လူ့ဘဝမှာ လူတွေ အပြစ်မကင်းနိုင်တဲ့ ပြေးမလွတ်တဲ့ အကုသိုလ်ကတော့ လောဘ၊ ဒေါသ၊ မောဟ ပါပဲ။ လူတိုင်း သိကြပါတယ်။
ဒီကံပြုမှုမှာ ဒေါသဟာ မထိန်းနိုင်ရင် သူလည်း ဒုက္ခရောက်၊ ကိုယ်လည်း ဒုက္ခရောက်ရတဲ့ အမှုပါ။ ရုတ်တရက် လူသတ်မှုတွေ ဖြစ်ကြရတာ ဒေါသကို ထိန်းမရနိုင်တဲ့ ပေါက်ကွဲမှု တခုပေါ့။
မိန်းမတွေ အဖို့မှာ “ဒေါသ” အဖြစ်ရဆုံး အရာဟာ ဘာလဲ။ သည်းမခံနိုင်တဲ့ အရာဟာ ဘာလဲ။
စစ်ကြည့်လိုက်တော့ ကိုယ့်လင်သား တပါးသူနဲ့ ဖောက်ပြန်ကြတဲ့ အမှုပါပဲ။
နောက်တခု အကြောင်းရင်းနဲ့ကတော့ ကိုယ့်ကို ခွန်အားသုံးပြီး နိုင်ထက်စီးနင်း ပြုတဲ့ အမှုပေါ့။ ပွင့်လင်းစွာ ပြောရရင် မုဒိမ်းမှုပေါ့။
ဒီနှစ်ချက်ကို အရင်မူတည်ပြီး စဉ်းစားကြည့်ကြရအောင်။
ကျမတို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေဟာ ကာယိန္ဒြေ စောင့်စည်းကြတာမို့ ယောက်ျားတွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို အင်မတန် ခါးသီးစွာ ခံစားရပါတယ်။ အင်မတန် ရွံရှာ စက်ဆုပ်ပြီး မုန်းတီးခြင်းလည်း ဖြစ်ခဲ့ရပါတယ်။
ခပ်ပျော့ပျော့နဲ့ အလွန် တွန့်ဆုတ်စွာ ရှက်ကြတဲ့ မိန်းမဆိုရင် အထိတ်တလန့်နဲ့ ကြောက်ရွံ့နေရုံက လွဲလို့ အနိုင်ကျင့်သူ ယောက်ျားတွေ အတွက် ဘေးအန္တရာယ် မဖြစ်ဘူး။
ခပ်ထက်ထက်နဲ့ သတ္တိကောင်းတဲ့ မိန်းမ ဆိုရင်တော့ ဘတပြန် ကျားတပြန်ပဲ။
လွန်ခဲ့တဲ့ နှစ် ၄၀ ပတ်ဝန်းကျင်လောက်တုန်းက ဆိုရင် ထောက်ကြံ့ ရာဘာတောမှာ မိန်းမ တဦးကို မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့ ယောက်ျားတဦးကို သူ့ပရိယာယ် နဲ့ အလိုတူချင်ယောင် ဆောင်ပြီး ဆေးရုံရောက် အမှု ဖြစ်ခဲ့ကြတာကို အဲဒီခေတ် မှုခင်းရေးရာ ဂျာနယ် သတင်းစာတွေမှာ ဖတ်ရဖူးပါတယ်။
အင်မတန် ကြမ်းတမ်းတဲ့ ရက်စက်မှုပါပဲ။ အဲဒါကို အားရဝမ်းသာ ဖြစ်သူက ဖြစ်၊ ရက်စက်မှုကို မနှစ်မြို့နိုင်သူတွေလည်း ရှိပါရဲ့။ ကျမတို့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး အဖြစ်ဆိုးပါပဲ။
မကြာသေးမီက အမေရိကန် တိုင်ပြည်၊ ပြည်နယ် တခုမှာ မိန်းမတဦးဟာ ဖောက်ပြန်တဲ့ ယောက်ျားကို ဒီလိုပဲ ဒဏ်ခတ် လှီးဖြတ်ပြီး ရေခဲသေတ္တာထဲတောင် ထည့်ထားသတဲ့။
ဘယ်လို ရည်ရွယ်ချက်နဲ့လည်းတော့ မသိဘူး။ သတင်း ဂျာနယ်တွေမှာ ဖတ်ရတာဖြင့် အင်မတန် သဲထိတ် ရင်တုန်စရာပါ။
အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။
တချို့က မိန်းမငယ်တွေကို၊ တချို့က သူတို့ရဲ့ လင်ယောက်ျားပါ ပါးနား ပိတ်ရိုက်တာမျိုး အထိ ပေါက်ကွဲတတ်ကြပါတယ်။
ဒီလို ဒေါသ နဲ့ ဖြေရှင်းတဲ့ ကိစ္စမှာ နှစ်ဦး နှစ်ဖက် နစ်နာဖို့ပါပဲ။ ဒေါသကို ဒေါသမှန်း သိပြီး သတိလေးကပ် ထိန်းချုပ်လိုက်ရင်တော့ အကောင်းဆုံးပေါ့။
ဗုဒ္ဓဘာသာ တရားသဘောအရ ဒေါသ ဖြစ်နေပါလား၊ ဒက်ခနဲ “သိ” လိုက်ရပြီး စိတ်တချက် ပြောင်းလိုက်နိုင်ရင်တော့ စိတ်နှလုံး အေးချမ်းပြီး အကုသိုလ်ကို ဖယ်ရှားပြီးသား ဖြစ်လာနိုင်တာပေါ့။
တခြား ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာကြရုံပေါ့။
သူရိုက်လို့ ကိုယ်ဆဲတာဟာ သူရိုက်တာက သူ့အပြစ်၊ ကိုယ်ဆဲတာက ကိုယ့်အပြစ် ဖြစ်ရော။ အကုသိုလ် တဦးတည်းလုပ်၊ တဦးတည်း အပြစ်ဖြစ်ရမှာ ကိုယ်ပါ ငရဲတွင်းထဲ ခုန်ဆင်းသလို ဖြစ်သွားမှာ အမှန်ပါပဲ။
ပုဏ္ဏား ဆဲရေးတဲ့ အစုတ်ထုပ်ကြီးကို ဂေါတမ မြတ်စွာဘုရား ပြုံးပြီး ဘာမှ မတုံ့ပြန်ဘဲ အကုသိုလ်ထုပ် မယူခဲ့တဲ့ သာဓက လည်း ရှိနေတာပဲ။
မြန်မာ ဆိုရိုးမှာ “ပညာရှိတို့အမျက် အပြင်မထွက်နဲ့” ဆိုတာဟာလည်း ထိန်းချုပ်မှု တမျိုးပါပဲ။
လူမှာ စိတ်မဆိုးပါနဲ့ ဆိုလို့ ဘယ်ရမလဲ။ စိတ်ဆိုတာ ဆိုးတန် ဆိုးတာပဲ။ ဒီလူကို စိတ်ဆိုးပါ၊ ဒေါသဖြစ်ပါ ဆိုလို့လည်း မရတာ အမှန်ပါပဲ။ ဒေါသရှေ့ထား မှားလိမ့်မယ်နော်လို့ လူကြီးသူမတွေ သတိပေးတာလည်း ကျမတို့ ကြားဖူးနေကြတာပဲ။
မဟောသဓဟာ အမရာကို အလိုစမ်းတဲ့ အဖြစ်တခုမှာ အမရာ အိမ်ရှေ့နဲ့ အိမ်နောက် ခေါက်တုံ့ ခေါက်ပြန် သွားစေ လာစေ အကြိမ်ကြိမ် လုပ်ခိုင်းတော့ အမရာဟာ အပြုံးမပျက် မဟောသဓ ပြောစကားအတိုင်း လိုက်နာသတဲ့၊ ဒီတော့ မဟောသဓ ပြောတဲ့သကားဟာ “ဤမိန်းမကား အမျက်စောင်မာန် မရှိ၊ မိန်းမမြတ်တည်း” တဲ့။
သည်တော့ ကျမတို့ အင်မတန် စိတ်တို စိတ်ဆတ်ကြတဲ့ သူငယ်ချင်း တသိုက်က “ဟယ် ငါတို့က မိန်းမယုတ်တွေပေါ့နော်” လို့ စိတ်အားငယ်ဖူးပါတယ်။
ဒါပေမယ့်လည်း ကျမတို့ထဲက ခပ်ထက်ထက် ခပ်သွက်သွက် တယောက်က “ဟဲ့ အမရာ ဒေါသမတွက်တဲ့ လူပုဂ္ဂိုလ် ကလည်း ဘုရားလောင်း ပါရမီရှင်လေ၊ သာမန်မှ မဟုတ်တာ၊ ငါတို့ကို စော်ကားမော်ကား လုပ်တဲ့ လူယုတ်မာကို ဒေါသ မထွက် စိတ်မဆိုးဘဲ နေလို့ရမလား ဟဲ့” လို့ သူက တရားရုံးမှာ လျှောက်လဲနေသလို လျှောက်လဲနေသေးရဲ့။
ဒေါသကြောင့် အရှက်ကို မငဲ့နိုင်တဲ့ မိန်းမငယ် တဦးကတော့ သူ့ယောက်ျားကို လုယူ ပေါင်းသင်းတဲ့ မိန်းမရယ်လို့ ဆဲရေးပြီး ရန်စ နပန်းသတ်ရအောင် ဈေးလယ်ခေါင် ဆဲရေးလို့ “လာလေ ကောင်မ” လို့ စိမ်ခေါ်ပါလေရော။
ထဘီကျွတ်လည်း ငဲ့စရာမလို၊ အသားကုန် နပန်းသတ်မယ်ပေါ့၊ လက်ဖက်ရည်ဆိုင်က အမျိုးသားတွေက ပြုံးစိစိနဲ့ ရုပ်ရှင်ကြည့်သလို ကြည့်ကြ၊ မျက်နှာ လွှဲသူ လွှဲကြနဲ့။
အဲဒီတုန်းက ကျမနဲ့ သားအမိလို ရင်းနှီးတဲ့ မငြိမ်း (ပန်းချီ စောနန်း၊ အခုအမေရိကားမှာ) တို့လည်း ဈေးဝယ်ရာကနေ ကပျာကယာ ရှောင်ပြေးခဲ့ကြရပါတယ်။
ငြိမ်းကတောင် “အဲဒီ မိန်းကလေး ကိုယ်လုံး လှတယ်နော်၊ ဂျိန်းဖောင်ဒါလိုပဲ” လို့ ရယ်ရင်းပြော။
ကျမလည်း “အေး ဟုတ်ပါရဲ့” ဆိုပြီးတော့ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါသေးတယ်။
စိတ်လည်း မကောင်းစရာပါပဲ။ သူ့ ရုပ်ရည်နဲ့ ကိုယ်လုံးလေးက ဒီခေတ် မော်ဒယ်လ် ဆိုက်လို လှနေတော့ နှမြောစရာပေါ့။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














