ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှု၌ ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူ ၁၉ နှစ် အရွယ် မြန်မာ အလုပ်သမား စိုင်းမြတ်မိုးမှာ နယ်စပ်ဖြတ်၍ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း ထိုင်းသတင်း ဌာနများက ဖော်ပြသည်။
အသတ်ခံရသူမှာ ၆၃ နှစ်အရွယ်ရှိ ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Mr. Vichit Vichitmarn ဖြစ်ပြီး ပြီးခဲ့သည့်လ စက်တင်ဘာ ၉ ရက်က ဘန်ကောက်မြို့ ချာတူးချတ်ခရိုင်ရှိ ၃ ထပ် အဆောက်အဦသို့ တဦးထဲ ပြောင်းရွှေ့ လာကြောင်း၊ အောက်တိုဘာလ ၈ရက်နေ့ နံနက်ပိုင်းက ၎င်း၏ အလောင်းကို သန့်စင်ခန်းထဲတွင် စက္ကူပုံးဖြင့် ဖုံးထားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ အဆိုအရ သေဆုံးသူမှာ ရင်ဘတ်တွင် ဓားဒဏ်ရာ ၃ ချက်ဖြင့် စက်တင်ဘာ ၂၈ ရက် နေ့ကတည်းက သေ ဆုံးနေခြင်း ဖြစ်ကြောင်း၊ သံသယရှိသည့် မြန်မာအလုပ်သမား စိုင်းမြတ်မိုးမှာ ထိုင်းသံအမတ်ဟောင်း၏ နေအိမ် ဆေးသုတ် ရန် စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက လာရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး အခင်းဖြစ်ပြီး နောက်တနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီ ၂၂ မိနစ်တွင် ထိုင်းနယ်စပ် မယ်ဆိုင်ဂိတ်မှ မြန်မာပြည်ဘက်သို့ ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ် ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အဓိကကတော့ သူက သေသွားတဲ့ သံအမတ်ဟောင်းနဲ့ တစုံတရာ ရင်းနှီးမှုရှိတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုပေါ့။ လွတ် သွားပြီဆိုတဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံဘက် ရှမ်းပြည်ကို ကူးသွားပြီ။ သူ့ရဲ့ Facebook ကနေတောင် “နှုတ်ဆက်တယ် ထိုင်းနိုင်ငံ” ဆိုပြီးတော့ ရှမ်းစာနဲ့ရေးထားတာတွေ့တယ်” ဟု ပြောသည်။

အိမ်ရှိ CCTV မှတ်တမ်းအရ သံသယရှိသူ ယင်းအလုပ်သမားမှာ စက်တင်ဘာ ၂၅ ရက်နေ့က အိမ်သို့ ရောက်လာကာ သံအမတ်ဟောင်းက တံခါးဖွင့်ပေးခဲ့ကြောင်း၊ စက်တင်ဘာ ၂၈ ရက်တွင် သံအမတ်ဟောင်း အား ATM ကတ် လျှို့ဝှက် နံပါတ်ပေးရန် ဓားထောက်ခြိမ်းခြောက်ပြီးနောက် ဓားဖြင့်ထိုးသတ်ကာ အိမ်ရှိ ဖုန်းများ ကွန်ပျူတာများကို ခိုးယူထွက် ပြေးသွားပြီး ATM စက်အတွင်းမှလည်း ဘတ်ငွေသိန်းပေါင်း များစွာကို ထုတ်ယူသွားကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကိုးကား၍ Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထိုင်းသံအမတ်ဟောင်းသေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည့် အတွက် မြန်မာလုပ်သားများအနေဖြင့် ယခုရက်ပိုင်းအတွင်း သတိဝီရိယဖြင့် နေထိုင် ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးသည်။

“အဓိကကတော့ အမြဲတမ်းပဲ လူသတ်မှုတခုခု ဖြစ်တယ်။ မြန်မာလူမျိုးတွေက ထိုင်းအာဏာပိုင် ၊ ထိုင်းလူမျိုးတွေကို တခုခုလုပ်တာဟာ ဒီဖြစ်စဉ်က အခုမှမဟုတ်ပါဘူး။ ဒီလိုဖြစ်တိုင်း ဘာမှမလုပ်တဲ့ မြန်မာရွှေ့ပြောင်းတွေအပေါ်မှာ ဝင်ရောက်စစ်ဆေးတာတွေ ခံရတယ်။ တရားဝင်လက်မှတ် မရှိတဲ့သူတွေကျတော့ ဖမ်းဆီးအရေးယူမှုတွေ ခံရနိုင်တယ်။ ဒါကြောင့်မို့လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အခြေအနေပေါ်မူတည်ပြီးတော့ သတိဝီရိယနဲ့ နေကြထိုင်ဖို့ ပြောချင်တယ်” ဟု ဦးထူးချစ်ကပြောသည်။
အဆိုပါ သံအမတ်ကြီး အသတ်ခံရမှုအား ဖော်ပြသည့် ထိုင်းသတင်းများ၏ အောက်တွင် ထိုင်းလူမျိုးများက မြန်မာ များသည် ထိုင်းလူမျိုးများအားသတ်သူများဖြစ်ကြောင်း၊ ရက်စက်သူများဖြစ်ကြောင်း အစရှိသည့် မှတ်ချက်များ ရေးသားထားကြသည်။
သံသယတရားခံ ဖမ်းမိရေးအတွက် မြန်မာနိုင်ငံရှိ ရဲကိုလည်း အကြောင်းကြားထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ် ကိုလည်း အကူအညီတောင်းရန် ပြင်ဆင်နေသည်ဟု ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲရဲချုပ် Attapol Anusit က ပြောဆိုထားသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဘန်ကောက်မြန်မာသံအရာရှိရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။
You may also like these stories:
ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု သံသယဖြင့် မြန်မာ ၄၀၀ ခန့် ဖမ်းထား
ထိုင်းအမျိုးသားတဦး အသတ်ခံရမှု မြန်မာ ၉ ဦးကို စတင် စစ်ဆေး
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ