သတင်း

ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ

နိုင်ငံရေး အခြေအနေနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် မြန်မာအများအပြား ထိုင်းနိုင်ငံသို့ တရားမဝင် ဝင် ရောက်လျက်ရှိသလို နေ့စဉ် ရာနှင့်ချီ ဖမ်းဆီးခံနေရပြီး ထိုသူများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးမှ မြန်မာဘက်သို့ ပြန် ပို့သော်လည်း အကန့်အသတ်ဖြင့်သာ လက်ခံသဖြင့် ထိုင်းအချုပ်ခန်းများ၌ ပြည့်နေကြောင်း သိရသည်။

ယခု မေလ ၁၀ ရက် ကျော်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာ၍ ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်း လုပ် သား၂၀၀ ခန့်ရှိပြီး ထိုအရေအတွက်သည် အဖမ်းမခံရဘဲ လွတ်မြောက်သွားသည့် အရေအတွက်ထက် ၅ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ခန့်မှန်းသည်။

အထောက်အထားမဲ့ ဝင်လာသူများကို ထိုင်းနိုင်ငံ ဥပဒေအရ တရားမဝင် ခိုးဝင်မှုဖြင့် ၄၅ ရက် အချုပ်ကျခံစေရကာ ငွေဒဏ် ဘတ် ၈ ထောင် ချမှတ်ရန် ပြဋ္ဌာန်းထားပြီး အပြစ်ရှိကြောင်း ဝန်ခံပါက ဘတ် ၄ ထောင်သို့ လျော့ချ ကျခံစေ သည်။ သို့သော် ကိုဗစ်ကာလတွင်မူ ရောဂါကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်၊ လက်ခံသူအား ထောင်ဒဏ် ၅ နှစ်အထိ ချရန် သတ်မှတ်သော်လည်း ထောင်များ မဆန့်တော့သဖြင့် ထောင် ၁ နှစ်သာ ချမှတ်ခံရကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက “အခုဟာက ဖမ်းမိတာတွေကလည်း များတယ်။ မြန်မာဘက်ခြမ်းကလည်း ဘယ်နှယောက်လာလာ လက်ခံတာမျိုး မရှိဘူး ဆိုတော့ အလှည့်ကျနဲ့ ပို့တယ် ကိုဗစ်ကြောင့် အဓိကပေါ့။ ရောဂါစစ်တာတို့ ယာယီ ခဏ ထား တာတို့ လုပ်ရတာ အဲဒါကို မြန်မာဘက်က မလုပ်နိုင်တော့ ဒီဘက် ရနောင်းတို့ မဲဆောက်တို့ကနေ ပြန်လွှတ် မယ့် လူတွေကို ဆိုင်းငံ့ ထားထားတာပေါ့။ ဒီဘက်က ပို့ပေးဖို့က အဆင်သင့်ပဲ မြန်မာဘက်ခြမ်းက ကြာနေတာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည့်သူများကို ထိုင်းဘက်မှ မြဝတီ – မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတား မှတဆင့် တပတ်လျှင် ၃ ရက် ပြန်ခွင့်ပြုသော်လည်း မြန်မာဘက်မှ ၄၀၀ ခန့်သာ လက်ခံသည့်အတွက် အဝင်အထွက် မမျှတတော့ခြင်း ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက သုံးသပ်သည်။

ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာတွင် ဖမ်းဆီးခံရသည်ဖြစ်စေ ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်မှတဆင့်သာ ပြန် လည် ပို့ဆောင်သဖြင့် ယင်းခရိုင်အတွင်းရှိ ဖွတ်ဖရ၊ ထဆောင်ယန်း၊ ဝမ်ကျောက်၊ မယ်ရမတ် မြို့များ ရှိသည့် အချုပ် ခန်းများ၌ မြန်မာများဖြင့် ပြည့်နှက်မှု အများဆုံးဖြစ်နေပြီး လူဦးရေ ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

“တချို့တွေဆို ၃ ၊ ၄ ၊ ၅ လ၊ တချို့တွေဆို ၈ လလောက်ထိ နေရတဲ့သူတွေ ရှိတယ်။ စိတ်ပျက်တာတို့ တချို့တွေဆို စိတ်ပိုင်းဆိုင်ရာ ခံစားရတာမျိုးတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားတာမျိုးတွေ ရှိတယ်။ အခုကာလမှာ CDM တို့ ဘာတို့ လုပ်ထားတဲ့ လူမျိုးတွေ နိုင်ငံရေးအကြောင်းကြောင့် ထွက်ပြေး ခိုလှုံလာတာမျိုးတွေဆို ပြန်လွှတ် မယ်ဆို အခက်အခဲ ဖြစ်တာပေါ့။ စိုးရိမ်ပြီးတော့ ဒီထဲမှာ ဖြစ်တဲ့ဒုက္ခနဲ့ စိတ်ဖိစီးမှုတွေ ခံစားရတာပေါ့” ဟု ဦးမင်းဦးက ပြော သည်။

တချို့သော ထိန်းသိမ်းခံရသူတို့မှာ မြန်မာပြည်သို့ ပြန်ပို့ရန် ထိုင်းအာဏာပိုင်တို့က ညွှန်ကြားထားပြီးဖြစ်သဖြင့် ၎င်းတို့ မှာ ကျွေးမွေးရမည့် စာရင်းတွင် မပါတော့သဖြင့် စားသောက်ရေး ဒုက္ခရောက်နေကြသဖြင့် ထိုသူများအတွက် ထိုင်း ဒေသ အာဏာပိုင်များက အလုပ်သမားအရေး ဆောင်ရွက်သူများထံ အကူအညီ တောင်းလာခြင်းမျိုး ရှိကြောင်း သိရသည်။

အချုပ်ခန်းများသို့ သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် Burma Labour Center မှ တွဲဖက်အတွင်းရေးမှူး မစုလှိုင်ထွန်းက “တနေ့ကို ဘယ်လောက်ဆိုပြီးတော့ ဟိုဘက်ကမ်းကနေ အကန့်အသတ်နဲ့ လက်ခံတာ။ ပို့ရတာနဲ့ ဖမ်းမိတာက မကာမိတော့ အလုပ်သမားတွေ အခက်အခဲတွေ ကြုံရတယ်။ ဖွတ်ဖရက ရဲစခန်းမှာ အရမ်းများတယ်။ နေ့တိုင်း အပြောင်းအလဲတော့ ရှိပေမယ့် လျော့သွားတယ်ဆိုတာတော့ မရှိဘူး။ ပြန်ပို့တဲ့သူတွေ ခေါ်ခေါ်သွားတာ ရှိ ပေမယ့် ပြန်ဝင်လာတာက ပိုများတယ်” ဟု ပြောသည်။

ထိုကဲ့သို့ နေရပ်ပြန်ပို့ခံရမည့် သူများထဲတွင် ကလေးသူငယ်များလည်း ပါဝင်သည့်အတွက် အခက်အခဲများဖြင့် ကြုံ တွေ့ရကြောင်း နေရပ်ပြန်တဦးက ပြောသည်။

၎င်းက “ထိုင်းဘက်ကတော့ ကျွေးပါတယ်။ များလွန်းတဲ့အတွက် မလုံလောက်ဘူး။ ထမင်းတနေ့ ၂ နပ်တော့ ကျွေးပေ မယ့် ယောက်ျားလေးတွေအတွက် မလုံလောက်ဘူး။ ကလေးတွေလည်း ပါတာတွေရှိတော့ တော်တော်လေးကို ခက်ခဲ တယ်။ ဒါပေမယ့် အနေအစား ခက်ခဲတာကလွဲလို့ ဒီမှာက ရဲတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်” ဟု ပြော သည်။

လက်ရှိတွင် နေရပ်ပြန်များအား ဇန်နဝါရီလမှ စတင်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် တရက် လျှင်၂၀၀ နှုန်းဖြင့် မြန်မာပြည်ဘက်မှ ပြန်လည် လက်ခံလျက်ရှိပြီး များသောအားဖြင့် ရနောင်း၊ မယ်ဆိုင်နှင့် မဲဆောက် တို့မှ ပြန်လည် ပို့ဆောင်ပေးလျက် ရှိသည်။

“နယ်စပ်ဖြတ်ကျော်စဉ်က ဖမ်းဆီးခံရတဲ့သူတွေ အခုဆိုရင် အစားအသောက်နဲ့ ရေတွေ လိုအပ်တယ်။ အလုပ်သမား တွေ ၄ ၊ ၅ ရာလောက် တွေ့ခဲ့ရတယ်။ ဖွတ်ဖရဘက်မှာပေါ့။ တော်တော်လေးကို အခြေအနေ ဆိုးတယ်။ နေ့တိုင်း နေ့ တိုင်း ဖမ်းမိနေတယ်။ ပြန်ပို့တော့လည်း အကန့်အသတ်နဲ့ဆိုတော့ ဖမ်းမိတာနဲ့ ပြန်ပို့တာက မမျှတတော့ အလုပ်သမား တွေက တအားကို ကျပ်တာပေါ့။ တရားရင်ဆိုင်တာတောင် မဟုတ်ဘဲ ပြန်ပို့ဖို့ ထားထားတဲ့နေရာက အရမ်းကို ကျပ် တည်းတဲ့နေရာပေါ့။ စွန့်ပစ်ထားတဲ့ အဆောက်အအုံ နေရာကျဉ်းကျဉ်းလေးမှာ နေနေရတာပေါ့” ဟု မစုလှိုင်ထွန်းက ပြောသည်။

ထိုင်းနိုင်ငံရှိ အချုပ်ခန်းများတွင် မြန်မာနိုင်ငံသားများ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေခြင်းအတွက် မိခင်နိုင်ငံတွင် တာဝန် ရှိပြီး အချိန်နှင့်တပြေးညီ လက်ခံနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများ မှ ထောက်ပြ ပြောဆိုကြသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အချုပ်ကျခံနေရသူများကို ကိုဗစ်ရောဂါ အကြောင်းပြ၍ လက်ခံမှု နှောင့်နှေးနေခြင်းမှာ မဖြစ်သင့်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။

ဦးအောင်ကျော်က “ကိုဗစ် ရောဂါကြီး လောကထဲ ရောက်လာတာ မနေ့တနေ့က ဖြစ်နေတာ မဟုတ်ဘဲနဲ့ ၂ နှစ် ကျော်ကြာဖြစ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပြင်ဆင်ရမလဲ ဘယ်လိုကာကွယ်ရမလဲ ဘယ်လို စခန်းတွေကို တည်ဆောက်ထားရမလဲဆိုတာ သူတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ အဓိကပြောချင်တာ ကိုယ့်နိုင်ငံသားတွေကို တဖက်နိုင်ငံ က လွတ်ရက်စေ့လို့ ပြန်လွှတ်ပြီဆိုရင် ပြန်ခေါ်နိုင်အောင် လုပ်ရမှာက မြန်မာတွေရဲ့ တာဝန်ဖြစ်ပါတယ်။ စနစ်တကျ အချိန်နဲ့တပြေးညီ ပြင်ဆင်နိုင်အောင် ကြိုးစားရမှာလို့ အဓိက ထောက်ပြချင်တာဖြစ်ပါတယ်” ဟု ပြော သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းမှစတင်၍ နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှ ဧပြီအတွင်း ၁၂၀၀၀ ခန့် ဖမ်းဆီး ခံခဲ့ရကြောင်း ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

You may also like these stories:

MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ

မြန်မာဘက်သို့ အမြန်ပို့ရေး ရနောင်းအချုပ်တွင် ဆန္ဒပြမှု ဖြစ်ပွား

Loading