မြန်မာ-ထိုင်းနိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် လက်နက်ကိုင်အဖွဲ့များမှာ နှစ်နိုင်ငံ အကျိုးစီးပွား ဆိုးရွားစွာ ထိခိုက် ပျက်စီးစေသည့်အတွက် ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီ ရဲချုပ်သစ် ဗိုလ်ချုပ် ဇင်မင်းထက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက် ဆွေးနွေးကြောင်း စစ်ကောင်စီက ယနေ့သတင်း ထုတ်ပြန်သည်။
ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ်အသစ်ဖြစ်လာသူ ဗိုလ်ချုပ် ဇင်မင်းထက်၏ ထိုင်းခရီးစဉ်မှာ ဇွန် ၆ ရက်နှင့် ၇ ရက်က သွားရောက်ခြင်းဖြစ်ပြီး ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ကြီး စုဝတ် ချန်းရော့စုနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ နိုင်ငံဖြတ် ကျော် မှုခင်းတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ် လုပ်ငန်း ကော်မတီ အစည်းအဝေးပြုလုပ် ခဲ့သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးမှုခင်းများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများ တိုက်ဖျက်ရေးတွင် နယ်စပ် ဆက်ဆံရေးရုံးများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပြင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ချင်း အဓိက ပူးပေါင်း ဆောင်ရွက်ရမည့် အကြမ်းဖက်မှု အန္တရာယ်များအတွက် သက်ရောက် မှုများ၊ အထူးသဖြင့် လက်နက်မှောင်ခိုမှုနှင့် လက်နက်ကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက် ဖျက်ရေး၊ နယ်စပ်ဒေသ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရေး၊ လူသား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား နားလည် မှု စာချွန်လွှာလက်မှတ်ရေးထိုးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးန္ဂေခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည့် သဘော တူညီချက် ၆ ချက်အား လက်မှတ် ရေးထိုးခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
စစ်ကောင်စီ ပြန်ကြားရေးက ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ ထိုင်းခရီးစဉ်မှာ နှစ်နိုင်ငံ အကျိုး စီးပွားကို ထိခိုက်ပျက်စီးစေသည့် နယ်စပ်တွင် ခိုအောင်းနေသည့် လက်နက်ကိုင်အဖွဲ့များအားဖော်ထုတ် အရေးယူရေး ဟု ဆိုသော်လည်း ထိုင်းဘုရင့်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရမူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေး အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆွေးနွေးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက ၎င်းတို့အား ခုခံတော်လှန်နေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့အား အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာထားသလို လက်ရှိ ထိုင်း- မြန်မာနယ်စပ်တွင် တရုတ် လောင်းကစား မူးယစ်ဆေးဝါးဂိုဏ်းများမှာ ကရင်ပြည်နယ် ရှမ်းပြည်နယ် နယ်စပ်တလျှောက်တွင် လှုပ်ရှားလျှက်ရှိ သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် အဖွဲ့သည် ဘန်ကောက် မြို့သို့ သွားရောက်ကာ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည့်အပြင် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များနှင့်လည်း တွေ့ဆုံကာ ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ထိန်းချုပ်ရေး၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှု မရှိစေရေး၊ နှစ်နိုင်ငံအလိုရှိ တရားခံများ ဖော်ထုတ် ဖမ်း ဆီးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။
You may also like these stories:
စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား
PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော