ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်နက်ခဲယမ်းများ မထောက်ပံ့ရန် စစ်ကောင်စီဘက်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP)နှင့် တွေ့ဆုံရာတွင် ပြောခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိ ယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မေလ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်တွင် စစ်ကောင်စီဘက်က ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
UWSP ဘက်ကလည်း လက်ရှိ မြန်မာနိုင်ငံ ကြုံနေရသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့်ကြောင်း ပြောသည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် UWSP ကိုယ်စားလှယ်အဖွဲ့၌ ပါဝင်သော UWSP လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းအား ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက PDF ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ အလားတူ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ခြင်း မရှိကြောင်း သူက ငြင်းသည်။
UWSP ၏ မေလ ၃၁ ရက် ထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံ၌ မည်သည့် အစိုးရ အုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်း သားများ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် ပဋိပက္ခ ပိုမိုမဖြစ်စေလိုသောကြောင့် မည်သည့်ဘက်ကမှ ပါဝင်မည် မဟုတ် ကြောင်း ဆိုထားသည်။
ပဋိပက္ခအတွင်း တန်ဖိုးရှိသော အသက်ပေါင်းများစွာ ဆုံးရှုံးနေသောကြောင့် လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြား ခြင်း၊ အမုန်းတရားများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခြင်းမှ ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုများမှ တဆင့် အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းကြောင်း UWSP ဘက်က ဆိုသည်။
UWSP အနေဖြင့် လက်ရှိပဋိပက္ခမှာဗမာတိုင်းရင်းသားများ၏ ပြည်တွင်းရေးဟု ဆိုနေသော်လည်း တဖက်တွင်မူ ရှမ်းပြည်တောင်ပိုင်း ပင်လုံအနီးရှိ ဆနင်းတောင်၊ မိုင်းကိုင်အနောက်ဖက်ရှိ ဆင်တောင်၊ ရပ်စောက်- ကျောက်ဂူနယ် အရှေ့ခြမ်းနှင့် မိုင်းရှှူးအနီးရှိ သံလွင်မြစ်ကူး ကူးတို့ကို စီးမိုးထားသည့် တောင်ကုန်းများကို UWSA တပ်များက နေရာယူကာ စစ်ကောင်စီတပ်ကို ရင်ဆိုင်ထားပြီး နယ်မြေတိုးချဲ့ကာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသည်။
အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသူတဦးကလည်း စစ်ကောင်စီဘက်က UWSP အား PDF များကို မထောက်ပံ့ ရန် ပြောဆိုခြင်းမှာ ဖြစ်နိုင်ချေ ရှိကြောင်း သုံးသပ်သည်။
“UWSA က လက်နက်တွေကို PDF တွေကို မထောက်ပံ့ဖို့ စစ်တပ်က တောင်းဆိုတာ ဖြစ်နိုင်တယ်။ အဓိက ကတော့ မကြာသေးခင်က ဗထူးမှာ သေနတ်အလက် ၅၀ လောက် မိတာ ရှိတယ်၊ ဝ ထုတ် Type 81 ချေမှုန်းရေး ရိုင်ဖယ်တွေ ဖြစ်တာကိုး။ ဝ ဘက်ကနေ ထွက်တယ်လို့ စစ်တပ်က ယူဆနေတယ် ကြားတယ်။ ကရင်နီနယ်ထဲက ၁၀၇ မမ ဒုံးကျည်တွေ ရောက်နေတာလည်း တွေ့တော့ ဒါက ဝ ကနေ ထွက်တယ်လို့ သူတို့ ယူဆနေတာရှိတယ်။ ဒါကြောင့် ဝ အနေနဲ့ PDF တွေကို လက်နက် မထောက်ပံ့ဖို့ တောင်းဆိုတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ နိုင်ငံရေး လေ့လာသူတဦးက UWSP အပါအဝင် အချို့သော မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များသည် PDF များကို ပေါ်ပေါ်တင်တင် ထောက်ပံ့ခြင်း မလုပ်နိုင်သော်လည်း နောက်ကွယ်မှ တဆင့် သွယ်ဝိုက် ပံ့ပိုးခြင်းများ လုပ်ဆောင်နိုင်ကြောင်း သုံးသပ်သည်။
“ဝ တင် မကပါဘူး။ AA တို့ TNLA တို့ အားလုံးက ကူနေကြတာပဲလေ။ ကူထားမှ PDF နဲ့ စစ်တပ်နဲ့ ဆိုင်နေမှ စစ်တပ် က သူတို့ဆီ ဦးမလှည့်လာမှာ၊ EAO တွေဆီကို မလှည့်နိုင်မှာကို ကောင်းကောင်းသိတော့ သူတို့ကတော့ နောက်ကွယ် ကနေတ တဖက်လှည့်နဲ့ ကူနေမှာပဲ။ ပေါ်ပေါ်တင်တင် ထွက်ပြီးတော့ ကူညီတာတော့ လုပ်မှာ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
စစ်ခေါင်းဆောင် ဖိတ်ခေါ်ချက်အရ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU /KNLA- PC) တို့ လာရောက် ဆွေးနွေးခဲ့ကြပြီးနောက် မေလ ၃၀ ရက် တွင် UWSP မှ လာရောက်ကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၂
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၃
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် ၄