ကျမတို့ ငယ်ငယ်က တောသွားတယ်ဆိုရင် မြွေပုံပြင်တွေ ကြားရတော့ သိပ်စိတ်ဝင်စားမိတယ်။
“တောထဲ မြွေဥတွေ တွေ့တော့ နှိုက်ယူလာခဲ့ရော၊ ယူခဲ့တဲ့ မြွေဥတွေက ငန်းမြွေ ဥတွေ ဖြစ်နေတာကိုး၊ အဲဒီတော့ ငန်းမြွေမက နောက်က လိုက်လာလို့ လမ်းမှာ တကတည်း ပြေးလိုက်ရတာ၊ နောက်ဆုံး သူ့ဥတွေ ပစ်ချထားခဲ့တော့မှ အလိုက် ရပ်သွားတယ်” ဆိုတဲ့ ပုံပြင်မျိုး။
“အမေကြီး အိမ်ခြံစည်းရိုးက ထင်းပုံအောက်မှာ လင်းမြွေ အဖို နဲ့ အမ ၂ ကောင် အမြဲရှိတယ်။ အမေကြီးတို့ကို သူတို့က ရန်မလုပ်ပါဘူး။ ညနေဆို ပြန်လာကြမှာ။ ကြည့်ချင် စောင့်ကြည့်” ဆိုတာမျိုး။
“လင်းမြွေ ဆိုတာ မြွေသားထဲတော့ စားလို့ အကောင်းဆုံးပေါ့။ ဒါကြောင့် ကိုသာမှတ်တို့များ လင်းမြွေကိုသာ တွေ့လိုက်လို့ကတော့ မရအရဖမ်း၊ အမြီးကနေ ကိုင်ရိုက်ပြီး အိမ်ပြန်ယူလာတာပဲ။ ကိုသာမှတ် ထန်းရည်မြီးဖို့ လင်းမြွေများကလည်း ပေါသလား မမေးနဲ့၊ တလ အနည်းဆုံး ၂ ခါ၊ ၃ ခါတော့ ဇိမ်ကျတာပဲ” ဆိုတာမျိုး။
ဦးလှလည်း ကြားဖူးတာပေါ့။ ခု ဦးလှ မကြားဘူးသေးတဲ့ မြွေ ပုံပြင်တချို့ ပြောပြချင်သေးတယ်။
အဲဒါက ကျမတို့ အညာမှာ မြွေ ဈေးကောင်းလို့တဲ့ တောက လူတချို့ မြွေဖမ်း ရောင်းစားနေကြရသတဲ့လေ။ ဘယ်ပုံ ဘယ်နည်းနဲ့ ဖမ်းကြသလဲတော့ မမေးစေချင်ဘူး။ တောနည်း တောဟန်နဲ့ ဖမ်းရတာပဲ။
အဲဒီတော့ မြွေကိုက်ခံရလို့ ဆုံးပါးရတာလည်း ရှိတဲ့အခါတော့ ရှိသပေါ့။
ဒါပေမယ့် လင်းမြွေက တပိဿာကို ၃၅၀၀ ကျပ်၊ မြွေပွေးက တပိဿာကို ၁၅၀၀ ကျပ်ဈေး ရတယ် ဆိုတော့လည်း ဖမ်းရှာကြတာပေါ့။ ကျောက်ဆည် နယ်လောက်က စပြီး သာစည် နယ်လောက်အထိ ဒီအလုပ် လုပ်နေကြတယ်။
တောဆင်း မြွေ ဝယ်သူများ ရှိတယ်လို့ ဆိုပါတယ်။
မြွေကို ပိဿာချိန်နဲ့ ရောင်းရပေမယ့် အသေကို ရောင်းရတာတော့ မဟုတ်ပါဘူး။ အရှင် အတိုင်း ရောင်းကြတာပါ။ မြွေဝယ်သူက ရှင်မှ လန်းဆန်းမှ ဝယ်တာပါ။ ဒဏ်ရာပါရင် မယူပါဘူးတဲ့။
တပိဿာကို ၃၅၀၀ ကျပ် ဆိုတော့ တောက ဖမ်းပေးတဲ့ လူတွေအဖို့ ဈေးရလိုက်တာလို့တော့ ထင်စရာပဲ။ ဒါပေမယ့် ဒီမြွေတွေက ဆေးဖော်ဖို့ မဟုတ်ဘဲ စားပွဲရုံတွေမှာ စားဖို့ ဆိုတော့လည်း မြွေဈေးက ပုစွန်ထုပ်ကြီး ဈေးလောက် ရတာပါ။
မြွေတွေကို အဲဒီလို ဖမ်းပြီး ရောင်းစားနေကြတယ် ဆိုတဲ့ သတင်းကို ကြားရတော့ မြွေနဲ့ အတွေ့ရနည်းပြီး မြွေကို ကြောက်ကြတဲ့ ကျမတို့လို မြို့နေ လူတန်းစားကတော့ ကြောက်စရာ ကောင်းတဲ့ မြွေတွေ၊ အဆိပ် ရှိတဲ့ မြွေတွေ ခုလို ဖမ်း ရောင်းစားနေလို့ ကုန်သွားရင် ကောင်းတာပဲ၊ အေးတာပဲလို့ အောက်မေ့ကြတယ်လေ။
နို့ပေမယ့် တောက လူတွေကတော့ သူတို့ အင်မတန် ဆင်းရဲလို့ မြွေကို လိုက်ရှာဖမ်းပြီး ရောင်းစားနေကြရပေမယ့် လူကြီး သူမတွေက မကြိုက်ကြဘူး။ ဝမ်းမသာကြဘူးတဲ့။
ငရဲ ကြီးမှာစိုးလို့ မကြိုက်တာလား။ မြွေ အန္တရာယ်က ကြီးလို့ မကြိုက်တာလား မေးတော့၊ မဟုတ်ပါဘူး။
မြွေ ဆိုတာ စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို ဖျက်ဆီးတဲ့ ကြွက်ကို စားတဲ့ သတ္တဝါမျိုးပါ။ မြွေတွေ မရှိတော့လို့ ကြွက်တွေ သိပ်များ၊ သိပ်ပွားလာရင် စိုက်ထားတဲ့ ကောက်ပဲ သီးနှံတွေကို လူမစားရဘဲ ကြွက်စားကုန်မှာ စိုးလို့ပါတဲ့လေ။
ကြွက် ဆိုတဲ့ သတ္တဝါကလည်း ပွားစရာရှိရင် သိပ်ပွားတဲ့ သတ္တဝါမျိုး။ လူမနိုင်အောင် ပွားပြီဆိုရင် “စလေအညာက ပလွေဆရာ” လည်း မတတ်နိုင်ဘူး။ တောတွေမှာ ငတ်ကိန်း ကြုံနိုင်တယ်လို့ ပြောကြပါတယ်။
တောက လူတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် မြွေဟာ လိုအပ်ပါသတဲ့။
မြွေသားကို အစားကောင်း လုပ်ပြီး ဘယ်သူတွေက စားနေကြပါသလဲ။
မြွေတွေကို မြန်မာနိုင်ငံထဲတွင် ရောင်းရတာလားလို့ မေးကြည့်တော့ ပြည်တွင်းမှာပဲ စားသုံးတာလား၊ ပြည်ပကို တင်ပို့ရတာလားတော့ မသိဘူး။ ဝယ်လက်ကတော့ ဒီလိုမျိုး တရုတ်ပါပဲလို့ ဆိုပါတယ်။
ခက်တာက ခုကျမတို့ ဆီမှာ ထမင်းဆိုင် အသစ် တမျိုး ပေါ်နေပါတယ်။ အဲဒီ ထမင်းဆိုင်တွေက “တောသားရတယ်” လို့ ဆိုင်းဘုတ် တပ်ထားပါတယ်။
တောသား ဆိုတာ ဂျီသား၊ ဆတ်သား၊ ဒရယ်သားမှ စပြီး ကျမတို့ မြို့မှာ လိုင်စင် စီ နဲ့ ပေါ်ပြီး ရောင်းတဲ့ အသားမဟုတ်တဲ့ ဟာမျိုး အစုံကို ဆိုလိုတာပါ။ သူ့ဖောက်သည်နဲ့သူ ရှိနေ စားနေ ရောင်းနေကြရတာပါ။
ပြီးတော့ စားသောက်ဆိုင်ကြီးတွေမှာ ထမင်း တပွဲ သောင်းနဲ့ချီ ပေးပြီး စားနေကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆိုင်ကြီးမျိုးတွေမှာလည်း ဘာကို ဘယ်လို ရောင်းစား ချက်ကျွေးနေကြတယ် မသိပါဘူး။
ကျမတို့ တရုတ်ပြည်ကို သွားခဲ့ဖူးတုန်းကတော့ ကန်တုန် ဈေးထဲမှာ မျောက်ကလေးကို အရှင်လိုက် ဝါးနဲ့ လုပ်ထားတဲ့ ဆိုင်းထမ်းကလေးထဲ ငုတ်တုတ် ထိုင်ခိုင်းထားပြီး အရှင်အတိုင်း လည်ရောင်းပါတယ်။
ဘယ်သူက ဝယ်သလဲ မေးတော့ ဒီငုတ်တုတ်ကလေး အတိုင်း ဦးနှောက်ကို ထိပ်က ဖောက်ပေးတယ်။ တူကလေးနဲ့ ညှပ်ယူပြီး အရက်နဲ့ မြည်းကြတယ်။ အာယုဒီဃ ဆေးဖက်ဝင်တယ်လို့ ပြောပြတာ ကြားခဲ့ရပါတယ်။
ကန်တုန်က တချို့ ဟိုတယ်တွေမှာတော့ “မြွေသားရတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်ခဲ့ဖူးပါတယ်။
ဦးလှက အောက်သား၊ သူက ငါး၊ ပုစွန်ကို မြိန်ရေရှက်ရေ စားတယ်။ တခြား အသားဆို စားတော့ စားတယ်၊ သိပ် မကြိုက်လှဘူး။ ကျမက အညာသူ မန္တလေး မွေးတာ၊ အဲဒီတော့ စာကလေးတို့၊ ပုရစ်တို့ကို စုံရေမက်ရေ စားတယ်။
အဲဒါတွေကို ကျမ စားနေသလား ဆိုရင် ကလေး တယောက်ကို ကုပ်က ချိုးဝါးနေတဲ့ ဘီလူးမကို ကြည့်တဲ့ အကြည့်မျိုးနဲ့ ကျမကို ကြည့်နေတယ် ထင်တာပဲ။
ကျမတို့ ဖြစ်ပျက်နေပုံတွေကို ဦးလှ တွေ့ရရင် ဘာများ ပြောမှာပါလိမ့်လို့ သတိရ နေမိတယ်။ ။
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ နှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)ှ














