စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ဆားလင်းကြီးနှင့် မုံရွာမြို့များတွင် မေလ ၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ် ရှောင်တဲများအပါအဝင် ဘာသာရေးအဆောက်အအုံနှင့် နေအိမ်များ စုစုပေါင်း ၃ ရာကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများ ထံမှ သိရ သည်။
အဆိုပါ လေပြင်းကြောင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ကိုင်းကန်ရွာမှ အိမ် ၁၃၀ ကျော်၊ သရက်ကန်ကျေးရွာမှ ဘုန်းကြီးကျောင်း၊ ဘုရားစေတီပုထိုးများအပါအဝင် နေအိမ် ၁၀၀ ကျော်နှင့် တည်တော၊ မအုံး၊ မြင်းတန့် စသည့် ကျေးရွာများမှ နေအိမ်များ လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းရှိ စစ်ရှောင်ကူညီနေသူတဦးက “မနေ့ညနေ ၄ နာရီကျော်လောက်မှာ လေစတိုက်တာ တော်တော်ပြင်းတယ်။ ၅ မိနစ်လောက်တိုက်ပြီးတော့ မိုးပါ ပါလာတယ်၊ မိုးသီးတွေလည်း ကြွေတယ်။ ဘုရားစေတီတွေဆိုရင် ထီးတော်တွေ မြေခ သွားတာမျိုး လူနေအိမ်တွေဆိုလည်း တဆောင်လုံး ပါသွားတာမျိုး ဖြစ်တယ်။ အများဆုံးကတော့ အမိုးလန်တာပေါ့။ နေ စရာလည်းမရှိတော့ ဖြည်းဖြည်း ပျက်စီးသွားတဲ့ဟာတွေကောက်ပြီး ပြန်ပြင်ဖို့ အမြန်လုပ်ကြမယ်ပေါ့” ဟု ပြောသည်။
ကိုင်းကန်ကျေးရွာတွင် နေအိမ်အများစုမှာ စစ်ကောင်စီစစ်ကြောင်းထိုး ဖျက်ဆီးခံထားရ၍ ပြန်လည် တည်ဆောက်ထား သည့် ယာယီစစ်ရှောင်တဲများဖြစ်သဖြင့် အပျက်အစီး ပိုများကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “အိမ်လို့တော့ပြောမရပါဘူး။ ကိုယ့်အိမ်ဝင်းလေးထဲမှာ ပြန်ပြီးတော့ နှစ်ခန်းပတ်လည် တဲမျိုးလေးတွေ ပြန်ဆောက်ပြီး နေကြတာ။ လေပြင်းတဲ့အခါကျတော့ တချို့တဲအိမ်လေးတွေဆို အလုံးလိုက်ကြီး လေထဲပါသွားတယ်။ ရွာကလည်း မီးလောင်ထားပြီး သစ်ရိပ်ဝါးရိပ်ကလည်း နည်းတဲ့အတွက်ကြောင့် ပိုပြီးတော့ ဒီလေပြင်းဒဏ် ခံရတယ်။ အပျက်စီးတွေ ပိုများတာပေါ့” ဟု ပြောသည်။
ကိုင်းကန်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင်အနက် ထက်ဝက်နီးပါး မီးလောင်ပျက်စီးပြီးနောက် ဒေသခံများမှာ ယာယီတဲထိုး၍ ပြန်လည်နေထိုင်ရခြင်း ဖြစ် သည်။
ဆားလင်းကြီးမြို့နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ နေအိမ် ၄၀ နီးပါး၊ စစ်ရှောင် တဲ ၁၀ လုံးနှင့် စာသင်ဆောင် ၁၀ ဆောင်ထက်မနည်း ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရ သည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တဦးက “အမိုးအကာတွေကတော့ လိုတယ်။ ညောင်ပင်ကြီး ရဲစခန်းသိမ်းတုန်းကနေ စစ်ရှောင်နေရတာဆိုတော့ ၁ နှစ်နီးပါး လောက်ရှိပြီ။ ဒီပဲယင်းမြောက်ပိုင်းက ရွာတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိသေး တယ်။ ကျနော်တို့ ထပ်ပြီး စာရင်းကောက်ယူနေတုန်းပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၃ ရက်နှင့် ၅ ရက်အတွင်း စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်းနှင့် မိုးတိမ်တောင်အားကောင်းသော ဒေသများ၌ လေပြင်း တိုက်ခတ်နိုင်ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က သတိပေးထုတ်ပြန်ထားသည်။
မုံရွာမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်နေရာများရှိ လူနေအိမ်များ ပျက်စီးခြင်း၊ ဓာတ်တိုင်များ လဲကျခြင်း နှင့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာ ဒေသခံတဦးက “လမ်းပေါ်မှာတော့ အပင်တွေ လဲကျကုန်တယ်။ ပရဟိတအဖွဲ့တွေကတော့ ပြန်ရှင်းပေးနေတာ ရှိ တယ်။ မီးတိုင်တွေ လဲကျပြီး တမြို့လုံးနီးပါး မီးတွေပျက်နေတာ” ဟု ပြောသည်။
ယနေ့ ညနေပိုင်းတွင်လည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်နှင့် မကွေးတိုင်းတို့ရှိ မြို့နယ်တချို့၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသောကြောင့် အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ် များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ယနေ့ သတိပေးထားသည်။
You may also like these stories:
ကော့ကရိတ်မြိုခံများ ပြန်လာရန် စစ်ကောင်စီပြောသော်လည်း အများစု မနေရဲကြ
စံချိန်တင် အပူလှိုင်း အညာက စစ်ရှောင်ဒုက္ခသည်များ ပိုမိုခံစားရ