ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ရှေ့ကာ စခန်း တောဟိန်းတောင်ဗျူဟာကုန်း ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရှိသူ ခိုင်သုခက ပြောသည်။
ထိုတောဟိန်းတောင်ဗျူဟာကုန်အား AA နှင့် ပူးပေါင်းတပ်များက မတ်လနောက်ဆုံးပတ်မှစတင်ကာ ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး ၁ လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် တပ်စခန်း အစိတ်အပိုင်းတချို့အား သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခိုင်သုခက “အမ်းကို ကျနော်တို့ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့မှ တိုက်ခိုက်နေတာရှိတယ်။ တောဟိန်းတောင်ဗျူဟာကုန်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အရှေ့ကနေကာထားတဲ့ ဗျူဟာစခန်းကြီးပေါ့။ စစ်ရေးအရ အရေးပါတယ်လို့ ပြောလို့ရတာပေါ့။ သူတို့ကတော့ အဓိက လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတာ ဖြစ်ပါတယ်။ တောဟိန်းတောင်ဗျူဟာကုန်း ကျသွားရင်တော့ အမ်းမြို့ကို ရှေ့ကနေကာထားတဲ့ ခံစစ်ကြီးကျိုးသွားတယ်လို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။
တောဟိန်းတောင်ဗျူဟာစခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့်စခန်းဖြစ်၍ လေကြောင်းနှင့်လက်နက်ကြီးပစ်ကူ အမြောက်အမြား သုံးကာ နေ့စဉ်ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲများပြင်းထန် နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးနှင့် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည့်ကြား တောဟိန်းတောင် ဗျူဟာစခန်း ကာကင်း အချို့အား သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း AA နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “တောဟိန်းတောင်ဗျူဟာက အပြီးသတ်တော့ မပြီးစီးသေးဘူး။ သိမ်းရမယ့်နေရာအချို့ ကျန်ပါသေးတယ်။ ကာကင်းတွေ ဘာတွေတော့ ရသွားပြီ။ ၇၅ ရာခိုင်နှုန်းလောက်တော့ရသွားပြီ ပြောလို့ရပါတယ်” ဟု ဆိုသည်။
အမ်း အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ဒါးလက်ချောင်းကူးတံတားရှိရာ ကဇုကိုင်းကျေးရွာ အထက်ဘက် တွင်ရှိသည့် တောဟိန်းတောင်ဗျူဟာစခန်းသည် ယခင်ကတည်းက ဒါးလက်ချောင်တလျှောက်ရှိ ကျေးရွာများအား လက်နက်ကြီးများ ဖြင့် ပစ်ခတ်လေ့ရှိသဖြင့် အနီးအနားကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထို့ကြောင့် တောဟိန်းတောင်စခန်းသည် ဒေသခံပြည်သူများအား နှစ်ရှည်လများ ဒုက္ခပေးနေသည့် စခန်းတခုဖြစ်ကြောင်း လည်း ခိုင်သုခက ပြောထားသည်။
AA အနေဖြင့် တောဟိန်းတောင်ဗျူဟာကုန်းအား ထိုးစစ်ဆင်နေသည်နှင့်တပြိုင်နက် ၎င်းတို့ ဝိုင်းပတ်ပိတ်ဆို့ထားသည့် အမ်းမြို့နယ်အတွင်းက လုံးကျေးရွာ၊ မင်းဘော်ကျေးရွာ အနီးတဝိုက်တို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ထိုတိုက်ပွဲများသည် မြေပြင်စစ်ရေးလှုပ်ရှားထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများအား AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
PIA တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်က မြေပြင်တပ်တွေက တိုးလို့မရဘူးပေါ့နော်။ အကုန်လုံးကို ဒီဘက်မဟာမိတ် အဖွဲ့တွေက ဖြတ်တောက်ထားတာရှိတယ်။ ရန်သူ (စစ်ကောင်စီ) တက်လာတဲ့ နေရာမှန်သမျှမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက ရန်သူကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် သူတို့တက်လာတဲ့နေရာ မှန်သမျှမှာ တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ် နိုဝင်ဘာမှစတင်သည့် AA ၏ စစ်ဆင်ရေးအတွင်း ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့အားလုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်နယ်တောင်ပိုင်းရှိ အမ်း၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ် များ၌ပါ AA က စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေခြင်း ဖြစ်သည်။
ပြင်းထန်သည့် တိုက်ပွဲများကြောင့် အမ်းမှ မကွေးတိုင်းသို့ အထွက်လမ်းဖြစ်သည့်အမ်း-ပဒါန်းလမ်းပိုင်း ဖြတ်သန်းသွား လာခွင့်အား ဧပြီ ၂ ရက်မှစတင်ကာ AA က ပိတ်ထားသကဲ့သို့ စစ်ကောင်စီမှလည်း အမ်းသို့ ရေကြောင်း၊ ကုန်းကြောင်း ဆက်သွယ်ရာလမ်းများ ပိတ်ဆို့ထားသဖြင့် စားသောက်ကုန်နှင့်ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ပြည်သူများ ခံစားနေရကြောင်း အမ်းမြို့ခံတဦးက ပြောသည်။
လက်ရှိ အမ်းမြို့ပေါ်တွင် တိုက်ပွဲများ မဖြစ်သေးသော်လည်း လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ဆန်တအိတ်လျှင် ကျပ် နှစ်သိန်းခွဲ၊ ကြက်သွန် တပိဿာ နှစ်သောင်းကျပ်နှင့် ရွှေဝါဆပ်ပြာတပိုင်းလျှင် ကျပ် ၃,၅၀၀ ထိ ဈေးနှုန်းများ မြင့်တက်နေပြီး ပစ္စည်းပြတ်လပ်မှုကြောင့် ဝယ်ရခက်ခဲကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းက “အမ်းနဲ့အနီးဆုံးက ငဖဲ၊ ပဒါန်း၊ လမ်းပိတ်တော့ မဝင်တော့ဘူး ကုန်စည်က။ မှောင်ခိုဝယ်လို့ရသူတွေတော့ ပြန်ရောင်း ပေးကြတယ်။ မိုင် ၂၀ လောက် လမ်းလျှောက်ပြီး အသက်နဲ့ရင်းပြီး သွားဝယ်ရတာ။ ဒါပေမယ့် ပြန်ရောင်းဈေးကြီးလို့ မဝယ် စားနိုင်ကြဘူး။ စစ်တပ်က တခါတလေ လေယာဉ်နဲ့ လာရောင်းပေးတာလည်း ရှိတယ်။ ဈေးကြီးတော့ မဝယ်နိုင်ကြဘူး။ ပရဟိတအသင်းတွေက လိုက်ဝေပေးတာမျိုး ရှိတယ်။ ငတ်နေကြတဲ့သူတွေလည်း အများကြီးရှိတယ်။ ဆေးတွေဆိုလည်း ဝယ်မရတော့ တော်တော်ဒုက္ခရောက်နေပြီ။ ဆီးချိုသမားတွေဆို ရာသီဥတုကလည်းပူ၊ ဆေးကလည်းဝယ်မရနဲ့ တော်တော် ဒုက္ခရောက်ကြတယ်” ဟု ပြောသည်။
လတ်တလော AA ထိုးစစ်ကြောင့် အမ်းနှင့်သံတွဲမြို့နယ်တို့အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောတို့တွင်လည်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေသည်။
လက်ရှိတွင် AA အနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် တောင်ပြို (လက်ဝဲ၊ လက်ယာ) မြို့တို့အား သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး လက်နက်ချအညံ့မခံသေးသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် တောင်ကုတ်အခြေစိုက် စကခ-၅ တို့ အပါအဝင် လက်ကျန်စစ်တပ်စခန်းများအား တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ပြောထားသည်။
You may also like these stories:
သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ
၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ
ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်