ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်ဆိုက် စာမျက်နှာကနေ ဧပြီ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာ့ အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက မြို့ ၇ မြို့ထိ ပါဝင်နေပါတယ်။
မကွေးတိုင်း ချောက်မြို့နယ်က ၄၈ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ် နဲ့ ကမ္ဘာ့နံပတ် ၁ နေရာမှာ ရှိနေပါတယ်။ ဒီအပူချိန်ဟာ ချောက်မြို့နယ်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး အပူချိန်လို့ မြို့ခံတွေ က ပြောကြပါတယ်။
ချောက်မြို့ရဲ့ နောက်မှာတော့ မကွေးမြို့နဲ့ ညောင်ဦးမြို့က နံပါတ် ၃ နဲ့ နံပတ် ၄ နေရာမှာ ရှိနေပါတယ်။ မြန်မာ နိုင်ငံ မြို့ အနှံ့အပြားမှာ အပူချိန် ပြင်းထန်မှုကြောင့် သေဆုံးမှုတွေဟာလည်း ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
အခုလို အပူချိန် မြင့်မားတဲ့ မြို့တွေမှာတော့ ရောဂါအခံ ရှိသူတွေ နဲ့ သက်ကြီး ရွယ်အိုတွေ အသက်သေဆုံးတာတွေ ဖြစ်ပေါ်နေသလို ကလေးသူငယ်တွေမှာလည်း အပူကြောင့် ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ
ဆီကနေ သိရပါတယ်။
မြန်မာနိုင်ငံမှာ အပူချိန်တွေ ဆက်တိုက်မြင့်လာနိုင်တာကြောင့် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အပူရှပ်တာ၊ အပူကြောင့်လေဖြတ်တာ၊ အပူကြောင့် သွေးလန့်တာနဲ့ ကြွက်တက်တာတွေ ဖြစ်နိုင်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တွေက သတိပေးထားကြပါတယ်။