၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ မြန်မာပြည်၏ စစ်ရေးအခြေအနေ အပြောင်းအလဲ ကြီးမားခဲ့သည်။ စစ်ကောင်စီသည် အနည်းဆုံး မြို့ပေါင်း ၄၀ ကျော်နှင့် နယ်မြေ အများအပြားအား လက်လွှတ်ဆုံးရှုံးခဲ့ရ၏။ တပ်ရင်း၊ တပ်မ အလိုက်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အလိုက်ပြုတ်သွားပြီး လက်နက်ချသူ၊ အဖမ်းခံသူ၊ သေဆုံးသူ သောင်းဂဏန်း ရှိသွားပြီး ကျန်သေးသည့် တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) များလည်း အထိနာသွား၏။ စစ်တပ်မှ လက်နက်ချသူ၊ အလင်းဝင်သူ များသာ အသက်ရှင်ပြီး ခုခံတိုက်သူအားလုံး အသက်ဆုံးရှုံးခဲ့၏။ စစ်ကောင်စီအတွက် အောင်ပွဲဆိုသည်မှာမရှိ၊ ရှုံးပွဲဆက်ခဲ့၏။
ထိုအခြေအနေအောက်တွင် မြန်မာပြည်နှင့်ပတ်သက်၍ နိုင်ငံတကာ၏ သဘောထားများ ပြောင်းလဲသွား၏။ မြန်မာပြည်၏ စစ်ကောင်စီအုပ်ချုပ်မှု ယန္တယား ပြိုလဲနိုင်သည်ဟု လည်းကောင်း၊ မြန်မာပြည်၏ ပြည်ထောင်စု ပုံသဏ္ဍာန် ပြောင်းလဲလာနိုင်သည်ဟု လည်းကောင်း တွက်ဆလာကြ၏။
အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနယ်စပ်ဒေသ တလျှောက်ရှိ နယ်မြေများကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်တပ်ကိုယ်တိုင်က စခန်းများ ရုပ်သိမ်းသွားခြင်းတို့ကြောင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပိုမိုထိန်းချုပ်လာနိုင်ခဲ့၏။ နယ်စပ်ဒေသ အများစုအား စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
မြန်မာ့အရေးကို သေနင်္ဂဗျူဟာအရ ကြည့်မြင်သည့် နိုင်ငံကြီးများအပြင် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံများအနေဖြင့် မြေပြင်အခြေအနေနှင့်အညီ အမြင်များ ပြောင်းလဲလာသကဲ့သို့ မြန်မာပြည် ပြဿနာကို လက်တွေ့မြေပြင်တွင် ဖြေရှင်းနိုင်ရန် ကြိုးစားလာနေကြသည်
ထိုအခြေအနေများအောက်တွင် မြန်မာ့အရေးကို သေနင်္ဂဗျူဟာအရ ကြည့်မြင်သည့် နိုင်ငံကြီးများအပြင် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံများအနေဖြင့် မြေပြင်အခြေအနေနှင့်အညီ အမြင်များ ပြောင်းလဲလာသကဲ့သို့ မြန်မာပြည် ပြဿနာကို လက်တွေ့မြေပြင်တွင် ဖြေရှင်းနိုင်ရန် ကြိုးစားလာနေကြသည်ကို တွေ့ရ၏။
နယ်စပ်ချင်းထိတွေ့နေသော နိုင်ငံများအဖို့ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသာမက နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်ကြသည့် ပြည်သူများ၏ နေ့စဉ် ကူးလူးဆက်ဆံမှု၊ မှောင်ခိုကုန်သွယ်မှု၊ နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အချင်းပွားမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု စသည့် နိစ္စဓူဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်၏။
ထို့ပြင် နယ်စပ်ဒေသတလျှောက်ရှိ စစ်တပ်၏ အခိုင်အမာစခန်းကြီးများ၊ တပ်ရင်းဗျူဟာ၊ တပ်မများကို အချိန်တိုအတွင် ချေမှုန်းသိမ်းပိုက်နိုင်သည့် တိုင်းရင်းသားတပ်ဖွဲ့များ၏ စစ်ရေးစွမ်းရည်မှာလည်း အိမ်နီးချင်းနိုင်ငံများအတွက် ဂရုပြုဖွယ်ဖြစ်ခဲ့၏။
အိန္ဒိယ
စစ်တပ် အာဏာသိမ်းပြီး ကတည်းက အိန္ဒိယအစိုးရသည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး မပြတ်ခဲ့ပေ။ မြန်မာပြည်အပေါ် တရုတ်၏ လွှမ်းမိုးလာမှုကို တန်ပြန်ရန် အိန္ဒိယအစိုးရ၏ ပေါ်လစီဖြစ်ပုံရသည်။ သို့သော်လည်း အိန္ဒိယနယ်စပ်ရှိ မိုးရေး၊ တမူး၊ ကလေး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို PDF များနှင့် ချင်း တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ဖြတ်တောက် တိုက်ခိုက်လျက်ရှိ၏။ တမူးနှင့် ကလေးကြားရှိ ခမ်းပါတ်အား တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား၏။ ကလေး၊ မုံရွာ လမ်းများကိုလည်း PDF များက ထိန်းချုပ်ထား၏။
ထို့ပြင် အိန္ဒိယနယ်စပ်တလျှောက် ချင်းပြည်နယ်မှ စစ်ဘေးဒုက္ခသည်များစွာ အိန္ဒိယ၏ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြ၏။ အိန္ဒိယဗဟိုအစိုးရက လက်မခံချင်သည့်တိုင် ဖက်ဒရယ်ပြည်နယ် တခုဖြစ်သည့် မီဇိုရမ်ပြည်နယ်က ချင်းလူမျိုးချင်း စာနာထောက်ထားမှုကို တားဆီး၍ မရနိုင်ပေ။ မီဇိုရမ်နှင့် ချင်းနယ်စပ်တလျှောက် ယခင် ဗစ်တိုရီယားစခန်းတွင်သာ ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့များ အခြေပြုသော်လည်း ယခုအခါ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ စသည့် မြို့ငယ်လေးများကိုလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၏။
အိန္ဒိယနယ်စပ်တလျှောက် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်က တပ်မ နှစ်ခုခန့် ချထားပြီး အခိုင်အမာ စခန်းကြီးပြုလုပ်၍ နယ်မြေထိန်းချုပ်ထား၏။ သို့သော် ထိုတပ်မနှစ်ခုစာ စစ်အင်အားနှင့် စခန်းကြီးအားလုံးကို ရက်ပေါင်း ၆၂ ရက်အတွင်း ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ ပလက်ဝမြို့နယ်အတွင်း အိန္ဒိယအစိုးရ၏ ကုလားတန်စီမံကိန်းများရှိပြီး ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည်။ ပလက်ဝနှင့် အိန္ဒိယနယ်စပ် ဖောက်လက်စ ကားလမ်းပိုင်း၊ ပလက်ဝမှ ကျောက်တော်၊ ပုဏ္ဏားကျွန်းထိ ကုလားတန် ရေကြောင်းလမ်းတို့ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားပြီး စစ်တွေဆိပ်ကမ်းသာ စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်တွင်ရှိ၏။
အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ တမူးဒေသတွင် PDF နှင့် ချင်းတော်လှန်ရေးအင်အားစုများ၊ ချင်းပြည်နယ် ရိခေါဒါရ်၊ လိုင်လင်းတို့တွင် ချင်းတော်လှန်ရေးအင်အားစုများ၊ ပလက်ဝတွင် ရက္ခိုင့်တပ်တော်တို့ အသီးသီး ထိန်းချုပ်ထား၏။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် မီဇိုရမ် လွှတ်တော်အမတ်တဦးသည် ပလက်ဝမှ မီဇိုရမ်သို့ ဖောက်လုပ်နေသော ကားလမ်းများအား ရက္ခိုင့်တပ်တော်နှင့် ဆက်သွယ်ကြည့်ရှုသည်ကို အိန္ဒိယသတင်းစာများတွင် ဖော်ပြသည်ကို တွေ့ရ၏။
အိန္ဒိယမှ တာဝန်ရှိသူတဦးက ရက္ခိုင့်တပ်တော်နှင့် ပထမဆုံး အတိအလင်းဆက်ဆံခြင်း ဖြစ်၏။ မဆက်ဆံ၍လည်း မရ။ ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများကို စစ်ကောင်စီက အကာအကွယ်မပေးနိုင်တော့ချေ။ ရက္ခိုင့်တပ်တော်ကသာ အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ပါလား။
အိန္ဒိယမှ တာဝန်ရှိသူတဦးက ရက္ခိုင့်တပ်တော်နှင့် ပထမဆုံး အတိအလင်းဆက်ဆံခြင်း ဖြစ်၏။ မဆက်ဆံ၍လည်း မရ။ ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများကို စစ်ကောင်စီက အကာအကွယ်မပေးနိုင်တော့ချေ။ ရက္ခိုင့်တပ်တော်ကသာ အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ပါလား။ သို့သော် အိန္ဒိယဗဟိုအစိုးရ သို့မဟုတ် မီဇိုရမ် ပြည်နယ်အစိုးရက ဆက်ဆံခြင်းမျိုး မဟုတ်သေးဘဲ ပြည်နယ်လွှတ်တော်အမတ်ဖြင့် စတင်ဆက်ဆံသည်ဖြစ်ရာ မြေစမ်းခရမ်းပျိုးသည့် ဆက်ဆံရေးဟုဆိုရမည်။
မည်သို့ပင်ဖြစ်စေ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသလုံခြုံရေးများနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရသည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံသည့်နည်းတူ အိန္ဒိယနယ်စပ်တလျှောက် ထိန်းချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ ဆက်ဆံရေးသည် လက်တွေ့ကျသည့် ပြဿနာဖြစ်လာ၏။ သို့သော် အိန္ဒိယဗဟိုအစိုးရ၊ ဖက်ဒရယ်ပြည်နယ်များဖြစ်သည့် မဏိပူရပြည်နယ်အစိုးရ၊ မီဇိုရမ်ပြည်နယ်အစိုးရတို့တွင် မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများကို ပျော့ပြောင်းသည့် သဘောထားရှိ၏။ အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရအစိုးရကမူ တင်းမာသော သဘောထားရှိပြီး စစ်တပ်ဘက် ယိမ်းသည်ကို တွေ့ရ၏။ မဏိပူရပြည်နယ်အစိုးရသည် မြန်မာပြည်မှ စစ်ဘေးဒုက္ခသည်များအား နှင်ထုတ်လျက်ရှိ၏။
ဘင်္ဂလားဒေ့ရှ်
မြန်မာစစ်ကောင်စီနှင့် ဘင်္ဂလားဒေ့အစိုးရသည် ဆက်ဆံရေးကောင်းလှသည် မဟုတ်ပေ။ တနိုင်ငံနှင့်တနိုင်ငံ အလေးထား ဆက်ဆံမှုမျိုး မရှိသည့်အပြင် ရေပိုင်နက်နှင့် ကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ကြေလည်လှသည် မဟုတ်ပေ။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည်လည်း ပမာဏ မများလှ။ ရခိုင်မှ မွတ်စလင် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး ဝင်ရောက်လာပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဒုက္ခသည်များ ပြန်ပို့ရေးအတွက် မြန်မာနှင့် မဖြစ်မနေ ဆက်ဆံရန် လိုအပ်လာသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် မြန်မာဘက်မှာ ဖြစ်နေသောပဋိပက္ခများ အရှိန်ပိုမြင့်လာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်အတွက် လုံခြုံရေးအရ ဆိုးကျိုးသက်ရောက်လာနိုင်ခြင်းကို စိုးရိမ်မှုရှိသော်လည်း ရေရှည်ပြဿနာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရောက်ရှိနေသည့် မွတ်စလင်ဒုက္ခသည်ပြဿနာ ဖြစ်၏။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ရေရှည် ထိန်းထားပြီး နယ်စပ်ဧရိယာများတွင် နယ်မြေထိန်းချုပ်ထားသည့် ရက္ခိုင့်တပ်တော်နှင့်လည်း အလွတ်သဘော ဆက်ဆံရေးပုံစံတချို့ စတင် ထူထောင်သင့်နေပြီဟု ယူဆလာပြီဖြစ်၏။
လက်ရှိ နည်းလမ်းတွေအတိုင်း ဆက်သွားနေပါက မြန်မာစစ်တပ် အာဏာပိုင်များအတွက် မွတ်စလင်ဒုက္ခသည် ကိစ္စသည် အရေးတယူ သဘောထားစရာ အခြေအနေမျိုး မဟုတ်တော့ရာ မွတ်စလင်များ နေရပ်ပြန်နိုင်ရေးကိစ္စ အလားအလာများ လျော့ပါးလာမည် ဆိုသည်ကို မြင်နေရပြီဖြစ်၏။
ရက္ခိုင့်တပ်တော်နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားမှသာ အနာဂတ်တွင် မွတ်စလင်ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် သို့မဟုတ် မွတ်စလင်ဒုက္ခသည် ပြဿနာကို ရက္ခိုင့်တပ်တော်နှင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ကြည့်မြင်လာပြီဖြစ်၏။
သို့ဖြစ်ရာတွင် ရခိုင်ကို ထိန်းချုပ်ထားနိုင်သော ရက္ခိုင့်တပ်တော်ကဲ့သို့ အင်အားစုများနှင့်ပါ ကြိုတင်ချိတ်ဆက် ဆက်သွယ်ထားရန် လိုအပ်ပြီဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ ယူဆလာပြီဖြစ်၏။ လက်တွေ့တွင်လည်း နယ်စပ်တွင် ထိတွေ့နေသည့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့များနှင့် ဆက်ဆံရေးကောင်းအောင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ တည်ဆောက်နေသည်ကို တွေ့ရ၏။ ရက္ခိုင့်တပ်တော်နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားမှသာ အနာဂတ်တွင် မွတ်စလင်ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် သို့မဟုတ် မွတ်စလင်ဒုက္ခသည် ပြဿနာကို ရက္ခိုင့်တပ်တော်နှင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ကြည့်မြင်လာပြီဖြစ်၏။
ထိုင်း
ထိုင်းသည်လည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှစ၍ မြန်မာ့အရေးနှင့် ပတ်သက်ပြီး တက်တက်ကြွကြွ ပါဝင်နိုင်ရန် ပြင်ဆင်နေသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်မှုက ယခင်ကထက် ပို၍အားကောင်းလာ၏။ ထို့ပြင် မြန်မာစစ်တပ်ကလည်း ထိုင်းနယ်စပ်က စခန်းအတော်များများကို စွန့်လွှတ်သွား၏။
ထိုင်းနိုင်ငံသည် မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU), ကရင်နီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည့် တိုင်းရင်းသား တပ်ဖွဲ့များအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့် ပြည်မအတိုက်ခံ အင်အားစုများကိုလည်း ထိတွေ့ဆက်ဆံနေရ၏။ သို့ဖြစ်ရာတွင် ထိုင်းသည် မြန်မာစစ်ကောင်စီနှင့် တရားဝင်ဆက်ဆံရေး အားကောင်းအောင် ပြုလုပ်သကဲ့သို့ ကျန်အတိုက်အခံများ၊ တိုင်းရင်းသားလက်နက်ကိုင်များအား တရားဝင်မဟုတ်ဘဲ နားလည်မှုဖြင့် ဆက်ဆံခဲ့သည်မှာ အသားကျနေပြီဖြစ်၏။
သို့သော် ယခုအကြိမ်တွင် ထိုင်းတို့သည် လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည် ကူညီရေးနှင့်အတူ မြန်မာပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးအတွက် ထိုင်းတို့ ကြိုးစားမည်ဟု ဆိုလာခြင်းမှာ ယခင်နှင့်မတူသည့် မူကွဲဖြစ်၏။ စစ်ဘေးကြောင့်သာမက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းသို့ တရားဝင်ရော၊ တရားမဝင်ပါ မြန်မာပြည်သူ ပြည်သား အများအပြား ဝင်ရောက်လာခြင်း၊ စစ်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာခြင်းတို့သည် ထိုင်းနိုင်ငံအား ထိခိုက်လာသဖြင့် အမြန်ဖြေရှင်းနိုင်ရန် အားထုတ်လာပုံရ၏။
ထိုင်းနိုင်ငံသည် မြန်မာအရေး တက်ကြွစွာ ပါဝင်နိုင်ရန် အမေရိကန်၊ တရုတ်အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်ဟု သိရ၏။ NUG နှင့် တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သော ဆွေးနွေးပွဲများအား ထိုင်းနိုင်ငံတွင် ကျင်းပရန် ဖေဖော်ဝါရီလအတွင်း ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တရုတ်တို့၏ ကန့်ကွက်မှုပါနိုင်သည်ဟု ဆိုကြ၏။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့ ခုနစ်ဖွဲ့အား ထိုင်းသို့ အစည်းအဝေး တက်ရောက်ခြင်း မပြုရန် တရုတ်က ဖိအားပေး တောင်းဆိုလျက်ရှိ၏။ အဓိက အမေရိကန်နှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များ နီးစပ်မှုရှိသွားမည်ကို တရုတ်တို့ လိုလားပုံမရပေ။
၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ထိုင်းပါလီမန်၌ ထိုင်းလွှတ်တော်အမတ်များ ဦးစီးသည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် NUG နှင့် တိုင်းရင်းသားအဖွဲ့အချို့ ပါဝင်ခဲ့၏။ ထိုဆွေးနွေးပွဲကို ကန့်ကွက်ကြောင်း မြန်မာစစ်ကောင်စီက စာပို့ခဲ့သော်လည်း ထိုဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ခဲ့သည်။ သို့သော် မူလအစီအစဉ်တွင် ပါဝင်သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်ဘက်အရာရှိအချို့ တက်ရောက်ဆွေးနွေးမည့် အစီအစဉ်အား ပယ်ဖျက်ခဲ့သည်ကို တွေ့ရ၏။ ထိုင်းသည် နိုင်ငံခြားရေးမူဝါဒတွင် အမာကိုရှောင်သည့် ပေါ်လစီ ကျင့်သုံးလေ့ရှိသည်ဖြစ်ရာ ဤအခြင်းအရာများသည် အံ့ဩဖွယ်မရှိပေ။
ထိုင်းနယ်စပ်တလျှောက်တွင် ရှိကြသည့် UWSA, RCSS, ကရင်နီ အင်အားစုများ၊ ကရင်အင်အားစုများ၊ မွန်အင်အားစုများနှင့် PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများ များပြားစွာရှိပြီး ပိုမိုအားကောင်းလာနေရာ ထိုင်းတို့ မျက်ကွယ်ပြုရန် မဖြစ်နိုင်ပေ။
သို့သော် ထိုင်းသည် မြန်မာ့အရေးနှင့် ပတ်သက်သည့် အားလုံးပါဝင်ရေးမှုကို ဆက်လက် ကိုင်စွဲသွားမည်မှာ သံသယရှိစရာ မရှိပေ။ ထိုင်းနယ်စပ်တလျှောက်တွင် ရှိကြသည့် UWSA, RCSS, ကရင်နီ အင်အားစုများ၊ ကရင်အင်အားစုများ၊ မွန်အင်အားစုများနှင့် PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများ များပြားစွာရှိပြီး ပိုမိုအားကောင်းလာနေရာ ထိုင်းတို့ မျက်ကွယ်ပြုရန် မဖြစ်နိုင်ပေ။
တရုတ်
မြန်မာ့အရေး သို့မဟုတ် မြန်မာပြည်တွင်း ပဋိပက္ခများ၌ ဒေသတွင်း အင်အားကြီး နိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ တိုက်ရိုက် ပါဝင်ပတ်သက်ပြီး လွှမ်းမိုးနိုင်အောင် ဖန်တီးနေကြ၏။ တရုတ်သည် စစ်တပ်ကို တိုက်ရိုက် အားပေး ထောက်ခံနေသကဲ့သို့ တချိန်တည်းတွင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအင်အားစုများနှင့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထား၏။
တရုတ်က နှစ်ဖက်ခွပေါ်လစီကို ကျင့်သုံး၏။ အိန္ဒိယသည် မူဝါဒပိုင်း ဖြန့်ကြက်လွှမ်းခြုံနိုင်စွမ်းတွင် နောက်ကျကျန်နေခဲ့၏။ အိန္ဒိယသည် မြန်မာစစ်တပ်နှင့် ကာလရှည်ကြာ ဆက်ဆံနေဆဲ ဖြစ်သော်လည်း နယ်စပ်ရှိ တိုင်းရင်းသား အင်အားစုများနှင့်ရော ပြည်မ အတိုက်အခံ အင်အားစုများနှင့်ပါ မည်သည့် အဆက်အသွယ်မှ မရှိသလောက် အားနည်းခဲ့၏။
ဤအချက်တခုတည်းနှင့်ပင် တရုတ်က အသာစီးရနေသည်ဟု ဆိုနိုင်သည်။
လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်မှု အရှိဆုံးနိုင်ငံမှာ တရုတ်ဖြစ်၏။ သို့သော်လည်း တရုတ်တို့သည် တရုတ်အကျိုးစီးပွား အခြေခံပေါ်မှ ထဲထဲဝင်ဝင် ပတ်သက်နေခြင်းဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်တက်ပြီး လားရှိုးမြို့ကို ခြိမ်းခြောက်နေချိန်တွင် မြောက်ပိုင်းသုံးဖွဲ့အား ဖိအားပေး၍ ရှမ်းမြောက်၌ အပစ်ရပ်စေခဲ့၏။ တရုတ်တို့က စေ့စပ်ဆွေးနွေး ဖြေရှင်းရေးဟု ဆိုနေသော်လည်း လက်တွေ့တွင် စစ်ကောင်စီအား အသက်ရှူပေါက် ချောင်စေခဲ့၏။
တရုတ်တို့သည် မြန်မာစစ်တပ် စစ်ရှုံးပြီး စစ်တပ်အခြေပျက်သွားပါက မြန်မာပြည် ထိန်းမနိုင် သိမ်းမရ အခြေအနေ ပေါ်ပေါက်လာပြီး တရုတ်ရင်းနှီးမြှုပ်နှံများ၊ အထူးသဖြင့် ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး၊ ပုံမှန်လည်ပတ်နိုင်ရေးကို ထိခိုက်နိုင်သည်ဟု တွက်ဆပုံရ၏။ ထို့ပြင် တရက်လျှင် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းအထိ အရောင်းအဝယ်ရှိသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ရက် ၁၀၀ ကျော်ပြီဖြစ်၍ အမြန် ပြန်လည်ဖွင့်နိုင်ရန် စစ်ပွဲကို အမြန်ရပ်တန့်လို၏။
တရုတ်တို့သည် မြန်မာပြည်ပြဿနာကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမည်၊ မြန်မာ့အရေးကို သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးဖို့လိုသည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် တရုတ်အမျိုးသား အကျိုးစီးပွားလုံခြုံရေး အခြေခံပေါ်မှ စဉ်းစားလုပ်ကိုင်၏။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည် ပြဿနာများကို တခွန်းမှ လှစ်ဟပြောဆိုခြင်း မရှိပေ။
တရုတ်၏ လုပ်ဆောင်မှု အချို့သည် အထိနာနေသော စစ်တပ်ကို ကာကွယ်ပေးနေသကဲ့ဖြစ်ပြီး စစ်တပ်ကို စစ်ရေးအရ အနိုင်ယူ တိုက်ခိုက်နိုင်ချိန်တွင် စစ်တပ်ကို အသက်ဆက်နိုင်အောင် အကူအညီသကဲ့သို့ ဖြစ်နေ၏။
သို့ဖြစ်ရာ တရုတ်၏ လုပ်ဆောင်မှု အချို့သည် အထိနာနေသော စစ်တပ်ကို ကာကွယ်ပေးနေသကဲ့ဖြစ်ပြီး စစ်တပ်ကို စစ်ရေးအရ အနိုင်ယူ တိုက်ခိုက်နိုင်ချိန်တွင် စစ်တပ်ကို အသက်ဆက်နိုင်အောင် အကူအညီသကဲ့သို့ ဖြစ်နေ၏။
ပြဿနာမှာ မြန်မာပြည် အခြေအနေနှင့် ပတ်သက်၍ မြန်မာစစ်တပ်ပြိုကွဲပါက မြန်မာပြည် ထိန်းမနိုင် သိမ်းမရဖြစ်မည်ဟု ယူဆခြင်း၊ မြန်မာစစ်တပ် ပြိုကွဲနိုင်သော်လည်း အချိန်တိုအတွင် ဗုန်းဗုန်း မလဲနိုင်ဟု အချိန်ကြာမြင့်ပြီး ပိုမိုရှုပ်ထွေးစေသော အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု ယူဆကြခြင်း စသည့်အခြေခံပေါ်မှ လာခြင်းဖြစ်၏။ ထိုသို့သော အမြင်ကို တရုတ်သာမက အခြားအိမ်နီးချင်းနိုင်ငံများလည်း ရှိကြ၏။ အမေရိကန်သည်ပင် ဤအမြင်ရှိပုံရ၏။
သို့ဖြစ်ရာ ထိုအမြင်ပေါ် အခြေပြု လုပ်ကိုင်နေခြင်းမျိုးကို ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ပြင် မြန်မာ့အရေးတွင် အိန္ဒိယ၊ အမေရိကန်အပါအဝင် အခြားနိုင်ငံများ၏ ဩဇာပတ်သက်မှု မရှိစေဘဲ ၎င်းတို့သာ ဩဇာထူထောင် လိုသည်က တရုတ်၏ ထူးခြားချက်ဖြစ်၏။ တရုတ်တို့၏ အတ္တလည်းဖြစ်၏။
ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ
မြန်မာပြည်ပြဿနာကို ဆွေးနွေးဖြေရှင်းရန် သက်ဆိုင်သူအားလုံး ပါဝင်ရေးဆိုသည်က အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် ပါဝင်သကဲ့သို့ အမေရိကန်၊ တရုတ်တို့ကလည်း ပြောနေသည့်အချက် ဖြစ်၏။ သို့သော် အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ အာဏာသိမ်းခါစက ပြောဆိုနေကြခြင်းသည် မူအရဖြစ်၏။ လက်တွေ့မကျလှပေ။
သို့သော် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းတွင် တွေ့ရသည့် စစ်ပွဲရလဒ်များကြောင့် နယ်မြေများကို ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့များသည် အသိအမှတ်မပြု၍ မဖြစ်သည့်သူများ ဖြစ်လာကြပြီး တရုတ်သာမက အိမ်နီးချင်းနိုင်ငံ အားလုံးက အသိအမှတ်ပြု ဆက်ဆံလာသည်ကို တွေ့ရ၏။ အိမ်နီးချင်းနိုင်ငံများသည် ထိုပါဝင်လှုပ်ရှားလာသူများကို မဖြစ်မနေ ဆက်ဆံပြီး မြန်မာပြည်ပြဿနာကို ရင်ဆိုင်ရတော့မည်ဖြစ်၏။
ယခုအချိန်တွင် မြန်မာစစ်တပ်က ထိုပါဝင်လှုပ်ရှားသူများ၏ အခန်းကဏ္ဍကို မည်သို့ပင် ပစ်ပယ်စေကာမူ အိမ်နီးချင်းနိုင်ငံများအဖို့ ပယ်၍မရတော့ပေ။ အတိအလင်းဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ အသိအမှတ်ပြုရပေတော့မည်။ ဤအချက်သည် မြန်မာအရေးနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများ၏ အမြင်သဘောထားနှင့် လက်တွေ့လုပ်ရပ်များတွင် ကြီးမားသည့် အပြောင်းအလဲတရပ် ဖြစ်ပေတော့သည်။
နယ်စပ်ဒေသပြဿနာများနှင့် ပတ်သက်၍ နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များက အဓိကကျပြီး မြန်မာစစ်ကောင်စီ၏ နေပြည်တော်အစိုးရဆိုသည်က လေထဲကအစိုးရ၊ အမည်ခံအစိုးရ ဖြစ်သွားပေပြီ။
နယ်စပ်ဒေသပြဿနာများနှင့် ပတ်သက်၍ နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များက အဓိကကျပြီး မြန်မာစစ်ကောင်စီ၏ နေပြည်တော်အစိုးရဆိုသည်က လေထဲကအစိုးရ၊ အမည်ခံအစိုးရ ဖြစ်သွားပေပြီ။
သို့သော်လည်း ထိုတိုင်းပြည်များသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားပေါ်တွင် အခြေခံ၍ မြန်မာပြည်ပြဿနာအား ကြည့်မြင်ခြင်းနှင့် မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို သုံးသပ်ရာတွင် ကွဲလွဲမှုများရှိသည်ကို သတိပြုရန်လို၏။
အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။ အဓိက မြန်မာ့အရေးတွင် ပါဝင်ပတ်သက်နေသူ တရုတ်နှင့် ကျန်နိုင်ငံများ၏ စဉ်းစားပြောဆိုလုပ်ကိုင်မှုများတွင် သူတို့အကျိုးစီးပွားသာ ရှိသည်ကို တွေ့ရ၏။
You may also like these stories:
မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)
မြန်မာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အိမ်နီးချင်းများ ရွေးချယ်မှုသစ်များနှင့် ရင်ဆိုင်ရ