၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတက်ရန် အဆင့်မြင့်အရာရှိတဦးကို စေလွှတ်လိုက်သည်။ နိုင်ငံရေးရာထူးရှိသူကို အာဆီယံက ပိတ်ပင်ထားသောကြောင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘေးထွက်ထိုင်နေမည့်အစား စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို စေလွှတ်လိုက်သည်။
စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထိုသို့ အလျှော့ပေးလာသောကြောင့် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုအကျပ်အတည်း အဆုံးသတ်မည့် တွေ့ဆုံဆွေးနွေးပွဲ မကြာမီဖြစ်လာမည်ဟု မျှော်လင့်သူ မရှိသလောက်ပင်။ သို့သော် မြန်မာတွင် အာဏာချိန်ခွင်လျှာ တဖြည်းဖြည်း ပြောင်းလဲပြီး မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီအပေါ် လောင်းကြေးထပ်ရန် အကောင်းဆုံးနည်းလမ်း ရှာနေကြသည်။
လက်ရှိအချိန်တွင် တရုတ်လောက် မည်သည့်နိုင်ငံမှ အနေအထားကောင်း ရမထားပေ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီနောင်မဟာမိတ် သုံးဖွဲ့က အောက်တိုဘာလတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းမှ မြို့ အနည်းဆုံး ၁၇ မြို့တွင် စစ်ကောင်စီ ထိန်းချုပ်မှုကို ဖြုတ်ချလိုက်ပြီး စစ်ကောင်စီစစ်သား ၂,၀၀၀ ကျော်နှင့် ဗိုလ်မှူးချုပ် ခြောက်ဦး အစုလိုက်အပြုံလိုက် လက်နက်ချစေခဲ့သည်။ မှတ်သားစရာကောင်းသည်မှာ ညီနောင်မဟာမိတ်များသည် အွန်လိုင်း ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်သည်။ အွန်လိုင်း ငွေကြေးလိမ်လည်မှုများကို အမြစ်ဖြတ်ရန် တရုတ်က စစ်ကောင်စီကို တောင်းဆိုသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
တရုတ်သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပြီး သြဇာပြကာ အထက်ပါ ညီနောင်မဟာမိတ်များ၏ နယ်မြေသိမ်းပိုက်မှုများကို ခိုင်မာစေခဲ့သည်။ တရုတ်နိုင်ငံ၊ ကူမင်းတွင် လက်မှတ်ရေးထိုးသည့် ဟိုင်ဂင် သဘောတူညီချက်အရ နှစ်ဖက်လုံးသည် တဖက်နှင့်တဖက် တိုက်ခိုက်မှုရပ်စဲပြီး မြန်မာမှ တရုတ်နိုင်ငံသားများကို အန္တရာယ်ကျရောက်စေခြင်း သို့မဟုတ် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဖျက်ဆီးခြင်း ရှောင်ကျဉ်ရန် လိုအပ်သည်။
မြန်မာတွင် အာဏာချိန်ခွင်လျှာ တဖြည်းဖြည်း ပြောင်းလဲပြီး မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီအပေါ် လောင်းကြေးထပ်ရန် အကောင်းဆုံးနည်းလမ်း ရှာနေကြသည်။ လက်ရှိအချိန်တွင် တရုတ်လောက် မည်သည့်နိုင်ငံမှ အနေအထားကောင်း ရမထားပေ။
“ကူမင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဒီအခြေအနေသစ်ကို စာနဲ့ ပိုမိုခိုင်မာအောင် လုပ်ပေးတယ်၊ ဒီနည်းလမ်းအားဖြင့် တရုတ်က ပိုနေမြဲ ကျားနေမြဲ အခြေအနေနဲ့ ကျေနပ်မှုရသွားတယ်” ဟု အမေရိကန် ပြည်ထောင်စုအခြေစိုက် သုတေသနလုပ်ငန်း စတင်မ်ဆွန်စင်တာမှ တရုတ်အစီအစဉ် ဒါရိုက်တာ မစ္စ ယွန်ဆန်က Straits Times သို့ ပြောသည်။
ထိုသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်း မရှိသော အခြား လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံ၏ အခြားနေရာများတွင် စစ်ကောင်စီကို ဖြုတ်ချမည့် အရှိန်အဟုန်ကို အသုံးချရန် ကြိုးစားနေသောကြောင့် ထိုအပစ်အခတ်ရပ်စဲရေး တည်မြဲမည်၊ မတည်မြဲမည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
သို့သော် တရုတ်နိုင်ငံသည် ယူနန်ပြည်နယ်နှင့် မြန်မာမှ တရုတ်ကျောထောက်နောက်ခံပြု ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းကို ချိတ်ဆက်ပေးမည့် အနာဂတ် ရထားလမ်းအတွက် တိုင်းတာခြင်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ဆက်လက် လုပ်ကိုင်နေသည်။ ကျောက်ဖြူဆိပ်ကမ်းသည် ဘင်္ဂလား ပင်လယ်အော် ကမ်းခြေတွင် တည်ရှိပြီး တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ လမ်းဖွင့်ပေးမည်ဖြစ်သည်။
ထိုသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်း မရှိသော အခြား လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံ၏ အခြားနေရာများတွင် စစ်ကောင်စီကို ဖြုတ်ချမည့် အရှိန်အဟုန်ကို အသုံးချရန် ကြိုးစားနေသောကြောင့် ထိုအပစ်အခတ်ရပ်စဲရေး တည်မြဲမည်၊ မတည်မြဲမည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာစေကာမူ မည်သည့်ဘက်ကမှ တရုတ်အကျိုးစီးပွား ထိခိုက်အောင် လုပ်မည် မဟုတ်ကြောင်း မစ္စ ယွန်ဆန်က ပြောသည်။
“အဲဒီဒေသ အဲဒီနေရာမှာ တရုတ်သြဇာ ဘယ်လောက်ရှိတယ်ဆိုတာကို လျှော့မတွက်သင့်ဘူးလို့ ထင်တယ်။ တရုတ်စီမံကိန်းတွေကို ပစ်မှတ်ထားတဲ့ ဘယ်အဖွဲ့အစည်းမဆို အနာဂတ်မှာ ဆက်လက် ရပ်တည်ရေးအတွက် အင်မတန်ကြီးမားတဲ့ ဖိအားနဲ့ ရင်ဆိုင်ရမယ်” ဟု ၎င်းကပြောသည်။
အိန္ဒိယအစိုးရ အသိုက်အဝန်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး ရိုက်ခတ်မှုကြောင့် ပြန်လည် စဉ်းစားသုံးသပ်နေရပြီး မြန်မာစစ်ကောင်စီသည် အိန္ဒိယအကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သည့် အနေအထား မရှိတော့ဟု အများအပြားက ယူဆကာ တော်လှန်ရေး အင်အားစုများကို ပိုမိုတက်ကြွစွာ ထောက်ခံရန် နယူးဒေလီကို တောင်းဆိုလာကြသည်။
“စစ်ကောင်စီက နိုင်ငံရေးတည်ငြိမ်အောင် လုပ်နိုင်မယ့် အနေအထား မရှိတော့တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်နဲ့ မြန်မာက စီမံကိန်းတွေ ရှေ့ဆက်ဖို့ လိုအပ်တဲ့ လူမှုစီးပွားအခြေအနေကို မဖန်တီးနိုင်တော့ဘူး” ဟု နယူးဒေလီ အခြေစိုက် သုတေသနလုပ်ငန်း မူဝါဒသုတေသနဌာနမှ သုတေသီ မစ္စတာ အန်ရှူမင် ချောင်ဒရီက ပြောသည်။
“အဲဒီအမြင်အရ စစ်ကောင်စီဟာ မတည်ငြိမ်တဲ့ မိတ်ဖက်ဖြစ်နေတယ်။ ဒါဟာ မြန်မာမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ဘယ်နိုင်ငံအတွက်မှ သတင်းကောင်း မဟုတ်ဘူး” ဟုလည်း ၎င်းက ပြောသည်။
အိန္ဒိယအစိုးရ အသိုက်အဝန်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး ရိုက်ခတ်မှုကြောင့် ပြန်လည် စဉ်းစားသုံးသပ်နေရပြီး မြန်မာစစ်ကောင်စီသည် အိန္ဒိယအကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သည့် အနေအထား မရှိတော့ဟု အများအပြားက ယူဆကာ တော်လှန်ရေး အင်အားစုများကို ပိုမိုတက်ကြွစွာ ထောက်ခံရန် နယူးဒေလီကို တောင်းဆိုလာကြသည်။
မြန်မာမှ အိန္ဒိယ အကျိုးစီးပွားများတွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းနှင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဆိပ်ကမ်း ကိုလ်ကတ္တားနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်မည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စသည့် ပထဝီသေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ ထိုစီမံကိန်းများသည် အစိုးရ၏ ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာဖြစ်သည့် အရှေ့တောင်အာရှသို့ ချိတ်ဆက်ရေးအတွက် အဓိက အစိတ်အပိုင်းများ ဖြစ်သည်။
အခြားအဓိက အကျိုးစီးပွားများမှာ ဒေသတွင်းတွင် တရုတ်သြဇာကို ကန့်သတ်ခြင်းနှင့် အရှေ့မြောက်ဒေသမှ အိန္ဒိယကို ပစ်မှတ်ထားသည့် စစ်သွေးကြွ အုပ်စုများ မြန်မာကို ခိုလှုံရာနေရာအဖြစ် အသုံးမပြုရေးဖြစ်သည်။
မစ္စတာ ချောင်ဒရီ၏ အဆိုအရ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းပေါ်မှ ခမ်းပါတ်ကဲ့သို့ အိန္ဒိယ အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက နေရာများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်မှုအောက် ရောက်သွားပြီး တရုတ်သည် တော်လှန်ရေး အင်အားစုများနှင့် လက်ဦးမှုရယူ ထိတွေ့ဆက်ဆံကာ အိန္ဒိယထက် သာနေသောကြောင့် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုရည်မှန်းချက်များသည် တစစီ ပြိုကွဲသွားပြီ ဖြစ်သည်။
မြန်မာထောင်ပေါင်းများစွာသည် အိန္ဒိယတွင် ခိုလှုံနေကြပြီး မြန်မာအခြေစိုက်အုပ်စုများသည် မလုံခြုံသော နယ်စပ်ကို ဖြတ်သန်းကာ အိန္ဒိယနယ်မြေများကို တိုက်ခိုက်သည်၊ မှောင်ခိုပစ္စည်းများ တင်သွင်းသည်ဟု နယူးဒေလီက စွပ်စွဲသည်။ ထို့ကြောင့် နယူးဒေလီက အိန္ဒိယ-မြန်မာနယ်စပ်ကို တံတိုင်းကာမည်၊ နယ်စပ်အနီး ဒေသခံများ လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုသည့် အစီအစဉ်ကို အဆုံးသတ်မည်ဟု မကြာသေးမီက ကြေညာသည်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းပေါ်မှ ခမ်းပါတ်ကဲ့သို့ အိန္ဒိယ အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက နေရာများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်မှုအောက် ရောက်သွားပြီး တရုတ်သည် တော်လှန်ရေး အင်အားစုများနှင့် လက်ဦးမှုရယူ ထိတွေ့ဆက်ဆံကာ အိန္ဒိယထက် သာနေသည်။
သေနင်္ဂဗျူဟာ အချိတ်အဆက် ထူထောင်ထားသည့် စစ်ကောင်စီတခုတည်းကို မှီခိုမှုမှ လမ်းခွဲရန် နယူးဒေလီအတွက် မလွယ်ကူသော်လည်း အိန္ဒိယအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံမှုကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်သင့်ကြောင်း မစ္စတာ ချောင်ဒရီက ပြောသည်။ ထိုသို့လုပ်ဆောင်ပါက NUG ထိန်းချုပ်မှုအောက်မှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့်လည်း ထိတွေ့နိုင်မည် ဖြစ်သည်။
မြန်မာ၏ နောက်ထပ် အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ပြန်လည် စဉ်းစားရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် လူသားချင်းစာနာမှုစင်္ကြံ ဖန်တီးပေးရန် ထိုင်းနိုင်ငံကို တောင်းဆိုမှု အများအပြားရှိသည်။ ဖွေထိုင်း ပါတီအစိုးရသစ်က နယ်စပ်တွင် လူသားချင်းစာနာမှုဌာန တည်ထောင်ရန် မကြာသေးမီက ကတိပြုသော်လည်း စစ်ကောင်စီ သို့မဟုတ် စစ်ကောင်စီထိန်းချုပ် အေဂျင်စီများနှင့်သာ ထိတွေ့ဆက်ဆံပုံရသည်။
ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ဝန်ကြီးအဆင့် သီးခြားဆွေးနွေးပွဲပြုလုပ်ပြီး အာဆီယံ၏ အားထုတ်မှုများကို ဖျက်ဆီးသည်ဟု ယခင်က စွပ်စွဲခံရသည်။ ထိုသို့ဖြစ်ခြင်းမှာ နှစ်နိုင်ငံစစ်တပ်များအကြား ခိုင်မာသော စစ်ဘက်ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။
ရှေ့ဆက် မည်သို့လုပ်မည်ဆိုသည်နှင့် ပတ်သက်ပြီး စိတ်ကူး အတွေးအခေါ်သစ် အများအပြား ရှိနေသောကြောင့် ထိုင်းအစိုးရသစ်သည် ထိုကိစ္စကို သတိထား ကိုင်တွယ်မည်ဟု မျှော်လင့်ရကြောင်း ISEAS–Yusof Ishak Institute မှ ဧည့် သုတေသီ ဒေါက်တာ ဆူရာချန်နီး ဆရီယိုင်က ပြောသည်။
“ဖွေထိုင်း အစိုးရအောက်မှာ မြန်မာနဲ့ပတ်သက်တဲ့ ထိုင်းရဲ့ ချဉ်းကပ်ပုံနည်းလမ်းမှာ အကြီးအကျယ် ပြောင်းလဲမှာ မဟုတ်ဘူး” ဟု Straits Times သို့ ၎င်းကပြောသည်။
ရှေ့ဆက် မည်သို့လုပ်မည်ဆိုသည်နှင့် ပတ်သက်ပြီး စိတ်ကူး အတွေးအခေါ်သစ် အများအပြား ရှိနေသောကြောင့် ထိုင်းအစိုးရသစ်သည် ထိုကိစ္စကို သတိထား ကိုင်တွယ်မည်ဟု မျှော်လင့်ရသည်။
“အများအားဖြင့် လက်ရှိအခြေအနေပဲ ဆက်လက်ရှိနေမယ်။ ဒါပေမယ့် အာဆီယံမူတွေက သွေဖည်ခြင်းဟာ ထိုင်းရဲ့ နိုင်ငံတကာ ဂုဏ်သတင်းကို ထိခိုက်စေတယ်ဆိုတာကို ထိုင်းက အခုနားလည်လာပြီ။ ဒါကြောင့် ဝန်ကြီးအဆင့် လျှို့ဝှက်အစည်းအဝေး မလုပ်သေးတာ” ဟုလည်း ဒေါက်တာ ဆူရာချန်နီး ဆရီယိုင်က ပြောသည်။
(The Straits Times ပါ Tan Hui Yee နှင့် Debarshi Dasgupta တို့၏ Myanmar’s neighbours grapple with new options as balance of power shifts in the country ကို ဘာသာပြန်သည်။)
You may also like these stories:
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်
မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်
မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်
“မြန်မာပိုင် ဦးဆောင် ဖြေရှင်းမှု”ကို အာဆီယံ ထောက်ခံ
အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်