သုံးနှစ်ဆိုတဲ့ အချိန်ကာလဟာ ကြာမြင့်ပေမယ့်လည်း မြန်မာပြည်သူတွေအဖို့တော့ မနေ့တနေ့ကလိုပဲ ဖြစ်ရပ်တွေက မမေ့ နိုင်စရာပေါ့။ ဒီနေ့ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံဘဲ အာဏာရပါတီထံကနေ လုယူ အာဏာ သိမ်းခဲ့တာ ၃ နှစ် ပြည့်ခဲ့ပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက် အသက်ရှုကျပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ၃ နှစ်တာအခြေအနေကို ပြန်ပြောင်း ပုံဖော်တဲ့ အခါ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း ကစလို့ အမှောင်ကျခဲ့တာလို့ ဆိုရမှာပါ။
ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာပဲ စစ်တပ်အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းဆိုးဟာ တပိုင်းတစ ဒီမိုကရေစီအရ သာ ခံစားရတာ ပူပူနွေးနွေးပဲရှိသေးတဲ့ ပြည်သူတွေဆီကို မယုံနိုင်စရာကောင်းလောက်အောင် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်တော့ ဖေဖော်ဝါရီလအစ နံနက်ခင်းဟာ အဖမ်းအဆီး စိုးရိမ်ထိတ်လန့်စရာဖြစ်ရပ်တွေနဲ့ အကျည်းတန်စွာ စတင်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပြင် ပါတီဝင်တွေ၊ အရေးပါတဲ့ ပါတီ ဝန်းရံသူတွေ၊ နိုင်ငံရေး လောကထဲက ထင်ရှားသူတချို့ကို စစ်တပ်က လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီမှာတော့ မဲစာရင်းကွာဟမှုကို အကြောင်းပြပြီး နိုင်ငံရဲ့ အာဏာ ကို စစ်တပ်ကို လွှဲအပ်တာဝန်ပေးလိုက်ကြောင်းနဲ့ နိုင်ငံရဲ့ အရေးပေါ် အခြေအနေ ၁ နှစ် သတ်မှတ်လိုက်ကြောင်း ၎င်းတို့ ထိန်းချုပ်လိုက်တဲ့ မီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။
စစ်အာဏာသိမ်းသတင်းဟာ တပြည်လုံးကို လှုပ်ခတ်ခဲ့ပြီး အဲဒီနေ့မှာတင် စိုးရိမ်ထိတ်လန့်နေတဲ့ ပြည်သူတွေက နီးစပ်ရာ ဈေးနဲ့ ဆိုင်လေးတွေဆီပြေး တန်းစီ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းကြတာမို့ ဆန်ဆိုင်တချို့ ဆန်ပြတ်လပ်ပြီး အရောင်းပိတ်လိုက်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ တချို့ဆိုင်တွေကတော့ ဆန်ရှိနေသေး ပေမယ့်လည်း အခြေအနေက ဘာဖြစ်မယ်မှန်းမသိတာမို့ ဆက်လက် မရောင်းချပေးတော့ဘဲ ဆိုင်ကိုပါ ပိတ်လိုက်ကြ ပါတယ်။
မနက် ၉ နာရီ ဘဏ်ဖွင့်ချိန်မှာတော့ ခဏတဖြုတ် ဖွင့်လှစ်ခဲ့ပြီး နေ့လယ်ဘက်မှာတော့ ပြန်ပိတ်လိုက်ကြတဲ့နောက် မြန်မာ နိုင်ငံဘဏ်များအသင်းရဲ့ ညွှန်ကြားချက်အရ လက်ရှိ အခြေအနေတွေနဲ့ ဆက်သွယ်ရေး ကွန်ရက် ယာယီပြတ်တောက်မှု အခက်အခဲတွေကြောင့် ငွေကြေးဝန်ဆောင်မှုကို ယာယီပိတ်မယ်ဆိုပြီး ကြေညာချက်တစောင် ထုတ်လာခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေကြား ဘဏ်တွေမှာ အပ်ထားတဲ့ ငွေကြေးတွေ ဆုံးရှုံးတော့ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက် လာခဲ့ပါတယ်။
အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ တနေ့လုံးဟာ သတင်းပေါင်း ဖြစ်ရပ်ပေါင်း မြောက်မြားစွာနဲ့ မြန်မာပြည်သူ တွေအတွက်တော့ နာကြည်းခံပြင်းစရာ၊ ယူကျုံးမရ စတဲ့ ခံစားချက်ပေါင်းစွာနဲ့ နေ့ရက် ၁ ရက်လည်း ဖြစ်ခဲ့ပါတယ်။
၁၀ နှစ်တာ လွတ်လပ်မှုအရသာကို အတန်အသင့် ခံစားခဲ့ရတဲ့ လူငယ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ နည်းလမ်း မျိုးစုံ စဉ်းစားကြပါတယ်။ IT ခေတ်မှာ ကြီးပြင်းလာကြသူတွေပီပီ အင်တာနက်သုံးပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ အကောင်အထည် ဖော်ကြပါတော့တယ်။
လူထုသပိတ်စတင်
ဖေဖော်ဝါရီ ၂ ရက်မှာတော့ Facebook, Twitter, Instagram စတဲ့ အွန်လိုင်းဆိုရှယ်ပလက်ဖောင်းတွေကနေ ပြည်သူ အားလုံး တပြိုင်နက် ပါဝင်နိုင်တဲ့ ည ၈ နာရီ သံပုံးတီးခြင်း၊ မီးပိတ်ခြင်း၊ ဖဲကြိုးနီကမ်ပိန်း စတဲ့ လူထုလှုပ်ရှားမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် အကြမ်းမဖက် လမ်းပေါ်သပိတ်ကို ဖေဖော်ဝါရီ ၄ ရက်မှာ ရန်ကုန်၊ စမ်းချောင်း ဂွဈေးအနီး လူတစုက စတင်ပြီး ပြောက်ကျား ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီသပိတ်ကိုတော့ ပြည်သူတွေ သိပ်မသိလိုက်ကြပါဘူး။
ဖေဖော်ဝါရီ ၅ ရက်မှာတော့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ပါဝင်တဲ့ လူငယ် ၁၀ ဦး ကျော်က လူထုမဲဆန္ဒ အလေးထားရန်၊ ဒီမိုကရေစီကာကွယ်ရေးနဲ့ အာဏာသိမ်းမှု လက်မခံ စတဲ့ အာဏာရှင် ဆန့်ကျင် ရေး ပိုစတာတွေ ကိုင်ဆောင် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
ဒေါက်တာ တေဇာဆန်းတို့ သပိတ်ကို ပြည်သူတွေ အာရုံစိုက်မိလာပြီး ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့ လှည်းတန်းမှာ အလုပ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ဆန္ဒပြခဲ့ရာကနေ တပြည်လုံးအတိုင်းအတာနဲ့ သပိတ်တွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးယန္တရား မဖြစ်မြောက်စေဖို့ နိုင်ငံဝန်ထမ်းတွေကို အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ လက် ၃ ချောင်းထောင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်တာ စတဲ့လှုပ်ရှားမှုတွေ ဆက်တိုက် လုပ် ဆောင်ခဲ့ကြပါတယ်။
အဲဒီလို သပိတ်စစ်ကြောင်းတွေ စတင်ရာမှာ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီလို့ ခေါ်တဲ့ (GSCN) လည်း ပါဝင် ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်မှာ တိုင်းရင်းသားလူငယ်တွေ စုဖွဲ့ပြီး လူမျိုးပေါင်းစုံအလိုက် သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ ကြတာပါ။
GSCN နဲ့ Sister Organization တခုဖြစ်တဲ့ Federal FM ရဲ့ အမှုဆောင် ဒါရိုက်တာတဦးဖြစ်တဲ့ ကိုတင့်က “အဓိက ကိုယ်တွေလုပ်နိုင်တာ ဆန္ဒပြတယ်၊ CDM ထောက်ပို့ကြေး လုပ်တယ်၊ ည သံပုံးတီးတယ်၊ CDM လုပ်ဖို့ ရုန်းထွက်စို့ ဆိုတာကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ စလုပ်ဖြစ်တယ်” လို့ ပြောပါတယ်။
ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်း၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်စစ်ကြောင်း၊ အလုပ်သမား သပိတ်စစ်ကြောင်း၊ အထည်ချုပ်အလုပ်သမား သပိတ်စစ်ကြောင်း၊ ဆရာဝန် သပိတ်စစ်ကြောင်း၊ ဆေးကျောင်းသား သပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာ သပိတ်စစ်ကြောင်း၊ မီးရထားဝန်ထမ်းသပိတ်စစ်ကြောင်း စတဲ့ ဌာနဆိုင်ရာ သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ ကြွေးကြော်သံတွေနဲ့အတူ နေ့စဉ် အင်အားထောင်ချီသောင်းချီ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ကြပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေရဲ့ ခါးခါးသီးသီး တုံ့ပြန်မှုကို မမျှော်လင့်ထားတဲ့ စစ်တပ်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့ကြီးတွေအပါအဝင် ပြည်နယ်၊ တိုင်းအသီးသီးက ဆန္ဒပြပွဲတွေကို အစပိုင်းမှာတော့ နှိမ်နင်းတာတွေ မလုပ်ခဲ့ပါဘူး။
ပြည်သူလူထုဘက်ကလည်း ၁ ရက်မပျက် နေ့စဉ် လမ်းပေါ်ထွက် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ကြသလို ပြည်သူမှ ပြည်သူသို့ ဆိုတဲ့အတိုင်း ဆန္ဒထုတ်ဖော်သူတွေကို အစားအသောက်၊ မုန့်၊ အအေး စတာတွေကို ပြည်သူတွေက နေရာအနှံ့ မြို့နယ်အသီးသီးမှာ လှူဒါန်းခဲ့ကြပါတယ်။
အင်အားအများဆုံးနဲ့ ကမာ္ဘကျော်သွားစေတဲ့ လူထုစီတန်းလှည့်လည်မှုကို ၂ ငါးလုံးနေ့ဖြစ်တဲ့ ၂၂ ရက်၂ လ ၂၀၂၁ မှာ လုပ်ခဲ့ ကြပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လူပင်လယ်အလား လမ်းမတွေထက် ထွက်လာခဲ့ ကြပါတယ်။
အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ ပြည်သူလူထုရဲ့ အင်အားကိုတွေ့ပြီးတဲ့နောက်မှာတော့ စစ်တပ်ဟာ လူထုကို အကြမ်း ဖက် ဖြိုခွင်းဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ ရန်ကုန်သပိတ်တွေ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာ၊ ဆန္ဒပြသူတွေကို လိုက်လံ ဖမ်းဆီးတာကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ စလုပ်ခဲ့ပါတယ်။
အဲဒီလို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပေမယ့် လူငယ်တွေရဲ့ ခိုင်မာတဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ယိုင်နဲ့အောင် မလုပ်နိုင်ခဲ့ပါဘူး။ GSCN အပါအဝင် လူငယ်သပိတ်အင်အားစုတွေဟာ စစ်တပ် အကြမ်းဖက်ဖြိုခွင်းနေတဲ့ ကြားကနေပဲ ဧပြီ လကုန်၊ မေလဆန်းလောက်ထိ ရန်ကုန်မှာ ဆက်လက်ရှိနေခဲ့တာပါ။ ဒီနေ့ အချိန်ထိတိုင်အောင်လည်း အခွင့်သင့်သလို အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်မှာ ဆက်လုပ်နေကြတာပါ။
ရန်ကုန်မှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်က စလို့ ဒီနေ့အထိ လူထုသပိတ်တိုက်ပွဲဆင်နွှဲနေတဲ့အထဲမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့) လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့ကို လုံးဝ အုပ်ချုပ်ခွင့် မရစေရဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့ နယ်အသီးသီးမှာ ဒီကနေ့အထိ လက်နက်မဲ့ တော်လှန်နေတာ ၃ နှစ်အတွင်း သပိတ်တိုက်ပွဲပေါင်း အကြိမ် ၉၀၊ လှုံ့ဆော်စာ တန်း ချိတ်မှုပေါင်း ၁၅ ကြိမ်နဲ့ လူမှုရေးပြစ်ဒဏ်၊ စီးပွားရေးပြစ်ဒဏ်၊ Camping ပြုလုပ်ခြင်း၊ လူထုစည်းရုံးလှုံ့ဆော်မှု ပေါင်း အကြိမ် ၁၄၀ လောက် လုပ်ဆောင်ခဲ့ကြပါတယ်။
အာဏာသိမ်းစကတည်းက ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူလူထုဟာ လက်ရှိ အကျပ်အတည်း အခက်အခဲပေါင်းများစွာနဲ့ စစ်အာဏာရှင်ရဲ့ လုံခြုံရေးတင်းကျပ်မှုကြား နေထိုင်နေရပေမယ့် အခုချိန်ထိ သွေးအအေးခဲ့ကြဘူးလို့ ရေဘဝဲအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အထွေအထွေ အကျပ်အတည်းတွေကြားက လူထုအနေနဲ့ ပုံစံအမျိုးမျိုးနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြပါတယ်” လို့ သူက ဆိုပါတယ်။
ရန်ကုန်လိုပဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်ကို ရရင်ရသလို ဆန့်ကျင်ဆန္ဒပြနေမှုတွေကို ယနေ့တိုင် တွေ့မြင်နေရပါတယ်။
အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာတော့ စစ်ရေးအရအပြောင်းအလဲက မြင်သာနေပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစချင်းတုန်းက ပုံအောခဲ့ကြသလို ဒီနှစ်ထဲမှာ ထပ်ပြီးပုံအောပြီး ဝိုင်းဝန်းကူညီပေးကြရင် ပွဲက မြန်မြန်ပြတ်သွားကြ လိမ့်မယ်လို့ Federal FM ရဲ့ အမှုဆောင် ဒါရိုက်တာတဦးဖြစ်တဲ့ ကိုတင့်က ပြောပါတယ်။
ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ် ဆိုတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှု များစွာ
အာဏာသိမ်းမှု ၉ ရက်မြောက်နေ့မှာပဲ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေအပေါ် ကျည် အစစ်သုံးပြီး ပစ်ခတ်သတ်ဖြတ်မှုတွေ စတင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော် သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတဦးဖြစ်တဲ့ မမြသွဲ့သွဲ့ခိုင် ဦးခေါင်း ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာနဲ့ ၁၀ ရက်အကြာမှာပဲ သေဆုံးခဲ့ရပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ အကြမ်းဖက် ရဲအရာရှိတဦးရဲ့ လက်ချက်နဲ့ ပထမဆုံး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသူ၊ နွေဦးတော်လှန်ရေးရဲ့ အာဇာနည်တဦးအဖြစ် ပြည်သူတွေက ယနေ့ထိတိုင် အမှတ်ရ ဂုဏ်ပြုနေဆဲ ဖြစ်ပါတယ်။
မြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုမှာ ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တာ၊ အခြား ပြင်ပက လက်နက်တစုံတရာကြောင့် ဖြစ်နိုင်တယ်လို့ ဗြောင်လိမ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီနောက်ပိုင်း နိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့ပါတော့တယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတဝှမ်းက ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသား၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် ပါမကျန် လူမျိုးဘာသာမရွေးအပေါ် စစ်ကောင်စီဟာ အကြမ်းဖက် ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ပစ်ခတ်သတ်ဖြတ် တာတွေ လုပ်ခဲ့ပါတယ်။
ဒီအတွက်ကြောင့်လည်း အေးချမ်းစွာနဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား လူငယ်နဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်စွာ သတ်ဖြတ်မှုတွေဟာ လက်နက်ကိုင် ခုခံဖို့ တွန်းအားဖြစ်လာစေပါတော့တယ်။
စစ်ကိုင်းတိုင်းထဲက ကလေးမြို့ဟာ စစ်အာဏာရှင်ကို တူမီးနဲ့စတင်တော်လှန်ခဲ့တဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်း တင်ရမှာဖြစ် သလို လက်နက်ကိုင် တော်လှန်ရေးအစ ကလေးမြိုကလို့ ဆိုရမှာပါ။
စစ်အာဏာရှင် အလိုမရှိကြောင်း တခြားမြို့တွေနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကလေးမြို့က ပြည်သူတွေကို စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက မတ်လ ၂ ရက်နေ့မှာ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ကိုဇင်မျိုးမောင်လို့ ခေါ်တဲ့ လူ ငယ်တဦး နောက်တရက်မှာ ဆုံးပါးသွားခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ကလေးမြို့ကို ရဲက စစ်တပ်ကို အာဏာ လွှဲပေးလိုက်ပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြလို့မရတဲ့ အခြေအနေကို ရောက်သွားခဲ့တာကြောင့် မြို့ခံတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး သပိတ်စခန်းတွေဖွင့်လို့ စစ်အာဏာရှင်ကို ရရာလက်နက်နဲ့ ဆက်လက် တော်လှန်ခဲ့ကြပါတယ်။
ရရာတူမီးသေနတ်၊ လေသေနတ်တွေနဲ့ ခုခံနေတဲ့ ကလေးမြို့ခံတွေ အခြေပြုရာ တာဟန်းရပ်ကွက်က သပိတ်ခံတပ် နေရာကို စစ်တပ်က မတ် ၂၈ ရက်နေ့မှာ စတင်ဖြိုခွင်းပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မဲမဲမြင်ရာကို ပစ်ခတ်ကြတာပါ။
အင်အားချင်း မမျှတာကြောင့် တိုက်ပွဲမှာ ကလေးမြို့ဒေသခံတွေဘက်က ကျဆုံးသူ အနည်းဆုံး ၅ ဦး ရှိခဲ့ပြီး အများအပြား အဖမ်းခံကြရပါတယ်။ အဲဒီနေ့ကစလို့ ကလေးမြို့နဲ့ ကလေးမြို့ကို စစ်ကူထပ်လာတဲ့ စစ်တပ်ကို ဒေသခံတွေက ကြားဖြတ် တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ တခြားသောဒေသတွေမှာလည်း လူငယ်တွေဟာ ရရာလက်နက်စွဲကိုင်ပြီး စစ်ကောင်စီ တန်ပြန်ခုခံခဲ့ကြပါတော့တယ်။
ဒီလိုကာလတွေ ဖြတ်သန်းပြီးတဲ့နောက် ၂၀၂၂ ဇူလိုင် ၂၅ ရက်ကတော့ မြန်မာပြည်သူတွေအတွက် စိတ်နှလုံးကြေကွဲဆုံး နေ့တနေ့လို့ ဆိုရမှာပါ။
လူချစ်လူခင်များတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပြင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူ အခြား ၂ ဦးဖြစ်တဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့မှုဟာ အာဏာသိမ်း စစ်တပ်က ရိုင်းစိုင်းတဲ့ သမိုင်းမှတ်တိုင်တခု စိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် နွေဦးတော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ခုခံစစ် လက်နက်ကိုင်တော်လှန်မှုတွေကိုပါ ကြုံတွေ့လာရတဲ့ စစ်တပ်ဟာ ပြည်သူ့နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေပါမချန် မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျက်ရှိပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းမှု ၃ နှစ် ပြည့် ချိန်မှာ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ပြည်သူပေါင်း ၄၄၀၀ ကျော် ရှိခဲ့ပြီဖြစ်ပြီး အတည်ပြုရန် လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၁၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ၃ နှစ်တာအတွင်း ပြည်သူပေါင်း ၂ သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲကမှ ၁ သောင်း ၉ ထောင်ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈ ထောင်ဟာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ၎င်းတို့အထဲမှာ မျက်ကွယ်သေဒဏ်ချမှတ် ခံထား ရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးဟာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်တာအတွင်းမှာ နေအိမ်ပေါင်း ၇ သောင်း ၈ ထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်း ဟာ ၅ သောင်း ၉ ထောင်ကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံတဝန်း လူပေါင်း ၂ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
၂၀၂၃ နိုဝင်ဘာ ၂၇ ရက်မှာတော့ ရှမ်းမြောက်ဒေသမှာ ဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံလာနေရပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီအနေနဲ့ မြို့ပေါင်း ၃၀ ကျော်၊ စစ်စခန်းပေါင်း ရာချီ လက်လွှတ်ဆုံးရှုံးခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ကနေ အောက်ခြေတပ်သားအထိ စစ်သည်အင်အားထောင်ချီ လက်နက်ချအညံ့ခံ မှု၊ အလံဖြူထောင် အလင်းဝင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တော်လှန်ရေး အင်အားစုတွေဘက်လည်း ၂၀၂၄ ခုနှစ်မှာ ပြည်သူ လူထု တရပ်လုံးအနေနဲ့ တော်လှန်တိုက်ပွဲကို “တက်စုံဖွင့် ရွက်ကုန်လွှင့်”ကာ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုး ဆော် လျက် ရှိပါတယ်။
You may also like these stories:
စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)
စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၂)
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့