၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာသည်ဟု စွပ်စွဲကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်တော့မည် ဖြစ်၏။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်မှစ၍ ရွေးကောက်ပွဲက တက်သည့် အစိုးရနှစ်ဆက် အုပ်ချုပ်ခဲ့သော ၁၀ နှစ်တာကာလနှင့် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကာလသည် ဆီနှင့်ရေလို ကွာခြားသွားသည်မှာတော့ အမှန်ပင်ဖြစ်၏။
၂၀၁၉၊ ၂၀၂၀ နှစ်များအထိ မြန်မာပြည် ယနေ့ကာလကဲ့သို့ အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မည်ဟု ပြောလျှင် မည်သူမှ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့ စစ်တပ်ပြိုကွဲပြီး တိုင်းပြည် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်မည်ဟုလည်း မထင်မှတ်ထားခဲ့ကြပေ။
နိုင်ငံရေးဘောင် ကျယ်သည့်ကာလ
ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ NLD အစိုးရလက်ထက်အထိ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့ရာ လူ့အဖွဲ့အစည်းအတွင်း သက်ရောက်မှုကြီးမားခဲ့ပြီး နဝတ ခေတ်၊ နအဖ ခေတ် နှစ် ၂၀ ကျော် ပိတ်မိသောကာလမှ ဖောက်ထွက်ရန် လမ်းစတွေ့ပြီဟု မျှော်လင့်ယုံကြည်လာခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်တွင် အားနည်းချက်များ ရှိသည်ဆိုသော်လည်း အဓိက အားသာချက်မှာ လူထု၏ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု ရရှိခြင်းဖြစ်၏။ ယခင် အစိုရအဆက်ဆက် မရခဲ့ဖူးသည့် NLD အစိုးရအား လူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ ဝိုင်းရံမှုဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်တွင် အားနည်းချက်များ ရှိသည်ဆိုသော်လည်း အဓိက အားသာချက်မှာ လူထု၏ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု ရရှိခြင်းဖြစ်၏။ ယခင် အစိုရအဆက်ဆက် မရခဲ့ဖူးသည့် NLD အစိုးရအား လူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ ဝိုင်းရံမှုဖြစ်သည်။ ဤအချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဩဇာသက်သက်ကြောင့် မဟုတ်ပေ။ အပြောင်းအလဲကို လိုလားသော၊ စစ်အာဏာရှင်စနစ်အောက်ကို ပြန်မသွားလိုသော လူထု၏ သဘောထားကြောင့် ဖြစ်၏။
ထို့ပြင် ပွင့်လင်းလွတ်လပ်မှု တစုံတရာရှိသဖြင့် အစိုးရရုံးဌာနများ၏ လာဘ်ပေးလာဘ်ယူမှုကို အတိုင်းအတာတခုအထိ ဟန့်တားနိုင်ပြီး အစိုးရယန္တယား လည်ပတ်မှု ကောင်းမွန်လာခဲ့၏။ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတကာက အသိအမှတ်ပြုခံရပြီး ကူညီထောက်ပံ့မှုများရခဲ့သည်။

အရေးအကြီးဆုံးအချက်မှာ ပြည်တွင်းစစ်၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဖြစ်၏။ အရပ်သားအစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စိတ်ဝင်စားကြ၏။ အထူးသဖြင့် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ဝင်စားကြ၏။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း NLD အစိုးရသည် တိုင်းရင်းသားတို့ မျှော်လင့်သလောက် ဖြစ်မလာခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စစ်တပ် သဘောမတူလျှင် မည်သည့်သဘောတူညီချက်မှ မရခြင်းတို့ကြောင့် စိတ်ပျက်စရာများ ရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြည်တွင်းပြည်ပမှ အားပေးဝိုင်းရံကြသည့်အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသဖြင့် နိုင်ငံရေးဘောင်ကျယ်၏။
အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရာတွင် မြောက်ပိုင်းသုံးဖွဲ့အား ပါဝင်ခွင့်ပြုခဲ့ပါက ဝ UWSA နှင့် NDAA မှအပ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အားလုံးလိုလို NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည်ဖြစ်၏။ ပြီးခဲ့သော ၁၀ နှစ်အတွင်း စစ်ပွဲကို ပိုမိုလျှော့ချနိုင်ခဲ့မည် ဖြစ်၏။ ညံ့ဖျင်းပြီး အမျှော်အမြင် နည်းပါးသော စစ်တပ်၏ ဆုံးဖြတ်ချက်ကြောင့် NCA လက်မှတ်ရေးထိုးရာတွင် အင်အားကြီး တိုင်းရင်းသားအဖွဲ့များ မပါဝင်နိုင်ဘဲ နယ်မြေအချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့မှုရှိခဲ့၏။ သို့သော်လည်း ၂၀၁၁ မှ ၂၀၂၀ အထိ ၁၀ နှစ်တာကာလတွင် တပြည်လုံး အတိုင်းအတာအရ နိုင်ငံရေးဘောင်ကျယ်ပြီး စစ်ဘောင်ကျဉ်းခဲ့၏။
စစ်ဘောင် ကျယ်သည့်ကာလ
ဤသို့သော အခြေအနေကောင်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အားလုံးပျက်သုဉ်းသွားသည်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားပြီး ပြောင်းပြန်လန်သွားသည်။
ပြုပြင်ပြောင်းရေးကာလ၌ နိုင်ငံခြားမှ ပြန်လာသူများပင် ပြန်လည်ထွက်ခွာသွားသည်။ ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် ယခင်ကထက် ပြည်ပသို့ အလုပ်သွားလုပ်သူ ပိုများလာသည့်အပြင် ပြည်တွင်းရှိ ပညာတတ်များ၊ ကြေးရတတ် အတော်များများသည်လည်း ပြည်ပသို့ ထွက်ခွာပြောင်းရွှေ့ကြသဖြင့် ပြည်တွင်း၌ လူသားအရင်းအမြစ်သာမက ငွေကြေးဓနဥစ္စာများပါ ပြည်ပသို့ ရောက်ရှိသွား၏။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ဖြင့် ရက်စက်ကြမ်းကြုတ်စွာ စစ်ကောင်စီက တုန့်ပြန်ပြီးနောက် မြန်မာပြည် သမိုင်းတလျှောက်တွင် မကြုံဖူးသေးသည့် လူထု၏ ခုခံတော်လှန်စစ်ကို တွေ့မြင်ရ၏။
စစ်တပ်အာဏာသိမ်းပြီးနောက် အဓိကပြဿနာမှာ မြန်မာပြည်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်စွမ်း မရှိခြင်းဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ဖြင့် ရက်စက်ကြမ်းကြုတ်စွာ စစ်ကောင်စီက တုန့်ပြန်ပြီးနောက် မြန်မာပြည် သမိုင်းတလျှောက်တွင် မကြုံဖူးသေးသည့် လူထု၏ ခုခံတော်လှန်စစ်ကို တွေ့မြင်ရ၏။
ယခင်ကတည်းက လက်နက်ကိုင်ပုန်ကန်မှုရှိခဲ့သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်များသာမက လက်နက်ကိုင်ပုန်ကန်မှု အားနည်းနေသည့် ကရင်နီနှင့် တနင်္သာရီတိုင်းများ၊ လက်နက်ကိုင်ပုန်ကန်မှု မရှိသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင်ပါ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားခဲ့၏။ ရန်ကုန်မြို့တွင်လည်း မြို့တွင်းတိုက်ခိုက်မှုများ မပြတ်ရှိခဲ့၏။ လှုပ်ရှားအနည်းဆုံးဟု သတ်မှတ်သည့် ဧရာဝတီတိုင်းတွင်ပင် အံတုလှုပ်ရှားမှုများ ရှိနေပြီး စစ်ကောင်စီ လက်လွှတ်ထား၍ မရပေ။

ဤသို့ တပြည်လုံးအနှံ့ လက်နက်ကိုင်ပုန်ကန်မှုသည် လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြီး စကတည်းက ပထမဆုံးအကြိမ် ဖြစ်၏။ လွတ်လပ်ရေးရပြီးခါစ ရန်ကုန်အစိုးရဟု အမည်တွင်သည့် ကာလတုန်းကပင် ဤမျှလောက် တပြည်လုံးအနှံ့ ပုန်ကန်မှု မရှိပေ။ ထိုကာလက ကချင်၊ ချင်း၊ ရှမ်းပြည်နယ်တို့တွင် ပုန်ကန်မှု လုံးဝ မရှိသည့်အပြင် ရှမ်း၊ ကချင်နှင့် ချင်းသေနတ်ကိုင် တပ်ရင်းများသည်ပင် ဖဆပလအစိုးရဘက်မှ ရပ်တည် တိုက်ခိုက်ကြ၏။
ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းများတွင် လက်နက်ကိုင် ပုန်ကန်မှုများရှိသော်လည်း လက်ဝဲအနွယ်များ၏ ပုန်ကန်မှုသာဖြစ်၏။ ဂျပန်ဆန့်ကျင်ရေး တပ်ပေါင်းစုဖြစ်သည့် ဖဆပလအတွင်းမှ ကွန်မြူနစ်များသာ ပုန်ကန်ကြပြီး ကျန် ဖဆပလ အင်အားစုက အစိုးရအဖြစ် ရပ်တည်ခဲ့ရာ အခြေအနေ ဤမျှလောက် မဆိုးပေ။
ယခုမူ စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများက တဖက် ကျန်တပြည်လုံးရှိ လူမျိုးပေါင်းစုံလူထုက တဖက်ဖြစ်၏။ စစ်တပ်ဖက်က သူမွေးထားသည့် နာမည်အမျိုးမျိုးတပ်ထားသော အင်အားစုများမှအပ ကျန်အင်အားစုများ မပါပေ။ လက်ရှိ သုံးနှစ်တင်းတင်းပြည့်သည့်ကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပင် စစ်တပ်ဖက်က အပြည့်အဝ ထောက်ခံလှုပ်ရှားနေသည်ကို မတွေ့ရပေ။
တဖက်ကလည်း ဖိနှိပ်မှုများကြောင့် အဓိကအတိုက်ခံ နိုင်ငံရေးပါတီကြီးများသည့် မြို့ပေါ် ဥပဒေတွင်း၌ ရပ်တည်ပါဝင်နိုင်ခြင်း မရှိပေ။ ကျန်နိုင်ငံရေးပါတီများကိုလည်း စည်းမျဉ်းစည်းကမ်းအသစ်များနှင့် ထိန်းချုပ်ထားသည်။ ထို့ပြင် မြို့ပေါ် အရပ်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကိုလည်း ထိန်းချုပ်ထားသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး သုံးနှစ်ပြည့် မြန်မာပြည်အခြေအနေသည် စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင်ကျဉ်းနေသည်ဟု သုံးသပ်ရပေသည်။
ပြည်တွင်း၌ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ပြုနေသည်ဆိုသော်လည်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးများ မပါသည့်အပြင် မည်သည့် နိုင်ငံရေးလှုပ်ရှားမှုမှ ပြုလုပ်နိုင်ခြင်း မရှိပေ။ ဒီမိုကရေစီရေး၊ နိုင်ငံရေးလှုပ်ရှားသူ အများစုကို ထောင်များမှ ပြန်လည် စေလွှတ်ပေးခြင်း မရှိပေ။ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂ သောင်းနီးပါးခန့် ဖမ်းထားဆဲဖြစ်သည်။
သို့ဖြစ်ရာ စစ်ကောင်စီ အာဏာသိမ်းပြီး သုံးနှစ်ပြည့် မြန်မာပြည်အခြေအနေသည် စစ်ဘောင်ကျယ်ပြီး နိုင်ငံရေးဘောင်ကျဉ်းနေသည်ဟု သုံးသပ်ရပေသည်။
စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲခြင်း
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့အထိ တပြည်လုံးအနှံ့ရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံးတွင် စစ်ရေးလှုပ်ရှားမှုများ ရှိခဲ့၏။ အကြိတ်အနယ်လည်း တိုက်ခိုက်ခဲ့ကြ၏။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနှင့် ကရင်နီပြည်နယ်များတွင် ကျေးလက်ဒေသ အများစုကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်သော်လည်း မြို့အများစုကို စစ်တပ်က ထိန်းချုပ်ထားနိုင်၏။ တော်လှန်ရေး အင်အားစုများဘက်က ထိန်းချုပ်ထားနိုင်သည်မှာ ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့တခုသာ ရှိသည်။
စစ်ရေးအရ တပြည်လုံးအနှံ့ စစ်ရေးတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း တဖက်နှင့်တဖက် အသာမရသည့် အခြေအနေဖြစ်၏။ စစ်ကောင်စီသည် မြို့အများစုကို ထိန်းချုပ်နိုင်ဆဲဖြစ်၏။ တော်လှန်ရေး အင်အားစုများတွင် လက်နက်ခဲယမ်း အခက်အခဲ ကြီးကြီးမားမားရှိနေဆဲ ဖြစ်သည်။ ဤသို့သောအခြေအနေတွင် မြန်မာပြည်နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ အကဲခတ်သူများ၊ သုံးသပ်သူများ၊ ပါဝင်ပတ်သက်သည့် နိုင်ငံများသည် စစ်ကောင်စီ မုချကျဆုံးမည်ဟု မမြင်ကြချေ။ ၎င်းတို့က စစ်ကောင်စီသည် တိုင်းပြည်အခြေအနေကို နောက်ဆုံး ပြန်ထိန်းနိုင်ပြီး စစ်တပ်ကိုပင် ဗဟိုပြု၍ မြန်မာပြည်ပြဿနာကို ဖြေရှင်းရမည်သာဟု ကြည့်မြင်လာကြ၏။

ပြဿနာမှာ စစ်တပ်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက မြန်မာပြည်တွင် တည်ရှိသည့် ခိုင်မာသော၊ တခုတည်းသော အင်စတီကျူးရှင်းဖြစ်သည်ဟူသည့် အယူအဆတွင် တွယ်ကပ် နစ်မျောနေကြခြင်းဖြစ်၏။ လာဘ်ပေးလာဘ်ယူ၊ ကိုယ်ကျိုးစီးပွားရှာသော၊ တိုက်စိတ်ခိုက်စိတ် မရှိသော၊ တိုက်ရည်ခိုက်ရည် မရှိသော၊ လူထုစည်းကမ်း လိုက်နာမှုမရှိဘဲ လူထုအား နှိပ်စက်ရမ်းကားနေသော၊ မူးယစ်ဆေးဝါးစွဲနေသည့် တပ်သားများဖြင့် ပြည့်နေသော စစ်တပ်သည် အတွင်း၌ လှိုက်စားပြီး ပြိုကျပျက်စီးမည့်ဘက်သို့ ဦးတည်နေသည်ကို မမြင်နိုင်ကြပေ။
ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်ပြည့် အခမ်းအနားသို့ တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများအပြင် ဥရောပမှလည်း မြန်မာစစ်တပ်ကို ဗဟိုပြုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည် အာရုံစိုက်လာသည်ကို တွေ့ရသည်။
မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအား ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်တွင် ရှေ့ဆင့်နောက်ဆင့် ဆင်နွှဲလိုက်သည့်အခါ စစ်ရေးအခြေအနေ ပြောင်းလဲမှုနှင့်အတူ နိုင်ငံရေး အခြေအနေသည်လည်း ကြီးမားစွာ ပြောင်းလဲလာခဲ့၏။
သို့သော်လည်း ဤအယူအဆနှင့် အာရုံစိုက်မှုသည် ရက်ပိုင်းသာ ခံလိုက်သည်ကို တွေ့ရ၏။ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအား ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်တွင် ရှေ့ဆင့်နောက်ဆင့် ဆင်နွှဲလိုက်သည့်အခါ စစ်ရေးအခြေအနေ ပြောင်းလဲမှုနှင့်အတူ နိုင်ငံရေး အခြေအနေသည်လည်း ကြီးမားစွာ ပြောင်းလဲလာခဲ့၏။
၁၀၂၇ စစ်ဆင်ရေး စတင်ခါစက တရုတ် မီးစိမ်းပြလို့ တိုက်တာပါ၊ ခဏတဖြုတ်နှင့် ပြီးသွားမှာပါဟူ၍ မြင်ကြသူများကို တွေ့ရ၏။ မြောက်ပိုင်းသုံးဖွဲ့၏ ကြီးမားသော နိုင်ငံရေးရည်မှန်းချက်၊ ကြိုတင်ပြင်ဆင်မှု၊ လုံးပမ်းအားထုတ်မှုများကို မှန်ကန်စွာမြင်နိုင်သူ နည်းပါးခဲ့သည်။ သို့သော်လည်း မြောက်ပိုင်းသုံးဖွဲ့၏ တရှိန်ထိုး တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်နှင့် ရခိုင်တွင် မထင်မှတ်ထားကြသည့် စစ်ရေးရလဒ်များ၊ စစ်ရေးအောင်ပွဲများကို မြင်တွေ့ခဲ့ရသကဲ့သို့ ထိုစစ်ရေးအရှိန်အဟုန်နှင့်အတူ ကျန်ဒေသများတွင် စစ်ရေးအောင်ပွဲများ ရရှိလာသည်ကို မြင်တွေ့လာရသည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် လူထု၏ တခဲနက်ထောက်ခံမှုကိုလည်း ရခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့က ရှမ်းမြောက်တွင် မြို့ ၁၈ မြို့ခန့် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်တဦး သေ၊ တဦး သုံ့ပမ်းအဖြစ် အဖမ်းခံရပြီး အင်အား ထောင်နှင့်ချီ ချေမှုန်းခံရသည်။ ရှမ်းမြောက်တခုလုံးတွင် ဗိုလ်မှူးချုပ် ခြောက်ဦးအပါအဝင် စုစုပေါင်း အရာရှိစစ်သည် အင်အား ၃,၀၀၀ ကျော်နှင့် မိသားစုဝင် ၂,၀၀၀ ခန့် လက်နက်ချခဲ့ရသည်။
ရခိုင်တွင် ပလက်ဝ မြို့တမြို့သာ သိမ်းပိုက်နိုင်သေးသော်လည်း ထို့မြို့နယ်အတွင်း အရေးကြီးဗျူဟာကုန်းများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မ နှစ်ခုစာ အင်အားများ ချေမှုန်းနိုင်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်မြောက်ပိုင်းရှိ တပ်ရင်း၊ ဗျူဟာ စကခ ဌာနချုပ်များ အခြေစိုက်သည့် ရသေ့တောင်၊ ကန်စောက်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့အား တပြိုင်တည်း ဆက်လက် တိုက်ခိုက်နေပြီး အတော်များများကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။ ရခိုင်တွင် စစ်တပ်မှ အနည်းဆုံး အင်အား ၁ ထောင်ခန့် ချေမှုန်းခံရပြီး ၁ ထောင်ခန့် သုံ့ပမ်းအဖြစ် အဖမ်းခံရသည်ကို တွေ့ရ၏။
၁၀၂၇ စစ်ဆင်ရေး၏ သက်ရောက်မှုအဖြစ် ကရင်နီတွင် မယ်စဲ့အပြင် မိုးဗြဲ၊ ဖယ်ခုံ၊ ချင်းပြည်နယ်တွင် ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ နှာရိန်း၊ စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မဘိမ်း စသည်ဖြင့် တပြည်လုံးတွင် မြို့ပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် ထီးချိုင့်၊ နန့်ဖတ်ကာ၊ မိုးမိတ် စသည့်မြို့များကိုလည်း ဆက်လက် တိုက်ခိုက်နေ၏။ စခန်းငယ် အများအပြားကိုလည်း သိမ်းပိုက်ရရှိခဲ့၏။ AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ မြန်မာစစ်တပ်မှ ခြောက်ကြိမ်တိုင် ထွက်ပြေးခဲ့ပြီး ထွက်ပြေးသူ စစ်သည် ၆၀၀ ကျော်ရှိသည် တွေ့ရ၏။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်တပ်ထံမှ ဟောင်ဝစ်ဇာအမြောက်များ၊ သံချပ်ကာကားများ၊ လေယာဉ်ပစ် စက်သေနတ်များ၊ အတွဲလိုက်ပစ်သည့် ဒုံးပစ်စင်နှင့် ဒုံးကျည်များ၊ လက်နက်ငယ်မျိုးစုံ၊ မော်တာနှင့် နောက်ပွင့်မျိုးစုံ၊ ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ သိမ်းဆည်းရမိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံးအနှံ့ တိုက်ခိုက်မှုများကြောင့် စစ်တပ်သည် ရှုံးပွဲဆက်ခဲ့ပြီး တပြည်လုံး အတိုင်းအတာအရ မြို့ပေါင်း ၃၀ ကျော်၊ စခန်းပေါင်း ၅၀၀ ကျော် လက်လွှတ်ခဲ့ရပြီး စစ်သည်အင်အား ၁ သောင်းကျော် (သေကြေ၊ ဒဏ်ရာရ၊ သုံ့ပမ်း၊ လက်နက်ချ) ပြုန်းတီးသွားသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံးအနှံ့ တိုက်ခိုက်မှုများကြောင့် စစ်တပ်သည် ရှုံးပွဲဆက်ခဲ့ပြီး တပြည်လုံး အတိုင်းအတာအရ မြို့ပေါင်း ၃၀ ကျော်၊ စခန်းပေါင်း ၅၀၀ ကျော် လက်လွှတ်ခဲ့ရပြီး စစ်သည်အင်အား ၁ သောင်းကျော် (သေကြေ၊ ဒဏ်ရာရ၊ သုံ့ပမ်း၊ လက်နက်ချ) ပြုန်းတီးသွားသည်။
ဤသို့ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲမှုနှင့်အတူ စစ်တပ်အခြေအနေသည် ဆိုးဆိုးဝါးဝါးဖြစ်နေသည်ကို ပြည်တွင်းပြည်ပ အများက လက်ခံလာကြပြီး စစ်တပ်ပြိုကွဲတော့မည်၊ ပြိုကွဲနိုင်သည်၊ ပြိုကွဲလိမ့်မည် စသည်ဖြင့် အသီးသီး ကောက်ချက်ချလာခဲ့ပြီး မြန်မာပြည်ပြဿနာကို ပြောင်းလဲကြည့်မြင်ကြ၏။
စစ်တပ်ကို အသက်ဆက်ခြင်း
၁၀၂၇ စစ်ဆင်ရေးသည် မျှော်လင့်သည်ထက်ပို၍ အောင်မြင်ခဲ့သည်။ စစ်တပ်သည် ပြိုဆင်းသွားသည်။ တပ်ရင်းလိုက် လက်နက်ချရာမှ ထောင်နှင့်ချီ၍ လက်နက်ချသည့်အဆင့် ရောက်သွားသည်။ စစ်တပ် အာဏာသိမ်းမှု သုံးနှစ်တင်းတင်းပြည့်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မရောက်မီ ရက်ပိုင်းမှာတင် မြန်မာပြည်အခြေအနေသည် ဆိုးဆိုးဝါးဝါးဖြစ်နေကြောင်း၊ မြန်မာစစ်တပ်ပြိုဆင်းနေကြောင်း ထင်ထင်ရှားရှား ပို၍ ပေါ်လွင်လာပြီဖြစ်၏။ စစ်တပ်လော်ဘီများ၊ ထောက်ခံသူများက လူမှုကွန်ရက် လူမြင်ကွင်းတွင် ငိုကြီးချက်မ ဖြစ်နေသည်ကို၊ စစ်ကောင်စီခေါင်းဆောင်များအား ပြစ်တင်ဆဲဆိုနေသည်ကို မြင်တွေ့နေရ၏။ စစ်တပ်ကို ရှေ့နေလိုက်ပေးကြသည့် နိုင်ငံရေးဇာတ်ပျက်များသည်ပင် အသံသိပ်မထွက်ကြတော့သည်ကို တွေ့ရ၏။

စစ်ဆင်ရေး နှစ်လခွဲခန့်အကြာတွင် ရှမ်းမြောက်၏ အချက်အခြာမြို့ဖြစ်သည့် ရမခ တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ပါ ကျတော့မည့် အခြေဆိုက်လာပြီး ပြင်ဦးလွင် (မေမြို့) ကို ခြိမ်းခြောက်လာကြောင်း တွေ့ရ၏။ ထိုမြို့များမှ စစ်တပ်မိသားစုများ၊ ကြေးရတတ်များ စွန့်ခွာထွက်ပြေးကြသည်ကို တွေ့မြင်ရ၏။ အကယ်၍ လားရှိုးမြို့ကျပြီး မေမြို့ကို ခြိမ်းခြောက်လာပါက စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာအရ ဆိုးဆိုးဝါးဝါး ထိခိုက်တော့မည်ဖြစ်၏။
သို့သော်လည်း ထိုအချိန်တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်တပ်တို့ ရောက်သည့်နေရာတွင် အပစ်ရပ်သည့် အပစ်ရပ်သဘောတူညီချက်ကို တရုတ်တို့၏ ဖိအားနှင့် ခြိမ်းခြောက်မှုကြောင့် မြောက်ပိုင်းသုံးဖွဲ့က လက်မှတ်ရေးထိုးပေးခဲ့ရပြီး မြောက်ပိုင်းစစ်ပွဲအရှိန် ရှမ်းမြောက်တွင် ရပ်တန့်သွား၏။
တရုတ်တို့က အတင်းအကျပ် ဖိအားပေး အပစ်ရပ်စေခြင်းသည် နယ်စပ်ဒေသ တည်ငြိမ်ရေးသက်သက်ကြောင့် မဟုတ်သကဲ့သို့ စစ်တပ်ပြိုဆင်းနေသည်ကို မသိ၍ မဟုတ်ပေ။ တရုတ်တို့ ဖိအားပေးခြင်းမှာ စစ်တပ် ပြိုသွားမည်ကို မလိုလား၍ အပစ်အခတ်ရပ်စေခြင်း ဖြစ်သည်။ တရုတ်တို့၏ စဉ်းစားမှုမှာ မြန်မာပြည်တွင် စစ်တပ်ပြိုကွဲသွားပါက မြန်မာပြည်အခြေအနေ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးဖြစ်မည်၊ မြန်မာတပြည်လုံးကို ထိန်းထားနိုင်သည့်၊ အစားထိုးနိုင်သည့် အဖွဲ့အစည်းမရှိဘဲ သူတလူငါတမင်း ဖြစ်သွားပါက မြန်မာပြည်တွင်းရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို ထိခိုက်မည့်အပြင် ဒေသတွင်းနိုင်ငံများကိုပါ ထိခိုက်စေလိမ့်မည်ဟု တရုတ်တို့ ကြည့်မြင်ပုံရ၏။
စစ်တပ်ပြိုကွဲနိုင်သည်ကို မြင်တွေ့ကြရပြီးနောက် စစ်တပ်ပြိုကွဲသွားပါက မြန်မာပြည် အခြေအနေသည် ထိန်းမနိုင်သိမ်းမရနှင့် ဗရမ်းဗတာဖြစ်ပြီး ဒေသတွင်းကို ဂယက်ရိုက်လိမ့်မည်ဟူသည့် ကြည့်မြင်ချဉ်းကပ်မှုသည် တရုတ်တနိုင်ငံတည်း ဟုတ်ပုံမရပေ။ တရုတ်နှင့်အတူ ထိုင်း၊ အိန္ဒိယစသည့် ဒေသတွင်းနိုင်ငံများလည်း ပါဝင်သည်
စစ်တပ်ပြိုကွဲနိုင်သည်ကို မြင်တွေ့ကြရပြီးနောက် စစ်တပ်ပြိုကွဲသွားပါက မြန်မာပြည် အခြေအနေသည် ထိန်းမနိုင်သိမ်းမရနှင့် ဗရမ်းဗတာဖြစ်ပြီး ဒေသတွင်းကို ဂယက်ရိုက်လိမ့်မည်ဟူသည့် ကြည့်မြင်ချဉ်းကပ်မှုသည် တရုတ်တနိုင်ငံတည်း ဟုတ်ပုံမရပေ။ တရုတ်နှင့်အတူ ထိုင်း၊ အိန္ဒိယစသည့် ဒေသတွင်းနိုင်ငံများလည်း ပါဝင်သည်ကို မြန်မာပြည်နှင့်ပတ်သက်၍ ၎င်းတို့၏ လက်တွေ့တုန့်ပြန် ပြုမူမှုများကို ကြည့်ပါက တွေ့မြင်ရ၏။
သို့ဖြစ်ရာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ပြိုကွဲနိုင်သည်ကို လက်ခံလာကြသော်လည်း စစ်တပ်ပြိုကွဲပါက ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ဟု ကြည့်မြင်ကြပြီး ထိုသို့မဖြစ်စေရန် ကျားကန်ဆောင်ရွက်မှုများကို သဘောတရားအရရော လက်တွေ့မြေပြင်မှာပါ တွေ့မြင်နေရ၏။
ဤသည်မှာ မျက်မှောက် နွေဦးတော်လှန်ရေးတွင် လက်တွေ့ကြုံနေရသည့် ပြဿနာဖြစ်၏။ ထိုသို့ကြည့်မြင်သည့် အိမ်နီးချင်းနိုင်ငံများ၊ မြန်မာ့အရေးတွင် ပါဝင်ပတ်သက်သည့် နိုင်ငံများ၏ သဘောထားကိုပါ ရင်ဆိုင်ဖြေရှင်းနေရသည်မှာ စစ်တပ်အာဏာသိမ်းသည့် သုံးနှစ်ပြည့်တွင် တွေ့ရသည့် ထူးခြားချက်ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်)
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့
ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်
၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း
မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း
မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ