၁၀၂၇ စစ်ဆင်ရေး စတင်ဆင်နွှဲခဲ့ပြီးနောက် ရခိုင်စစ်မျက်နှာ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကို စစ်မျက်နှာအလိုက်၊ တိုက်ပွဲကြီးငယ်အလိုက် အောက်ပါအတိုင်း တွေ့ရ၏။
ဘူးသီးတောင်၊ မောင်တောဒေသ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မယူတောင်တန်း အနောက်ခြမ်းရှိ ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မောင်တောအခြေစိုက် ဒုံးညို နယ်ခြားစောင့်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။ ဆက်လက်၍ နိုဝင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အသီးသီးသိမ်းယူနိုင်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် မောင်တောဒေသအတွင်း ထိတွေ့၊ ဖြတ်တောက် တိုက်ပွဲငယ်အချို့ ဖြစ်ခဲ့၏။
ပေါက်တော တိုက်ပွဲ
ပေါက်တောမှ ရဲများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လက်နက်ချပြီးနောက် စစ်တပ်က ပေါက်တောသို့ စစ်တပ်နှင့်ရဲများအား စေလွှတ်ပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပေါက်တောမြို့အတွင်း တပ်စွဲထားသော စစ်တပ်အား ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ပြီး ဓားစားခံများ ကယ်ထုတ်ရာမှ ပေါက်တောတိုက်ပွဲ စတင်သည်။ စစ်တပ်က ရေတပ်ပစ်ကူ၊ စစ်တွေမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့အပြင် မြေပြင်မှ စစ်ကူတို့ပါ ဖြည့်တင်းသဖြင့် ယနေ့တိုင် ပေါက်တောမြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ၏။
အမ်း စစ်မျက်နှာ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာ၊ တောဟိန်းတောင်ဗျူဟာနှင့် ဒလက်ချောင်းတဝိုက် လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ၊ ကဇုကိုင်းတံတားအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိသော်လည်း စစ်ဆင်ရေး နှစ်လတာကာလအတွင်း အမ်းစစ်မျက်နှာတွင် ပြင်းထန်သည့် တိုက်ပွဲများ၊ စခန်သိမ်းတိုက်ပွဲများ မတွေ့ရသေးပေ။
မင်းပြား၊ မြေပုံ စစ်မျက်နှာ
စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းတွင်လည်းကောင်း၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက်ဘက်တွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲ နှစ်ပွဲအတွင်း သုံ့ပမ်း ၁၀ ဦးအပါအဝင် ရန်သူ ၂၀ ခန့်အား ချေမှုန်းနိုင်ခဲ့၏။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပေါက်တောမြို့အတွင်း တပ်စွဲထားသော စစ်တပ်အား ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ပြီး ဓားစားခံများ ကယ်ထုတ်ရာမှ ပေါက်တောတိုက်ပွဲ စတင်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြေပုံမြို့နယ်၊ စညှင်းဝအနီးတွင် AA နှင့် စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် မြောင်းဘွေရဲစခန်းအား တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၃၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
AA သည် လေးမြို့မြစ်ကြောင်းရှိ ပန်းမြောင်၊ မြောင်ဘွေတို့အား သိမ်းပိုက်ခဲ့ပြီး အခြား ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့မှစ၍ မင်းပြားမြို့ အခြေစိုက်တပ်ရင်းများကို တိုက်ခိုက်ပြီး မင်းပြားမြို့နယ်အတွင်း စစ်ရှိန်မြှင့်ခဲ့သည်ကို တွေ့ရ၏။
မြောက်ဦး စစ်မျက်နှာ
စစ်ဆင်ရေးစကတည်းက AA သည် မြောက်ဦးမြို့ပတ်လည်မှ ပိတ်ဆို့ထားသည့်အပြင် မြို့တွင်းသို့ စိမ့်ဝင်နေခဲ့၏။ မြောက်ဦးမြို့ပေါ်ရှိ ရုံးဌာနများနှင့် ဆေးရုံတို့အား AA က ထိန်းချုပ်ထားပြီးဖြစ်၏။ ထိုရက်ပိုင်းမှစ၍ မြောက်ဦးတဝိုက်တွင် တိုက်ပွဲများ တိုး၍ဖြစ်ပွားလာခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ တွင် မြောက်ဦးမြို့ခရိုင် ရဲစခန်းအား သိမ်းပိုက်ခဲ့၏။ မြောက်ဦး၊ သင်းကျစ်တော်တောင် စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့တွင် AA က အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မြောက်ဦးအခြေစိုက် ခမရ ၅၄၀ မှ အင်အား ၅၀ ကျော်ခန့်ရှိ စစ်ကြောင်းအား သကျမာရ်အောင် ဘုရားအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်ခန့်တွင် လင်းမြွေတောင်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် ကျောက်တော် စကခ ၉ သို့ ဆုတ်ခွာသွားသည်ကို ဖြတ်တောက်တိုက်ခိုက်ရာ အများအပြား သေဆုံးပြီး သုံ့ပမ်းများလည်း ဖမ်းမိခဲ့၏။ ထို့နောက် လင်းမြွေတောင်စခန်းအား AA က သိမ်းပိုက်ရရှိခဲ့သည်။ မြောက်ဦးစစ်မျက်နှာတွင် AA က တအိအိ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီအား ဖိအားပေးကာ စခန်းနှင့်မြို့အား ထိန်းချုပ်သိမ်းပိုက်ရှိသည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်ခန့်တွင် လင်းမြွေတောင်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် ကျောက်တော် စကခ ၉ သို့ ဆုတ်ခွာသွားသည်ကို ဖြတ်တောက်တိုက်ခိုက်ရာ အများအပြား သေဆုံးပြီး သုံ့ပမ်းများလည်း ဖမ်းမိခဲ့၏။ ထို့နောက် လင်းမြွေတောင်စခန်းအား AA က သိမ်းပိုက်ရရှိခဲ့သည်။
ရမ်းဗြဲကျွန်း စစ်မျက်နှာ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရမ်းဗြဲကျွန်းပေါ်ရှိ အောင်ချမ်းသာစေတီ တည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရမ်းဗြဲကျွန်းပေါ်တွင် ပထမဆုံးဖြစ်ပွားသော တိုက်ပွဲဖြစ်၏။ ထို့နောက် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းအနီး၌ ထိတွေ့တိုက်ပွဲတခု ထပ်မံဖြစ်ပွားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ရမ်းဗြဲမြို့အား စစ်တပ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းအား AA က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့သည်။
ရမ်းဗြဲမြို့တွင်လည်း AA နှင့် မြို့တွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ ရမ်းဗြဲကျွန်းပေါ်တွင် AA က ဗြောင်အတိအလင်း ခြေကုပ်ယူပြီး တိုက်ပွဲကြီးများအတွက် ပြင်ဆင်နေပြီဖြစ်၏။
ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲအချို့ရှိသော်လည်း တိုက်ပွဲကြီးများတိုက်သည်ကို မတွေ့ရသေးပေ။ သို့သော် ပုဏ္ဏားကျွန်းနှင့် စစ်တွေကားလမ်းပေါ်ရှိ တောင်ပေါက်၊ ဆင်အင်းကြီး၊ ပဒေသာတို့တွင် AA က ယခင်ကတည်းက နေရာယူထားခဲ့ပြီး ယခုအခါ ကွမ်းတောင်အထိ တိုးချဲ့နေရာယူထား၏။ စစ်တပ်က မင်းချောင်းတံတားအထိ ဆုတ်ခံထားသည်ကို တွေ့ရ၏။
တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်
၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့်သည်အထိ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်တို့တွင် တိုက်ပွဲဖြစ်ပွားသည်ကို မတွေ့ရသကဲ့သို့ အမ်းတွင်ပင်လျှင် တိုက်ပွဲဖော်သည်ကို မတွေ့ရသေးပေ။ မြောက်ပိုင်းပြီးမှ တောင်ပိုင်းသို့ အင်အားနှင့် အမြန်ပွဲသိမ်းရန် စဉ်းစားထားပုံရ၏။
ပလက်ဝ တိုက်ပွဲကြီး
ပလက်ဝဒေသသည် ကုလားတန်မြစ်ကြောင်း တလျှောက်တွင်ရှိပြီး အိန္ဒိယနယ်စပ်တွင်ရှိ၏။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပလက်ဝမြောက်ဘက် ရှင်းလက်ဝ ခေါ် ချင်းလက်ဝ တလျှောက် AA တပ်ဖွဲ့များ ထောင်နှင့်ချီ စုဝေးနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၂၀၁၉၊ ၂၀၂၀ တွင် ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၅ ခုနှစ်မှ စတင်တွေ့ရှိရသည့် AA တပ်ဖွဲ့၏ လှုပ်ရှားမှုများ သန္ဓေတည်ရာ၊ အခြေခံရာဒေသည် ပလက်ဝဒေသ၊ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်နယ်စပ် ဖြစ်ပုံရ၏။
ပလက်ဝသည် စစ်တပ်၏ စစ်နယ်မြေအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း ပါဝင်၏။ ပလက်ဝတွင် နပခ တိုင်းတပ် ခလရ ၂၈၉ အခြေစိုက်၏။ ၂၀၁၉၊ ၂၀၂၀ တို့တွင် AA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ပလက်ဝမြို့နယ်အတွင်း တပ်ရင်းတရင်းနှင့် မလုံလောက်သဖြင့် တပ်မ ၁၁ စတင် ဝင်ရောက်လာ၏။ နောက်ပိုင်းတွင် စကခ ၁၉ ပါ ထပ်ပို့ပြီး ပလက်ဝ၌ တပ်မ နှစ်ခု၏ ပူးတွဲရှေ့တန်းဌာနချုပ် ဖြစ်လာခဲ့၏။ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်တွင် တပ်မ ၁၁ နှင့် စကခ ၁၉ မှ တပ်ရင်းများအပြင် မူလ တိုင်းတပ် ခလရ ၂၈၉ နှင့် နတခ (ပုသိမ်) တပ်ရင်းတရင်းနှင့် စကခ ၉ မှ တပ်ရင်းအချို့ကိုလည်း တွေ့ရ၏။
၂၀၁၅ ခုနှစ်မှ စတင်တွေ့ရှိရသည့် AA တပ်ဖွဲ့၏ လှုပ်ရှားမှုများ သန္ဓေတည်ရာ၊ အခြေခံရာဒေသည် ပလက်ဝဒေသ၊ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်နယ်စပ် ဖြစ်ပုံရ၏။
ကုလားတန်မြစ်ကြောင်းတလျှောက် အိန္ဒိအစိုးရနှင့်ပြုလုပ်သည့် ကုလားတန်စီမံကိန်းရှိရာ ပလက်ဝမှ မီဇိုရမ်အထိ မော်တောကားလမ်း ဖောက်လုပ်ရာ လမ်းကြောင်းတလျှောက် တပ်မနှင့် လက်အောက်ခံ နည်းဗျူဟာရုံးများ စခန်းထိုင်ကြသည့် နည်းဗျူဟာကုန်းများကို အခိုင်အမာ ဆောက်လုပ်၍ လုံခြုံရေးယူထားခဲ့ကြသည်ကို တွေ့ရ၏။
ပလက်ဝမြို့၏ အရှေ့၊ အနောက်၊ တောင်ဘက်နှင့်မြောက်ဘက် ကုလားတန်မြစ်ကြောင်းတလျှောက် ဗျူဟာကုန်းများကို တည်ဆောက်ထား၏။ အဆိုပါ ဗျူဟာကုန်းကြီးများမှာ ရွာကြီးတရွာမက ကျယ်ပြောပြီး ဘန်ကာ၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စနစ်တကျ တည်ဆောက်ထားသည်။ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းမျိုးစုံ တပ်ဆင်ထား၏။ အချို့ဗျူဟာကုန်းဆိုလျှင် စခန်းထဲ၌ ရဟတ်ယာဉ်ဆင်းကွင်းပင် နှစ်ကွင်းပါသည်ကို တွေ့ရ၏။ လူအင်အားလည်း ရာနှင့်ချီ၍ ဖြည့်တင်းထားသည့် စခန်းကြီးများ ဖြစ်၏။ စစ်ကောင်စီ၏အဆိုအရ မဆုတ်တမ်း ခံစစ်စခန်းကြီးများဖြစ်၏။
AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ပလက်ဝမြောက်ဘက် ကုလားတန်မြစ်ဘေးရှိ ထရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းကြီး နှစ်ကုန်းအား စတင်ထိုးစစ်ဆင်ခဲ့သည်။ ပလက်ဝဒေသအား ဦးစွာသိမ်းပိုက်နိုင်ရန် AA က ရည်မှန်းချက်ထားခဲ့သည်။ ထိုစခန်းများက ကြီးမားသည့်အပြင် အင်အားကလည်း ရာချီရှိသည်။ လေကြောင်းပစ်ကူလည်း ပုံမှန်ပေးနိုင်သဖြင့် အလွယ်တကူတော့ စခန်းများ မကျခဲ့။ ပြင်းပြင်းထန်ထန် ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့ရသည်။ အချိန်ယူခဲ့ရ၏။
ထရွန်အိုင်စခန်းအား ၂၁ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ နှုံးဘူးစခန်းအား ၂၇ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ရခိုင်စစ်မျက်နှာတွင် အကြာဆုံး တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲများဖြစ်၏။ အပစ်ရပ်ထားပြီးနောက် စစ်ကောင်စီအနေဖြင့် ခံစစ်ပြင်ထားသကဲ့သို့ ရခိုင်ရှိ ၎င်း၏စစ်တပ်အား စိတ်ဓာတ်ရေးရာအရ အားမွေးပေးထားနိုင်ခဲ့ပုံရ၏။ သို့သော် ရေရှည် နေ့စဉ်ဆက်တိုက် ထိုးစစ်ဆင်ခြင်းခံရပြီးနောက် စိတ်ဓာတ်ရေးရာအရ ပြိုလဲသွားပုံရ၏။
ထို့နောက် ပလက်ဝမြို့ရှိ ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး ပလက်ဝ ပတ်ဝန်းကျင်၌ စစ်ကောင်စီ၏ ခလရ ၂၃၃၊ ခမရ ၃၇၄၊ ခမရ ၃၇၆၊ ခမရ ၃၀၈၊ ခမရ ၂၁၁၊ ခမရ ၂၁၇၊ ခလရ ၂၈၉၊ ခမရ ၂၂၀ တို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ပလက်ဝဒေသအတွင်းရှိ ခမောင်းဝ စခန်းအား AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းလက်ဝ စခန်းကုန်းကိုလည်း ဇန်နဝါရီလ ၃ ရက်တွင် AA မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ကိုးရက်ခန့် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်၌ သိမ်းပိုက်ရရှိခဲ့သည်။ ထို့ပြင် ဇန်နဝါရီလ ၆ ရက်ညတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ခန့်ရှိသော တောင်ရှည်တောင် ဗျူဟာကုန်းကြီး တခုလုံးမှ တယောက်မကျန် AA တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ကြသည်။
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ခန်ခတောင် ဗျူဟာစခန်းနှင့် မီးဝ ဗျူဟာကုန်း တခုလုံးကို AA က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ ဌာနချုပ်၊ နမ္မဒါ ဗျူဟာကုန်း၊ ပလက်ဝမြို့ ခရိုင်၊ မြို့နယ်ရဲစခန်းများ၊ အုပ်ချုပ်ရေးရုံးများအားလုံး သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရ၏။
ပလက်ဝဒေသအတွင်းရှိ ခမောင်းဝ စခန်းအား AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းလက်ဝ စခန်းကုန်းကိုလည်း ဇန်နဝါရီလ ၃ ရက်တွင် AA မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြား၊ ဟောင်ဝစ်ဇာအမြောက်များ၊ သံချပ်ကာကားများ သိမ်းပိုက်ရရှိခဲ့၏။ စစ်ကောင်စီဘက်မှ ဗျူဟာမှူးများအပါအဝင် အများအပြား သေဆုံးခဲ့ပြီး စကခ မှူးနှင့် အများအပြား သုံ့ပမ်းအဖြစ် ဖမ်းမိခဲ့၏။ ပလက်ဝဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်မ နှစ်ခုစာခန့် ဆုံးရှုံးခဲ့၏။
ပလက်ဝ စစ်မျက်နှာအတွင်းရှိ ဗျူဟာကုန်းကြီးများဖြစ်သည့် ထရွန်အိုင်နှင့် နှုံးဘူး ကျပြီးနောက် ပလက်ဝနယ်ထဲရှိ ဗျူဟာကုန်းများ လျင်မြန်စွာ ကျဆုံးခဲ့သည်။ ချင်းလက်ဝအား သုံးရက်သာ တိုက်ခိုက်ခဲ့ရပြီး မီးဝစခန်းအား လေးရက်သာ တိုက်ခိုက်ခဲ့ရ၏။
၂၀၀၀ ပြည့်နှစ်က မီးဝ ဗျူဟာကုန်းကို AA က ၄၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ ယခုမူ ထရွန်အိုင်နှင့် နှုံးဘူး ကျပြီးနောက် ကျန်စခန်းများ လျင်မြန်စွာ ကျဆုံးသွားသည်။ စစ်ကောင်စီစစ်သား ရာနှင့်ချီ၍ အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးသွားကြသည်။
ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။
ခြွင်းချက်အနေဖြင့် ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ကောင်စီ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်းအား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသော်လည်း ဆမီးဗျူဟာကုန်းအား သိမ်းပိုက်သည့်သတင်းကို အတည်ပြု၍ မရသေးပေ။ ပလက်ဝ တောင်ဘက်ရှိ တင်းမ၊ မီးဝ ဗျူဟာကုန်းများပါ ကျသွားသဖြင့် ဆမီးသည် ခြင်းထဲကကြက် ဖြစ်သွားပေပြီ။
ပလက်တိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထိ နှစ်လ ကြာမြင့်သည့် တိုက်ပွဲကြီးဖြစ်၏။ ပလက်ဝတိုက်ပွဲကြီးသည် တရွန်အိုင်၊ နှုံးဘူး၊ ခဝဲ၊ ခမောင်းဝ၊ ချင်းလက်ဝ၊ ပွိုင့် ၃၇၇၊ တင်းမတောင်ရှည်တောင်၊ ခန်ခတောင်၊ မီးဝ၊ နမ္မဒါ ဗျူဟာကုန်းများ၊ ခလရ ၂၈၉ ဌာနချုပ်နှင့် ပလက်ဝ မြို့သိမ်းတိုက်ပွဲအားလုံး တဆက်တစပ်တည်း ပါသည့် တိုက်ပွဲကြီး ဖြစ်၏။
ပလက်ဝတိုက်ပွဲကြီးတွင် စစ်ကောင်စီအင်အား အများအပြားအား ချေမှုန်းလိုက်ခြင်းသည် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်းကို ဖြစ်စေခဲ့၏။
ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း
ရှမ်းမြောက်မှ ကွမ်းလုံတိုက်ပွဲကဲ့သို့ပင် ပလက်ဝတိုက်ပွဲသည်လည်း ရခိုင်စစ်မျက်နှာ၏ အလှည့်ပြောင်းဖြစ်သည်။ ပလက်ဝ ကျပြီးနောက် ရခိုင်ရှိ စစ်ကောင်စီတပ်များ စတင် ပြိုဆင်းသွားသည်ကို တွေ့ရ၏။ ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၄ ဦးခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည်။
ပလက်ဝတိုက်ပွဲကြီးတွင် စစ်ကောင်စီအင်အား အများအပြားအား ချေမှုန်းလိုက်ခြင်းသည် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်းကို ဖြစ်စေခဲ့၏။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်း ပွိုင့် ၃၇၇ စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၁ ဦးသည် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့၏။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည့် ခန်ခတောင်ဗျူဟာမှ စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်သည်လည်း အိန္ဒိယနိုင်ငံဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
ပလက်ဝ တိုက်ပွဲအရှိန်ကြောင့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းမှ စေတီပြင်စခန်း၊ စေတီတောင်စခန်း၊ စေတီပြင်-ကျောက်ပန္ဒူ တောင်ကျော်လမ်းရှိ သင်္ကန်းတောင်စခန်းများမှ စစ်ကောင်စီတပ်များ စခန်းကိုစွန့်၍ မယူတောင်တန်း အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းရှိ အင်းဒင်ဘက်သို့ သွားရောက်ပူးပေါင်း၏။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရသေ့တောင်နှင့် ဘူးသီးတောင်ကြားမှ ရီစိုးချောင်း ဗျူဟာကုန်း၊ အမျက်တောင်စခန်းတို့မှ တပ်များဆုတ်ခွာပြီး မညှင်းတောင်တွင် လာရောက်ပူးပေါင်းရာ ရီစိုးချောင်း ဗျူဟာကုန်းကို ဇန်နဝါရီလ ၁၄ ရက်တွင် AA က သိမ်းပိုက်ရရှိခဲ့သည်။ မညှင်းတောင်တွင် လာစုသည့် စစ်ကောင်စီတပ်အား AA က ဝိုင်းဝန်းပိတ်ဆို့သဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ၁၂၀ ကျော် လက်နက်ချခဲ့သည်။ မယူမြစ်ကမ်း ရောက်လာသည့် စစ်တပ်အင်အား ၇၀ ခန့်သည် မယူမြစ်မှ ဇက်များဖြင့် ဆုတ်ခွာသွားကြ၏။ မယူမြစ်ဘေးတွင် ပိတ်မိနေသော အဖွဲ့များလည်း ရှိသည်ဟု သိရ၏။
ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မယူမြစ်ကမ်းတလျှောက်ရှိ ထီးစွဲနှင့် ဆောင်ခတ်ကျေးရွာများတွင် အခြေပြုသည့် အင်အား ၂၀၀ ခန့်ရှိ ထီးစွဲဗျူဟာသည်လည်း ရေတပ်ဇက်များဖြင့် ဆုတ်ခွာသွားကြသည်။
ရသေ့တောင်မြို့နယ်တွင် ရသေ့တောင်ဗျူဟာ၊ ထီးစွဲဗျူဟာ၊ ရီစိုးချောင်းဗျူဟာတို့ရှိပြီး ထီးစွဲနှင့် ရီစိုးချောင်းဗျူဟာတို့မှာ ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲတွင် လာရောက်တပ်စွဲကြသည့် တပ်မ ၂၂ မှ တပ်များဖြစ်၏။ ယခုအခါ ရသေ့တောင်မြို့နယ်အတွင်း တပ်မ ၂၂ မှ အချို့သည် စစ်တွေအထိ ဆုတ်ခွာသွားပြီး အချို့က ရသေ့တောင်ဗျူဟာနှင့် ရသေ့တောင် အခြေစိုက် စကခ ၁၅၊ နပခတပ်များဖြစ်သည့် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းများနှင့် ပေါင်းထားသည်ဟု သိရ၏။ သို့ဖြစ်ရာ ရသေ့တောင်ဗျူဟာလည်း အခြေအနေ မကောင်းတော့ပေ။
ရသေ့တောင်မြို့ရှိ တပ်ရင်းများ ပူးပေါင်းထားသည့် ခမရ ၅၃၇၊ ၅၃၈ တပ်များအား ဇန်နဝါရီလ ၁၆ ရက်နေ့ညမှ စ၍ AA က စတင်တိုက်ခိုက်နေပြီဖြစ်ရာ ရသေ့တောင်ကိုလည်း မကြာခင် AA က သိမ်းပိုက်နိုင်မည်ဖြစ်၏။
ကျောက်တော်၊ သရက်တပင်ရွာ အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ ကိုလည်း AA က ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်မှ စတင်တိုက်ခိုက်နေပြီ ဖြစ်၏။
ယခုအခါ ရသေ့တောင်မြို့နယ်အတွင်း တပ်မ ၂၂ မှ အချို့သည် စစ်တွေအထိ ဆုတ်ခွာသွားပြီး အချို့က ရသေ့တောင်ဗျူဟာနှင့် ရသေ့တောင် အခြေစိုက် စကခ ၁၅၊ နပခတပ်များဖြစ်သည့် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းများနှင့် ပေါင်းထားသည်ဟု သိရ၏။ သို့ဖြစ်ရာ ရသေ့တောင်ဗျူဟာလည်း အခြေအနေ မကောင်းတော့ပေ။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မင်းပြားမြို့နယ်ရှိ ရာမောင်တံတား စခန်းမှ စစ်ကောင်စီတပ်များလည်း ဆုတ်ခွာသွားကြ၏။ စစ်ကောင်စီတပ်များသည် ရခိုင်စစ်ဆင်ရေး စတင်ပြီး ၁၀ ရက်အကြာတွင် စခန်းပေါင်း ၄၀ စွန့်လွှတ်ခဲ့၏။ တလခန့်အကြာတွင် စခန်းပေါင်း ၁၀၀ ခန့်အထိ စွန့်လွှတ်ခဲ့၏။ ဥပမာပြရလျှင် စစ်ဆင်ရေးစပြီး မကြာမီ မြောက်ဦးအနီး တိမ်ညိုစခန်းမှ ရဲနှင့်စစ်သားများကို လင်းမြွေတောင်သို့ ပူးပေါင်းသည်။ ယခု နှစ်လပြည့်ခါနီးတွင် လင်းမြွေတောင်မှနေ၍ ကျောက်တော် စကခ ၉ သို့ ပူးပေါင်းစေသည်။ စခန်းများကို တစစ စွန့်ခွာနေရ၏။
ထို့ပြင် ကန်စောက်အခြေစိုက် တပ်ရင်းများကို AA က ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အမြောက်တပ်စခန်းတခုဖြစ်သော အမတ ၃၇၇ စခန်းကိုလည်း ဇန်နဝါရီလ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခမရ ၅၃၉ ကို ဇန်နဝါရီလ ၁၆ ရက်နေ့က သိမ်းပိုက်ရရှိသည်ဟု သိရ၏။ ခမရ ၅၃၉ မှ ဗျူဟာမှူး၊ ရင်းမှူးနှင့် စစ်သည်ရော အိမ်ထောင်သည်ပါ ၃၀၀ ခန့် လက်နက်ချခဲ့၏။
မင်းပြားမြို့အခြေစိုက် တပ်ရင်းများဖြစ်သော ခမရ ၃၇၉၊ ခမရ ၃၈၀ နှင့် ခမရ ၅၄၁ တို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ နံနက်မှစ၍ AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံလျက်ရှိသည်။
မင်းပြားရှိ စစ်တပ်လက်နက်ကြီးကုန်းဖြစ်သည့် ကျိန်းတောင်အား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် AA က သိမ်းပိုက်နိုင်ကြောင်း၊ တပ်ရင်းအချို့ကိုလည်း သိမ်းပိုက်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ပလက်ဝမြို့သိမ်းတိုက်ပွဲ လက်စသတ်ခါနီးတွင် မင်းပြားနှင့် ကန်စောက် တိုက်ပွဲများအား တပြိုင်တည်း စတင်ခဲ့သည်ကို တွေ့ရ၏။ ရသေ့တောင်၌လည်း မြို့ပေါ်မှအပ စစ်ကောင်စီတပ်များ ဆုတ်ခွာခဲ့ရပြီ ဖြစ်၏။ ရသေ့တောင်အခြေစိုက်တပ်များကို AA က တိုက်ခိုက်နေသကဲ့သို့ ကျောက်တော်အခြေစိုက် တပ်ရင်းများကိုလည်း စတင် တိုက်ခိုက်နေပြီဖြစ်၏။ ပလက်ဝနယ်မြေတခုလုံးကို သိမ်းပိုက်ခဲ့သည့် ပလက်ဝတိုက်ပွဲကြီးသည် ရခိုင်စစ်မျက်နှာကို အလှည့်အပြောင်းတခု ဖြစ်စေခဲ့ပြီဖြစ်သည်။
အကြိတ်ခံရဖို့ မဝေးတော့ပြီ
ပလက်ဝတိုက်ပွဲကြီးတွင် အခိုင်အမာ ဗျူဟာကုန်းကြီးများ ကျဆုံးခဲ့ပြီး စစ်ကောင်စီအင်အား တပ်မ နှစ်ခုစာမက ပြုန်းတီးသွား၏။ AA ၏ဖမ်းဆီးခံရသူ၊ လက်နက်ချသူ ၅၀၀ ခန့်ရှိပြီး အိန္ဒိယဘက်သို့ ထွက်ပြေးသူ ၄၂၉ ဦး ရှိသည်။ (ပလက်ဝတိုက်ပွဲကြီး နောက်ပိုင်း ရသေ့တောင်မြို့နယ်၊ မညှင်းတောင်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်တို့တွင် ထပ်မံ လက်နက်ချသူ ၄၅၀ ရှိရာ ရခိုင်စစ်မျက်နှာတခုလုံး ဖမ်းမိ၊ လက်နက်ချ စစ်ကောင်စီတပ်အင်အား ၁,၀၀၀ ခန့်ရှိပြီဖြစ်၏။)
ပလက်ဝမြို့သိမ်းတိုက်ပွဲ လက်စသတ်ခါနီးတွင် မင်းပြားနှင့် ကန်စောက် တိုက်ပွဲများအား တပြိုင်တည်း စတင်ခဲ့သည်ကို တွေ့ရ၏။ ရသေ့တောင်၌လည်း မြို့ပေါ်မှအပ စစ်ကောင်စီတပ်များ ဆုတ်ခွာခဲ့ရပြီ ဖြစ်၏။ ရသေ့တောင်အခြေစိုက်တပ်များကို AA က တိုက်ခိုက်နေသကဲ့သို့ ကျောက်တော်အခြေစိုက် တပ်ရင်းများကိုလည်း စတင် တိုက်ခိုက်နေပြီဖြစ်၏။
ထို့ပြင် ရခိုင်ရှိ စစ်ကောင်စီတပ်အတွင်း စိတ်ဓာတ်ပြိုဆင်းသွားသည်။ ‘ကျန်စခန်းများလည်း ကျမှပဲ’ ဟူသည့် အမြင်ဖြစ်သွားပြီ ဖြစ်၏။ အိန္ဒိယသို့ ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ထွက်ပြေးနေရာမှ ယခုအခါ ရခိုင်မြောက်ပိုင်းရှိ အင်အားရာချီရှိသည့် ဗျူဟာကုန်းများပင် ဆုတ်ခွာထွက်ပြေးနေရာ စစ်ကောင်စီတပ် ပြိုဆင်းနေသည်ကို ပြ၏။ တဖက်ကလည်း ပြည်နယ်မြို့တော် စစ်တွေ၌ ခံစစ်ပြင်နေရသည့်အခြေသို့ ဆိုက်သွားပြီဖြစ်၏။
AA ဘက်ကမူ အောင်ပွဲများဆက်နေ၍ စိတ်ဓာတ်တက်ကြွနေသည်။ စစ်ကောင်စီ တပ်စခန်းတိုင်းကို မုချ သိမ်းပိုက်ရရှိနိုင်သည်ဟု ယုံကြည်စိတ် အခိုင်အမာရှိနေကြပြီ ဖြစ်သည်။ စစ်ကောင်စီထံမှ လက်နက်ခဲယမ်း အမြောက်အများ သိမ်းပိုက်ရရှိထားသည်။
ပလက်ဝဒေသရှိ ဗျူဟာကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် AA ၏ အဓိက တိုက်ခိုက်ရေးတပ်များအား စုစည်းထားသည်ဖြစ်ရာ ထိုတပ်များအားလုံး ရခိုင်မြောက်ပိုင်းမြို့များသို့စစ်ချီလာနိုင်ပြီဖြစ်၏။ ပလက်ဝ လုံခြုံရေးအတွက် တပ်အနည်းငယ်သာ လိုတော့၏။ စစ်ကောင်စီ၏ ပြန်လှန်ထိုးစစ်ဆိုသည်မှာ မဖြစ်နိုင်၍ ပလက်ဝတွင် ခံစစ်ပင် ပြင်စရာမလိုပေ။
မြန်မာစစ်တပ်သည် ရခိုင်တွင် ပေါက်တောမှအပ ကျန်စခန်းများအား လုံးအား မြေပြင်စစ်ကူ ပေးနိုင်ခြင်း မရှိပေ။ လေတပ်နှင့် ရေတပ်ပစ်ကူများသည်လည်း AA ၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ဟန့်တားနိုင်ခြင်း မရှိပေ။
ထို့ပြင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေမြို့အားလုံး အဝိုင်းခံထားရသည်။ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံနေရသည်။ ထို့မြို့များကျဖို့ သိပ်မဝေးတော့။ မောင်တောသည် ဝိုင်းပတ်ထားခြင်းခံရ၏။ ရီစိုးချောင်းနှင့်ထီးစွဲဗျူဟာ ဆုတ်ပြေးပြီဖြစ်၍ ဘူးသီးတောင်လည်း ပိတ်ဆို့ခံရပြီဖြစ်သည့်အပြင် ရသေ့တောင်အားလည်း တိုက်ခိုက်နေပြီဖြစ်၏။
ကန်စောက်အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တောင်ပေါက်၊ ကွမ်းတောင်တို့တွင် AA က နေရာယူထားသဖြင့် ပုဏ္ဏားကျွန်းသည်လည်း ဝိုင်းပတ်ခံထားရ၏။ မီးဝနှင့်တင်းမ ဗျူဟာများ ကျသည့်အပြင် ကန်စောက်နှင့် လင်းမြွေတောင်လည်း စွန့်လွှတ်ခဲ့ရသဖြင့် ကျောက်တော် စကခ ၉ နှင့် တပ်များသည်လည်း အဝိုင်းခံထားရသည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေမြို့အားလုံး အဝိုင်းခံထားရသည်။ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံနေရသည်။ ထို့မြို့များကျဖို့ သိပ်မဝေးတော့။
ကျောက်တော် မြို့မရဲစခန်းမှ စစ်သားနှင့်ရဲများ ဇန်နဝါရီလ ၁၆ ရက်ညနေတွင် စခန်းကို စွန့်လွှတ်၍ စကခ ၉ ဌာနချုပ်သို့ ပူးပေါင်းရသည်။ ကျောက်တော်မြို့အား မထိန်းချုပ်နိုင်တော့ပေ။ ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်တွင် ကျောက်တော်အခြေစိုက် တပ်ရင်းများ စတင်တိုက်ခိုက်ခံရပြီဖြစ်၏။
မြောက်ဦးဆိုလျှင် မြို့ဝန်းကျင်သာမက မြို့ထဲပင် AA က ထိန်းချုပ်ထားသည်။ မင်းပြားနှင့် ပေါက်တောတွင် AA က မြို့ထဲဝင်တိုက်နေသည်။ မြေပုံတွင် စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်း မရှိပေ။ ပြည်နယ်မြို့တော် စစ်တွေ၏ အခြေအနေသည်ပင် ပင်လယ်ထွက်ပေါက်သာရှိသည်။ အတိုက်ခံရတော့မည်ဟု သတင်းပြေးနေ၏။
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တပ်များ၊ တိုင်းတပ်များနှင့် မလုံလောက်ဟုယူဆ၍ ရီစိုးချောင်းနှင့် ထီးစွဲရှိ တပ်မ ၂၂ မှ ဗျူဟာနှစ်ခုမှ တပ်အချို့ကို စစ်တွေသို့ ပြန်ဆုတ်စေပြီး ရသေ့တောင်အား လက်လွှတ်ပေးသည်ကို တွေ့ရ၏။ ရခိုင်ပြည်နယ်အတွင်း တပ်များသို့ မြေပြင်စစ်ကူ မပေးနိုင်သကဲ့သို့ နေပြည်တော်ကလည်း ရခိုင်စစ်မျက်နှာသို့ စစ်ကူပေးစရာ တပ်မရှိတော့ပေ။
စစ်တွေအခြေအနေက နေ့လား၊ ညလား ဖြစ်နေပေပြီ။ စစ်တွေ ဒကစ၏ နောက်ဆုံးနေ့များ စတင်ရေတွက်နေရပြီ ဖြစ်၏။ ထိုအခြေအနေအောက်တွင် ရခိုင်မြောက်ပိုင်းမှ မြို့များ ဇန်နဝါရီလအတွင်း ဆက်တိုက်ဆိုသလို AA သိမ်းပိုက်ပါက အံ့ဩဖွယ်ရာ မရှိပေ။
သို့ဖြစ်ရာ ရခိုင်စစ်မျက်နှာတွင် ပလက်ဝမှ ဆင်းလာမည့် AA အင်အားများနှင့် နယ်မြေခံ စစ်ဒေသတပ်များ ပေါင်းစပ်ပြီး အင်နှင့်အားနှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာတော့မည့်နေ့ရက်များ နီးကပ်လာပြီဖြစ်၏။ ဤသည်ပင် ပလက်ဝတိုက်ပွဲကြီးအပြီး ရခိုင်စစ်မျက်နှာ၏ အလှည့်အပြောင်းဖြစ်၏။
ရခိုင်စစ်မျက်နှာတွင် ပလက်ဝမှ ဆင်းလာမည့် AA အင်အားများနှင့် နယ်မြေခံ စစ်ဒေသတပ်များ ပေါင်းစပ်ပြီး အင်နှင့်အားနှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာတော့မည့်နေ့ရက်များ နီးကပ်လာပြီဖြစ်၏။ ဤသည်ပင် ပလက်ဝတိုက်ပွဲကြီးအပြီး ရခိုင်စစ်မျက်နှာ၏ အလှည့်အပြောင်းဖြစ်၏။
အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သားကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ ကျေးရွာ မီးရှို့ခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ် အဆုံးသတ်ဖို့ အလှည့်ရောက်ပေပြီ၊၊ ၂၀၂၂ ခုနှစ်က လူထုအပေါ် ရမ်းကားနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ထင်လတ်ဦးအား ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဟု သတိပေးထားခဲ့ဖူးသည်။
ပလက်ဝတိုက်ပွဲကြီးသည် ရခိုင်စစ်မျက်နှာ၏ အလှည့်အပြောင်းဖြစ်၏။ ရခိုင်စစ်မျက်နှာ၏ စစ်ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူ နပခ စစ်တိုင်းမှူးကိုယ်တိုင်ပင် အကြိတ်ခံရဖို့ မဝေးတော့ပြီ။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ
ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်
ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ
မောင်တောနှင့် ပလက်ဝတွင် စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲ ပြင်းထန်
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်