နိုင်ငံသို့ ရုပ်သံမှလွှင့်သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်တွင် စီးပွားရေး တိုးတက်မှုကို ဦးစားပေးမည်ဖြစ်ကြောင်း ကတိပြုပြီး နိုင်ငံ့စီးပွားရေး အကြီးအကျယ် ကျုံ့သွားခြင်းသည် လွန်ခဲ့သော သုံးနှစ်က သူအာဏာသိမ်း ဖြုတ်ချခဲ့သည့် အတိုက်အခံများကြောင့် ဖြစ်ကြောင်း အပြစ်လွှဲချသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုးစစ် စတင်ပြီးနောက် စစ်တပ်၏ ရှုံးနိမ့်မှုများအကြောင်း မင်းအောင်လှိုင် လုံးဝ ထည့်သွင်းပြောကြားခြင်း မရှိပေ။ မြို့ပေါင်း ၃၀ ကျော် ဆုံးရှုံးပြီး စစ်သား ၃,၀၀၀ ကျော် လက်နက်ချသည့် ထိုဆုံးရှုံးမှုများသည် အမှန်တကယ် ဖြစ်သော်လည်း ဆက်လက် ဖြစ်ပွားနေသည့် စီးပွားရေးအကျပ်အတည်းသည် စစ်ကောင်စီအတွက် တခုတည်းသော အကြီးမားဆုံး ထိခိုက်နိုင်မှုအဖြစ် ဆက်လက်ရှိနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စီးပွားရေးသည် ၁၀ မှ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့သွားသည်။
စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ထုတ်လုပ်ရေးကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် နှေးကွေးနေသောကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၁ ရာခိုင်နှုန်းခန့်သာ တိုးတက်မည်ဖြစ်ကြောင်း မကြာသေးမီက ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ခန့်မှန်းသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စီးပွားရေးသည် ၁၀ မှ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့သွားသည်။
နိုင်ငံလူဦးရေ ထက်ဝက်သည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ရပြီး စစ်တမ်းကောက်ယူသည့် မိသားစုများ၏ ၄၀ ရာခိုင်နှုန်းသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်ကထက် ဝင်ငွေလျော့နည်းသွားကြောင်း ကမ္ဘာ့ဘဏ်က လေ့လာတွေ့ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်းပြီး စစ်ကောင်စီသည် ကျပ်ငွေကို ထိန်းချုပ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်ပုံရသည်။
နိုင်ငံခြားငွေကြေး ပြဿနာများ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းတွင် မြန်မာ့ဗဟိုဘဏ်က ၎င်းတို့သည် ငွေလဲနှုန်း မသတ်မှတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ကုန်သွယ်ခွင့်ပြုမည်ဟု ကြေညာလိုက်သည်။
တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၂,၁၀၀ ကျပ်နှင့် မှောင်ခိုဈေးကွက်ပေါက်ဈေး တဒေါ်လာ ၃,၅၀၀ ကျပ်ကြား ကွာဟမှုသည် လျစ်လျူရှုမထားနိုင်လောက်အောင် ကွာဟကြောင်းနှင့် ကျပ်ငွေကို ကျားကန်ပေးရန် စစ်ကောင်စီတွင် နိုင်ငံခြားသုံးအရန်ငွေ မရှိတော့ကြောင်း ထိုကြေညာချက်က တိတ်တဆိတ် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
ဒေါ်လာငွေ မလုံလောက်ခြင်းသည် နောက်ထပ် စွမ်းအင်အကျပ်အတည်းကို ဖော်ပြသည့်လက္ခဏာ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းကို နေပြည်တော် အပါအဝင် တနိုင်ငံလုံးတွင် ရင်ဆိုင်နေရသည်။ ဓာတ်ဆီနှင့် ဒီဇယ် မလုံလောက်ခြင်းသည် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ပိုမိုဆိုးရွားလာသည်။
စစ်ကောင်စီသည် လောင်စာပုံမှန် ဖြန့်ချိနိုင်ရန် နိုင်ငံရေးအဆက်အစပ်ရှိသည့် စွမ်းအင်တင်သွင်းသူများကို ဈေးကွက်ဈေးနှုန်းအောက်ဖြင့် ဒေါ်လာရောင်းချပေးပြီး စွမ်းအင်တင်သွင်းသူမှုများကို ထောက်ပံ့သည်။ ယခုအခါ စစ်ကောင်စီသည် ထိုသို့လုပ်ရန် မတတ်နိုင်တော့ပေ။
စစ်ကောင်စီသည် လောင်စာပုံမှန် ဖြန့်ချိနိုင်ရန် နိုင်ငံရေးအဆက်အစပ်ရှိသည့် စွမ်းအင်တင်သွင်းသူများကို ဈေးကွက်ဈေးနှုန်းအောက်ဖြင့် ဒေါ်လာရောင်းချပေးပြီး စွမ်းအင်တင်သွင်းသူမှုများကို ထောက်ပံ့သည်။ ယခုအခါ စစ်ကောင်စီသည် ထိုသို့လုပ်ရန် မတတ်နိုင်တော့ပေ။
ဒီဇင်ဘာလနှောင်းပိုင်းက ရေနံတင်သင်္ဘောများသည် ငွေပေးချေမှု မရမချင်း ရန်ကုန်မှ သီလဝါဆိပ်ကမ်းတွင် လောင်စာဆီချပေးရန် ငြင်းဆန်သည့် သတင်းများဖြစ်လာပြီး ဒေါ်လာ အကြီးအကျယ် မလုံလောက်ခြင်းကို ဖော်ပြနေသည်။
စစ်ကောင်စီသည် တရုတ်ယွမ် သို့မဟုတ် ထိုင်းဘတ်နှင့် ပြုလုပ်သည့် တရုတ်နှင့်ထိုင်း နယ်စပ်ကုန်သွယ်ရေးကို အားပေးနေသည်။ သို့သော် အဓိကကျသည့် နယ်စပ်ဒေသများ ဆုံးရှုံးခြင်းကြောင့် အဟန့်အတားဖြစ်နေသည်။

စစ်ကောင်စီတပ်များသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းနီးပါးကို ကိုင်တွယ်သည့် မူဆယ်ကို ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကဲ့သို့သော နယ်စပ်ဖြတ်ကျော်ရေး စခန်းငယ်အများအပြားကို ထိန်းချုပ်ထားသည်။ မူဆယ်နှင့် လားရှိုးသည် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ နှစ်ခုတည်းသော မြို့များဖြစ်သည်။
ချီတက်လာသော တိုင်းရင်းသားတပ်များ
ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ အမှတ် ၃ အဝေးပြေးလမ်းနှင့် အမှတ် ၃၄ အဝေးပြေးလမ်းတလျှောက်မှ နယ်စပ်သို့ သွားသည့် မြို့များအားလုံးကို ထိန်းချုပ်ထားသည်။
TNLA တပ်များသည် စစ်တက္ကသိုလ်ရှိသည့် ပြင်ဦးလွင်မှ ၁၅ မိုင်သာ ဝေးတော့သည့် နောင်ချိုရှိ စစ်စခန်းတခုကို သိမ်းပိုက်ခဲ့သည်။ သို့သော် လေတပ်သည် ထိုမြို့ကို ပြန်လည်သိမ်းယူရန် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်နေသည်။

အခြား တိုင်းရင်းသားတပ်များ၏ တိုးတက်မှုများတွင် ကရင်နီတပ်များသည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်သို့ ကုန်သွယ်ရေးလမ်းကြောင်း အပါအဝင် ပြည်နယ်အတွင်း နေရာအများစုကို သိမ်းပိုက်ထားသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ထိုင်းနယ်စပ်မှ ၎င်းတို့ အနေအထားကို ပိုမို ကျစ်လစ်ခိုင်မာအောင် လုပ်ထားသည်။
လောင်စာဈေးနှုန်းများ၊ နယ်စပ်တွင် နှောင့်နှေးမှုများနှင့် ပိုမိုမြင့်မားလာသည့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နှစ်လအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်ရှိသော နယ်စပ်ကုန်သွယ်ရေး ဆုံးရှုံးသည်။ နယ်စပ်ကုန်သွယ်ရေးသည် ပို့ကုန်များ၏ ၄၀ ရာခိုင်နှုန်းနှင့် သွင်းကုန်များ၏ ၂၁ ရာခိုင်နှုန်း ရှိသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နှစ်လအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်ရှိသော နယ်စပ်ကုန်သွယ်ရေး ဆုံးရှုံးသည်။
၂၀၂၃ ခုနှစ် နောက်ဆုံး ကိုးလအတွင်း ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ဒေါ်လာ ၁၇၈ သန်းနှင့် ၁၅၇ သန်းစီ အသီးသီး ကျဆင်းကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများကို ကိုးကားပြီး Myanmar Now က ဖော်ပြသည်။

ကဏ္ဍတခုပြီးတခု အပြင်းအထန် အထိနာနေသည်။
နိုဝင်ဘာလ နှောင်းပိုင်းတွင် စစ်ကောင်စီသည် စက်မှုဇုန်များသို့ လောင်စာဆီ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီး စက်ရုံပိုင်ရှင်များအနေဖြင့် ၎င်းတို့လိုအပ်သော စွမ်းအင်အတွက် ၎င်းတို့ဘာသာ ညှိနှိုင်းဆောင်ရွက်ရန် ပြောသည်။
အာဏာသိမ်းပြီးနောက် အဓိကျသည့် အထည်ချုပ်ကဏ္ဍတွင် စက်ရုံ ၈၁၇ ခုအနက် ၂၇၁ ခု (၃၃ ရာခိုင်နှုန်း) သည် ကုန်ကြမ်း၊ မြင့်မားသော လောင်စာဈေးနှုန်းများအတွက် ပေးရန် နိုင်ငံခြားငွေမရှိခြင်း၊ ကန်ထရိုက်များ ဆုံးရှုံးခြင်းနှင့် လူ့အခွင့်အရေး ပြဿနာများကို စိတ်ပျက်နေသော ရင်းနှီးမြှုပ်နှံသူများကြောင့် ပိတ်ထားရသည်။ တရုတ်ပိုင်သည့် လုပ်ငန်းများပင် ပိတ်နေကြသည်။
အလုပ်ရှိနေဆဲဖြစ်သော သူများအတွက် လုပ်အားခသည် တုံ့ဆိုင်းနေပြီး ၂၉ ရာခိုင်နှုန်းအထိ မြင့်မားနေသည့် ငွေကြေးဖောင်းပွမှုကြောင့် တိုက်စားခံနေရသည်။ အဓိက အစားအသောက်များဖြစ်သည့် ဆန်၊ ကြက်ဥနှင့် စားသုံးဆီဈေးနှုန်းများ အကြီးအကျယ် မြင့်တက်သည်။
စစ်ကောင်စီသည် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်အားခ တိုးပေးရန် ငြင်းဆန်ပြီး တနေ့လျှင် ထောက်ပံ့ကြေး ၁,၀၀၀ (ဆင့် ၂၀ ခန့်) သာ ပေးသည်။ လက်ရှိအနိမ့်ဆုံး လုပ်အားခမှာ ၂၀၁၈ ခုနှစ်က ချမှတ်ထားသည့် လုပ်အားခဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍသည် ပြောင်းလဲနေသည့် ရာသီဥတုပုံစံများ၊ တင်သွင်းရသည့် မြေသြဇာနှင့် ပိုးသတ်ဆေး မလုံလောက်မှုများကြောင့် ထိခိုက်နေသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလလယ်တွင် လယ်သမားများအတွက် ထုတ်လုပ်မှုစားရိတ် အကြီးအကျယ် မြင့်တက်သွားသော်လည်း စစ်ကောင်စီက ဆန်လက်ကားရောင်ဝယ်မှု အမြင့်ဆုံးဈေးနှုန်းကို သတ်မှတ်ပြီး မြို့ပြစားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်အောင် လုပ်သည်။

အမေရိကန် ဒေါ်လာဖြင့် ရောင်းဝယ်မှုအများစုကို ကိုင်တွယ်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့အပေါ် အမေရိကန်က ချမှတ်သည့် အရေးယူပိတ်ဆို့မှုများကြောင့် ပြည်ပကုန်သွယ်ရေး ချိနဲ့သွားသည်။ စင်ကာပူမှ ယူနိုက်တက် အိုဗာဆီး UOB ဘဏ်က မြန်မာနှင့်ပတ်သက်သည့် ငွေစာရင်းများကို ပိတ်နေသောကြောင့် ၎င်းတို့ နိုင်ငံတကာ ငွေပေးငွေယူအတွက် အဟန့်အတားဖြစ်စေသည်။
စင်ကာပူမှ ယူနိုက်တက် အိုဗာဆီး UOB ဘဏ်က မြန်မာနှင့်ပတ်သက်သည့် ငွေစာရင်းများကို ပိတ်နေသောကြောင့် ၎င်းတို့ နိုင်ငံတကာ ငွေပေးငွေယူအတွက် အဟန့်အတားဖြစ်စေသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် Sky Aviator မှ အမှုဆောင်အရာရှိချုပ် ကျော်မင်းဦး အပါအဝင် မြန်မာနိုင်ငံသား သုံးဦးသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ (အမေရိကန်ဒေါ်လာ ၃၈၂,၃၈၀) ကို စင်ကာပူမှ ခိုးထုတ်ရန် ကြိုးစားခြင်းအတွက် အရေးယူခံရသောကြောင့် ဆိုးရွားသော နိုင်ငံခြားငွေ မလုံလောက်မှုနှင့် စင်ကာပူအာဏာပိုင်များက စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများအား အကောင်အထည်ဖော်မှုကိုပါ ပြသနေသည်။
အရေးယူပိတ်ဆို့မှုများကြောင့် အထိနာလာ
အမေရိကန် ဘဏ္ဍာရေးဌာနသည် မြန်မာစစ်ကောင်စီသို့ လေယာဉ်အစိတ်အပိုင်း အဓိက ထောက်ပံ့သူ ကျော်မင်းဦးနှင့် Sky Aviator ကိုပါ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အရေးယူပိတ်ဆို့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာဗဟိုဘဏ်က ၎င်းတို့သည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ဘဏ်ခြင်းငွေပေးချေမှုစနစ် (CIPS) တွင် ပါဝင်မည်ဟု ကြေညာပြီး ရုရှားနှင့် ဒေါ်လာ မဟုတ်သော ငွေပေးချေမှုစနစ် ဆက်လက် တိုးတက်အောင် လုပ်ဆောင်နေသည်။

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွက် မြန်မာ၏ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဘီလီယံအထိ ရှိသည်။ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် တခုလုံးအတွက် ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၇၃၂ သန်းရှိပြီး ထိုပမာဏသည်ပင် လွန်စွာ မြင့်မားနေပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ် နောက်ဆုံး ကိုးလတွင် ပို့ကုန် ဒေါ်လာသန်း ၄၀၀ ဖိုး ကျဆင်းသည်။
၂၀၂၃ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့စွမ်းရည်၏ ၅၆ ရာခိုင်နှုန်းသာ လည်ပတ်နိုင်သည်မှာ အံ့သြစရာမဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။ စစ်ကောင်စီသည် ထိုင်းနိုင်ငံမှ အလုပ်သမား ခန့်မှန်းခြေ ၅ သန်းခန့်၏ ပြန်လွှဲပို့ငွေမှ အခွန် ၂ ရာခိုင်နှုန်းကောက်ယူရန် လုပ်ဆောင်နေသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ကောင်စီသည် ဓားစာခံရှာလာပြီး စစ်ကောင်စီတွင် အဆင့် ၆ ရှိသူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ယူသည့် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဖမ်းလိုက်သည်။ စစ်ကောင်စီသည် သူ၏ လက်ထောက်နှင့် အထက်ပါ ကော်မတီအတွင်းရေးမှူး ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးကိုလည်း ဖမ်းသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီသည် စစ်ကောင်စီနှင့် နီးစပ်သူများ အပါအဝင် စီးပွားရေးသမား အများအပြားကိုလည်း စစ်မေးပြီး စားသုံးဆီကုန်သည် ၁၆ ဦးကို ဖမ်းသည်။
စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။
စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။
ကိုယ်ကျိုးရှာကာ အကြီးအကျယ် အဂတိလိုက်စားသည့် အဖွဲ့အစည်းဖြစ်ပြီး စစ်ရေးနှင့် စီးပွားရေး ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းရည်မရှိသော စစ်ကောင်စီအတွက် အချိန်မရှိတော့ပေ။ ထိုနယ်ပယ်နှစ်လုံးသည် တစစီပြိုကျနေသည်။
(RFA ပါ Zachary Abuza ၏ Time is not on Myanmar junta’s side, almost 3 years after coup ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။ ယခု ရေးသားချက်များသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၊ ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်နှင့် ဂျော့ဂျ်တောင်းတက္ကသိုလ်၊ RFA သတင်းဌာနတို့နှင့် မဆိုင်ဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)
You may also like these stories:
စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်