စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ကျယ်ပြန့်လာနေသောတိုက်ပွဲများနှင့် ကျဆင်းလာသည့် တိုင်းပြည် စီးပွားရေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသော စစ်ကောင်စီသည် ယခုအခါ အခွန်မျိုးစုံကို တိုးမြှင့် ကောက်ခံရန် ကြိုးပမ်းလာနေသည်။
စစ်ကောင်စီသည် MoU စနစ်ဖြင့် ပြည်ပ၌ အလုပ်လုပ်နေသော မြန်မာလုပ်သားများ၏ လစာငွေမှအစ ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ ဆေးဝန်ထမ်းတို့ လစာအပါဝင် အခြေခံအခွန်များ ဖြစ်သည့် မီးခွန်၊ ရေခွန်တို့အပြင် စီးပွားရေးလုပ်ငန်းကြီးများ၏ လိုင်စင်ကြေးများကို တိုးမြှင့်ကောက်ခံရန် ပြုလုပ်နေခြင်း ဖြစ်သည်။
ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးများကိုလည်း ခေတ်ကာလနှင့် လျော်ညီမှုမရှိဆိုကာ လာမည့်နှစ်၌ လက်ရှိ ကောက်ခံ နေသည့် နှုန်းများထက် ၆ ဆကျော် တိုးမြှင့်ကောက်ခံသွားရန် စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE)က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်း ကြားထားသည်ကို တွေ့ရသည်။
ကျောက်မျက် အချောထည်နှင့်လက်ဝတ်ရတနာ ရောင်းဝယ်ရေးလိုင်စင်ကို လက်ရှိကောက်ခံသည့်နှုန်း ငွေကျပ် ၅ သောင်း မှ ကျပ် ၃ သိန်း၊ အချောထည်နှင့်ရုပ်ထုထွင်းလိုင်စင်ကို ကျပ် ၃ သောင်းမှ ကျပ် ၂ သိန်း၊ ကျောက်မျက်အရိုင်းနှင့်အချော ရောင်းဝယ်လိုင်စင်ကို ကျပ် ၃ သောင်းမှ ကျပ် ၁ သိန်း ၅ သောင်းထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လိုင်စင်ကြေးကိုလည်း ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး ကိုယ်ပိုင်ယာဉ်ငယ် တစီးလျှင် ကျပ် ၅ သောင်းမှ အငှားယာဉ်တစီးလျှင် ကျပ် ၁ သိန်းထိ လက်ရှိကောက်ခံနေသော နှုန်းထားထက် သုံးဆခန့် တိုးမြှင့်ကောက်ခံသွားရန် ညွှန်ကြားစာထွက်လာကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “အခွန်တွေတိုးကောက်ရင် နောက်ဆုံးခံရမှာက စားသုံးသူပြည်သူတွေပဲ ဖြစ်မှာပဲလေ။ အခုက လုပ်ငန်းလိုင်စင်ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် နောက်ဆုံး အခွန်ဆောင်ရင်တောင် အမည်ဖော်လို့မရတဲ့ ဟိုကြေး ဒီကြေးတွေကလည်း ပေးနေရသေးတာ” ဟု ဆိုသည်။
ပြည်ပတွင် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများရရှိသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင် နှုန်းကို မိသားစုဝင်များထံသို့ လစဉ် သို့မဟုတ် ၃ လစာပေါင်း၍ ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမည်ဖြစ်ပြီး လိုက်နာခြင်းရှိပါက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဖိအားပေးထုတ် ပြန်ထားသည့်အပြင် ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်ကာ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေ ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဟုပါ စစ်ကောင်စီ သတ်မှတ်လိုက်သည်။
ယခင် စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်တကလည်း ထိုသို့ လုပ်ဆောင်ခဲ့ဖူးပြီး နိုင်ငံရေးအပြောင်းအလဲလုပ်ချိန်တွင် အာဏာရလာသော ဦးသိန်းစိန်အစိုးရလက်ထက်မှာသာ ပြည်ပရောက် မြန်မာများအပေါ် ဝင်ငွေခွန်ကောက်ခြင်းကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပုဂ္ဂလိကဆေးရုံများတွင် အလုပ်လုပ်ကိုင်နေသော ဆရာဝန်များနှင့် သူနာပြုများ၏ လစာငွေများထဲမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူထားရန် စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ပုဂ္ဂလိက ဆေးရုံများကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ညွှန်ကြားခဲ့သည်။
ထိုသို့ ပြည်တွင်းပြည်ပအလုပ်သမားများထံမှ ရနိုင်သမျှ ဝင်ငွေခွန်စည်းကြပ်ခြင်းများအပြင် ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအား မီတာခ နှစ်ဆကျော်ထိ တိုးကောက်နေသလို ရေခွန်များကိုလည်း စစ်ကောင်စီက တိုးမြှင့် ကောက်ခံလာနေကြောင်း သိရသည်။
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူတဦးက “ ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူတဦးက “ရန်ကုန်မှာ ရေသုံးစွဲမှုစရိတ်တွေက အဆမတန် တိုးလာနေတယ်။ အခုက ထမင်းပေါင်းအိုး တအိုးကျက်စာတာ မီးကမလာတာ မီတာခလျော့သွားတယ်ဆိုတာမရှိဘူး၊ ရှေ့လ က ၃ သောင်းကျရင် ဒီလလည်း ၃ သောင်းပဲ” ဟု ပြောသည်။” ဟု ပြောသည်။
ရေခွန်အနေဖြင့် ၁ ယူနစ်လျှင် ကျပ် ၁၂၀ ခန့်မှ ပြီးခဲ့သည့် ဧပြီလမှစပြီး ၁ ယူနစ်လျှင် ၁၅၀ ကျပ်ထိ တက်လာ ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ပစ္စည်းခွန်ဆိုကာ စည်ပင်သာယာရေးအဖွဲ့ အခွန်များ ကောက်ယူနေကြောင်းလည်း ရန်ကုန်မြို့ နေ ရှေ့နေတဦးက လူမှုကွန်ရက်တွင် ရေးသာထားသည်ကို တွေ့ရသည်။
စစ်တပ် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၃ အတွင်း နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေကာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ၂ နှစ်ခွဲအတွင်း ၁ ဒေါ်လာ ကျပ် ၃၈၀၀ ဝန်းကျင်ထိရှိခဲ့ရာ ယခင်ကထက် သုံးဆဝန်းကျင် မြင့်တက်လာခဲ့သည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သော အခြေခံကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို ပြည်သူ များခံစားနေပြီး ဈေးလျှော့ရောင်းသော ဆန်နှင့်ဆီများကို တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြရသည်။
စီးပွားရေးပညာရှင်တဦးက “နှစ်သောင်းတန်တွေ ငွေရိုက်ထုတ်ထားတော့ In Circulation (ငွေသားလည်ပတ်မှု) အဲဒီငွေ ပမာဏကိုသာ ဒီအတိုင်းဆက်ထားထားရင် ငွေကြေးတွေ အရမ်းဖောင်းပွလာမယ်။ အဲဒါကို ဖြေရှင်းဖို့က နည်းလမ်းတွေ ကတော့ ရှိတာပေါ့။ အဲဒီတော့ ငွေကြေးတွေ ကျူံ့သွားအောင် အရင်ကဆိုရင် ငွေစက္ကူတွေကိုဖျက်သိမ်းတာတို့၊ အခုက တော့ အခွန်တွေလှိမ့်ကောက်တာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ရှိနိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး အခွန်များကောက်ခံသွားမည်ဖြစ်သလို ရွှေ့ပြောင်းနိုင် မှုမရှိသော ပိုင်ဆိုင်မှုများဖြစ်သည့် အိမ်၊ ခြံ၊ မြေ ကိုလည်း အခွန်ထပ်တိုးကောက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “နှစ်သောင်းတန်တွေ ရိုက်ထုတ်လိုက်တဲ့အတွက် ငွေကြေးက အဆမတန် ဖောင်းပွသွားတဲ့အတွက် ကြောင့် ဒီဖောင်းပွတာကို လျှော့ချချင်ရင် အခွန်ကောက်တဲ့ နည်းလမ်းတခုပဲရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လိုအပ်သော ဘဏ္ဍာငွေကို ဖြည့်တင်းနိုင်ရန်အတွက် ငွေစက္ကူများရိုက်ထုတ်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ နှစ်နှစ်တာကာလအတွင်း ငွေစက္ကူရိုက်ထုတ်မှုသည် ကျပ်ဘီလီယံ ၂၀,၀၀၀ ထိရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ ကျယ်ပြန့်လာနေသော တိုက်ပွဲများကြောင့် ဘတ်ဂျက်လိုငွေများ မြင့်တက်နေချိန် ပြည်ပချေးငွေများ မရတော့သည့်အပြင် ပြည်တွင်းအခွန်အကောက် ရရှိမှုမှာလည်း နည်းပါးနေသည်။
စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအခွန်အကောက်ဥပဒေပါ နှစ်စဉ် ပြည်တွင်းအခွန်အကောက်ရရှိမှု လျာထားချက်အရ ကျပ် ၇,၀၀၀ ဘီလီယံကျော်မှ ၈,၀၀၀ ဘီလီယံကျော်ထိ ဖြစ်သော် လည်း ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှစတင်ပြီး အခွန်ကောက်ခံရရှိမှုနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာခြင်း မရှိတော့ပေ။
စီးပွားရေးပညာရှင်တဦးက “အခုလို အခြေအနေမှာ နောက်ထပ်သူတို့လုပ်လာနိုင်တဲ့ နည်းလမ်းကတော့ လူတွေလက်ထဲ ငွေတွေ ထည့်ပေးတာပေါ့။ ဆောက်လုပ်ရေး တင်ဒါတွေ လုပ်တာ။ ချေးငွေထုတ်ချေးတာမျိုးတွေ လုပ်လာနိုင်လာတယ်။ နောက်ထပ်လုပ်လာနိုင်တာက လုပ်ခလစာတွေကို တိုးမြှင့်ပေးတာပေါ့” ဟု ဆိုသည်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါလာခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်လာခြင်းတို့ဖြင့် ရင်ဆိုင်နေရသည့် ပြည်သူများအပေါ် စစ်ကောင်စီဘက်က အခွန်အခများ တိုးမြှင့်ကောက်ခံ လာမည်ဆိုပါက ဝန်ထုပ်ဝန်ပိုးဖြစ်ကာ လူမှုစီးပွားဘဝအကျပ်အတည်း ပိုမိုစိုက်ရောက်စေမည်ဖြစ်ကြောင်းလည်း စီးပွားရေး ပညာရှင်များက ဆိုသည်။
You may also like these stories:
မြန်မာဘီယာကို စစ်ကောင်စီ သေနတ်ထောက်ရောင်းလာ
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
ပြည်သူများ စားအုန်းဆီ ဝယ်ယူရေး ခက်ခဲနေ














