သြစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ပထမသက်တမ်းအတွင်း အစိုးရ၏ မူဝါဒအတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး မကြာမီ သူ့ကိုဖမ်းဆီးကာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ထောင်ချသည်။ ထိုစွပ်စွဲချက်များသည် လုပ်ကြံ စွပ်စွဲချက်များဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြသည်။
ထောင်ထဲတွင် နှစ်နှစ်နီးပါးနေရပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့မှု တစိတ်တပိုင်းအဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် လွှတ်ပေးသော်လည်း သူ့ဇာတိနိုင်ငံမှတဆင့် စစ်ကောင်စီကို ဆက်လက် ဝေဖန်ပြောကြားသောကြောင့် စစ်ကောင်စီက သူ့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းအား ပြန်လည် ရုတ်သိမ်းသည်။
ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် အောက်ပါတွေ့ဆုံမေးမြန်းခန်းတွင် ဒေါက်တာ တာနဲလ်က စစ်ကောင်စီ၏ ဆိုးရွားလှသော စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားများကို အသေးစိတ် ဆွေးနွေးထားပြီး လုယူခံခဲ့ရသည့် ဒုတိယသက်တမ်းအတွင်း NLD က အကောင်အထည်ဖော်မည့် ကိုဗစ်ကာလအလွန် စီးပွားရေးနာလန်ထရေး စီမံကိန်းများ၊ စစ်ကောင်စီ၏ နိုင်ငံခြားငွေရရှိနိုင်မှုနှင့် ထိုနိုင်ငံခြားငွေ ရရှိနိုင်မှုကို ကန့်သတ်ရန် ပြည်ပအစိုးရများက မည်သည်တို့ လုပ်နိုင်သည် စသည်တို့ကို ဆွေးနွေးထားသည်။
မြန်မာတွင် နိုင်ငံရေးအကျဉ်းသားဖြစ်ရသည့် သူ့အတွေ့အကြုံကို သရုပ်ဖော်ထားသော မကြာမီထုတ်ဝေမည့် စာအုပ်အကြောင်းကိုလည်း ဆွေးနွေးထားသည်။
ဧရာဝတီ ။ ။ မြန်မာစီးပွားရေး ယေဘုယျ အခြေအနေကို ဆွေးနွေးပေးပါ။ အာဏာသိမ်းပြီးနောက် ဘာတွေဖြစ်နေတာလဲ။ ယေဘုယျ အခြေအနေက ဘယ်လိုလဲ။ သူတို့ ဘယ်လိုအခြေအနေ ရောက်နေလဲ။
တာနဲလ် ။ ။ အရမ်းဆိုးနေတယ်။ “ကပ်ဆိုးကြီး” ဆိုတဲ့စကားလုံးကို ကျနော် ယေဘုယျ သုံးချင်တယ်။ နောက်ပြီး ကျနော်က ချဲ့ကားပြောနေတာ မဟုတ်ဘူး။ ဘယ်ကိုပဲကြည့်ကြည့် အဓိကအားဖြင့် အဆိုးတွေပဲ။ စီးပွားရေးတိုးတက်မှုကို ကြည့်ရင် မြန်မာ့စီးပွားတိုးတက်မှုနှုန်းက ကိုဗစ်ထိုးနှက်တာ ခံခဲ့ရတယ်။ ၂၀၂၀ ပြည့်နှစ်မှာ တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းနဲ့ ၂၀၂၁ မှာလည်း အလားတူပဲ မျှော်မှန်းထားခဲ့တယ်။ ဒါပေမယ့် ကိုဗစ်ရောက်လာတော့ တိုးတက်မှုနှုန်းက ၂၀၂၀ မှာ ၁ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းသွားပြီး ၂၀၂၁ အတွက် ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ ပြီးတော့ ၂၀၂၁ မှာ အနုတ် ၁၈ ရာခိုင်နှုန်းကို ကျဆင်းသွားတယ်။
အရမ်းဆိုးနေတယ်။ “ကပ်ဆိုးကြီး” ဆိုတဲ့စကားလုံးကို ကျနော် ယေဘုယျ သုံးချင်တယ်။ နောက်ပြီး ကျနော်က ချဲ့ကားပြောနေတာ မဟုတ်ဘူး။ ဘယ်ကိုပဲကြည့်ကြည့် အဓိကအားဖြင့် အဆိုးတွေပဲ။
နောက်ပိုင်းမှာ နည်းနည်း နာလန်ထလာပေမယ့် ခင်ဗျားအနေနဲ့ အဆင်ပြေတယ်လို့ ပြောမယ်ဆိုရင် ဦးတည်ရာလမ်းကြောင်းကို ဘယ်နေရာမှာ ကျိုးကြောင်းဆီလျော်စွာ ချနိုင်မလဲ။ ဒါကြောင့် တနည်းအားဖြင့် ပြောရရင် ကိုဗစ်ကြောင့် ထိုးနှက်ခံထားရပြီးနောက် မူဝါဒကောင်းက လမ်းကြောင်းပေါ် ပြန်ရောက်စေတယ်။ ဒါက တကမ္ဘာလုံး၊ ဒေသတခုလုံးမှာ ဖြစ်နေတာ။
ဒါကြောင့် အစိုးရ ဒုတိယ သက်တမ်းမှာ အရမ်းပြင်းထန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် ၆၊ ၇၊ ၈ ရာခိုင်နှုန်းတွေလို တိုးတက်မှုနှုန်းတွေကို ပြန်ရောက်မယ် ဆိုတာမျိုးက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မျှော်မှန်းချက်တွေ ဖြစ်တယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ ပထမ သက်တမ်းအတွင်းက မလုပ်ခဲ့ရတာတွေကို အရှိန်မြှင့်တင်ပြီး ဒုတိယသက်တမ်းမှာ စတင်ဖို့ အသင့်ဖြစ်နေတယ်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းကို ပြောမယ်ဆိုရင် အဲဒီနှုန်းကို မရောက်ရင် ကျနော်တို့ စိတ်ပျက်မယ်။ ဒါပေမယ့် ဒါကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် အဆိုးဆုံး ယူဆချက်မှာတောင်မှ စီးပွားရေးက အခု သင့်တင့်လျောက်ပတ်တဲ့ ဦးတည်လမ်းကြောင်းအောက် ၃၀ ရာခိုင်နှုန်း ကျတယ်။ စီးပွားရေး ၃၀ ရာခိုင်နှုန်း ကျတယ်။ ဘာပဲဖြစ်ဖြစ် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းတယ်။ ဒါပေမယ့် သုံးပုံတပုံကို ဦးတည်နေတယ်။
ဒါဟာ မြန်မာလို နိုင်ငံမျိုးအတွက် ကပ်ဆိုးပဲ။ ပထမဆုံးအချက်က မြန်မာက ဆင်းရဲတယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲက တခုပဲ။ အခုပြည်သူတွေက သူတို့ဖြစ်သင့်တာထက် သုံးပုံတပုံ ပိုဆင်းရဲသွားတယ်။ ပြည်သူတွေ အခု မျှော်လင့်ချက်ကင်းမဲ့လောက်အောင် ဆင်းရဲသွားပြီး ဝင်ငွေ သုံးပုံတပုံဆုံးရှုံးတဲ့ ထိုးနှက်ချက်ကို သူတို့မခံနိုင်ဘူး။
ဒါပေမယ့် အဲဒါတွေက စီးပွားရေးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေပဲ ဖြစ်တယ်။ ဘာနည်းနဲ့ပဲတိုင်းတိုင်း အသုံးစရိတ် လိုငွေက အကြီးအကျယ် လိုနေတယ်။ ဒါနဲ့အတူ အခွန်ဝင်ငွေ သိသိသာသာ ကျဆင်းသွားတယ်။ ငွေတိုက်စာချုပ်ရောင်းချမှုက ဖြစ်နိုင်သလောက် မဖြစ်ဘူး။ ဘဏ်တွေက ငွေတိုက်စာချုပ်တွေကို ဝယ်နိုင်တဲ့အခြေအနေမှာ မရှိဘူး။
အစိုးရဟာ ငွေအမြောက်အများကို မြန်မြန်ဆန်ဆန် ရိုက်ထုတ်နေကြောင်း ပြသနေတယ်။ အဲဒီ အကျိုးဆက်ကြောင့် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုအရဖြစ်စေ၊ အရှေ့တောင်အာရှက အလားတူနိုင်ငံတွေ့နဲ့ နှိုင်းယှဉ်ချက်အရဖြစ်စေ ငွေကြေးမတည်ငြိမ်မှု ဖြစ်တယ်။ ပြီးတော့ ငွေလဲနှုန်း ပြိုလဲတယ်။
ဒါတွေအားလုံးက အစိုးရဟာ ငွေအမြောက်အများကို မြန်မြန်ဆန်ဆန် ရိုက်ထုတ်နေကြောင်း ပြသနေတယ်။ အဲဒီ အကျိုးဆက်ကြောင့် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုအရဖြစ်စေ၊ အရှေ့တောင်အာရှက အလားတူနိုင်ငံတွေ့နဲ့ နှိုင်းယှဉ်ချက်အရဖြစ်စေ ငွေကြေးမတည်ငြိမ်မှု ဖြစ်တယ်။ ပြီးတော့ ငွေလဲနှုန်း ပြိုလဲတယ်။ ဒါကြောင့် ငွေလဲနှုန်းက အာဏာမသိမ်းမီက ထက်ဝက်အောက်ကို ရောက်သွားတယ်။
ကုန်သွယ်ရေးအခြေအနေက အရမ်းဆိုးရွားတယ်။ ဟိုက်ဒရိုကာဘွန်ဈေးတွေ တက်လာလို့ သဘာဝဓာတ်ငွေ့ ဝင်ငွေ ဆက်လက် ခိုင်မာနေပေမယ့် အဲဒါကလွဲရင် အခြားစွမ်းအင်ဈေးနှုန်းနဲ့ ဝင်ငွေကျဆင်းနေတယ်။ စိုက်ပျိုးရေးလည်း ကျဆင်းတယ်။ အာဏာသိမ်းပြီးနောက် အရမ်းနိမ့်ကျနေရာကနေ အထည်ချုပ်လုပ်ငန်း အနည်းငယ် နာလန်ထလာပေမယ့် အလုံးစုံ ကုန်သွယ်ရေးအခြေအနေက အရမ်းဆိုးရွားတယ်။ ကြွေးမြီအဆင့် နှစ်ဆကျော် တိုးလာတယ်။
အလုပ်လက်မဲ့က စနစ်တကျ တိုင်းတာလို့ ရတဲ့ အစီအမံ သိပ်မရှိပေမယ့် ရတဲ့အတိုင်းအတာအရ စီးပွားရေးက တရားဝင်စီးပွားရေး formal ကနေ အလွတ်သဘောစီးပွားရေး informal ကို အလုံးစုံ ပြောင်းလဲသွားတာ ကျနော်တို့သိတယ်။ အလွတ်သဘောကို အခြေခံတဲ့ စီးပွားရေးကနေ တိုးတက်ပြောင်းလဲတဲ့ စီးပွားရေး မဖြစ်နိုင်ဘူး။ အလွတ်သဘောဆိုတာ အခြေအနေကို ကိုင်တွယ်ဖြေရှင်းတဲ့ ယန္တရားသက်သက်ပဲ။ အခု အဲဒီကို အများစု ရောက်နေတယ်။
ဒါတွေအားလုံးရဲ့ ထိပ်ဆုံးမှာရှိနေတာက အခွင့်အလမ်းတွေတောင်မှ ဆုံးရှုံးသွားတာပဲ။ ၂၀၂၀ ပြည့်နှစ်တုန်းက မြန်မာ ပညာတတ် လူငယ်တွေမှာ စစ်မှန်တဲ့ အလားအလာတွေရှိပြီး ဘယ်မှာ အလုပ်လုပ်မယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်။ အခုတော့ ပြည်သူတွေက ပြည်တွင်းပြည်ပမှာ ပြန့်ကျဲကုန်ပြီ။ တိုးတက်နေတဲ့ စီးပွားရေးမှာ ဝင်ငွေများများရမယ်ဆိုတဲ့ စိတ်ကူးနဲ့ ငွေအများကြီး အကုန်ခံပြီး ယူထားတဲ့ ဘွဲ့တွေနဲ့ လူတွေဟာ အခုတော့ ရှေ့တန်းစစ်မျက်နှာမှာ ဒါမှမဟုတ် ထောင်ထဲရောက်နေပြီ။ ဒါဟာ ကပ်ဆိုးတခုပဲ။ မြန်မာက အခြေအနေ အများအပြားအတွက် ကျနော် စိတ်ဖိစီးရတယ်။ အသက်ဆုံးရှုံးမှုနဲ့ အကြမ်းဖက်မှုတွေက ထိပ်ဆုံးကပဲ။ ဒါပေမယ့် စီးပွားရေးက ပြည်သူတွေ ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားတာနဲ့ နှိုင်းယှဉ်ကြည့်ရင် ငိုပါငိုသွားမယ်။
မေး ။ ။ ဒါဆိုရင် ဒီစီးပွားရေး ပျက်စီးမှုအတွက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားကို ဘယ်လောက် အပြစ်တင်နိုင်မလဲ။ ဒါမှမဟုတ် ဒါတွေရဲ့အများစုကို အရေးယူပိတ်ဆို့မှုတွေက ဖြစ်စေတာလား။ ဒါမှမဟုတ် နိုင်ငံမှာ စစ်ဖြစ်နေလို့ ဖြစ်လာတဲ့ အခြေအနေလား။
ဖြေ ။ ။ ကျနော်က ဒီကိစ္စမှာ ဘက်လိုက်ကောင်း လိုက်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျနော့်အတွက် “စီးပွားရေးစီမံခန့်ခွဲမှု အမှားအယွင်း” ဆိုတဲ့ စိတ်ဝင်စားစရာ စကားလုံး။ အဲဒါက ဖော်ပြချက်တခုလားလို့ ကျနော် သိချင်တယ်။ ဒါက ကျနော်သုံးခဲ့တဲ့ ဖော်ပြချက် ဖြစ်တယ်။ ကျနော် ထပ်ပေါင်းပြောရရင် အဲဒီအကြောင်း စဉ်းစားလေလေ ဒါက မူဝါဒအရပြောရင် တကယ်တော့ စီးပွားရေး စီမံခန့်ခွဲမှု အမှားအယွင်း မဟုတ်ဘူး။
ဒီနယ်ပယ်မှာ အပျက်အစီး အများအပြားကို ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီက ကျူးလွန် လှုံ့ဆော်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ အဲဒီလိုကိစ္စတွေကြောင့်ဖြစ်တဲ့ အပျက်အစီးတွေ ရှိတယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် “စီမံခန့်ခွဲမှု အမှားအယွင်း” ဆိုတဲ့ ဝေါဟာရအကြောင်း ကျနော် စဉ်းစားနေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်နေတာက အရာရာကို လျစ်လျူရှုပြီး၊ အလွဲသုံးစားလုပ်ပြီး တနည်းတလမ်းအားဖြင့် စီးပွားရေးကို စစ်စီးပွားရေး လုပ်နေတာဖြစ်တယ်။ ဒီတော့ ဒါဟာ တစုံတရာသော အတိုင်းအတာအထိ ရည်ရွယ်ချက်ရှိရှိ စီမံခန့်ခွဲတာဖြစ်တယ်။
သူတို့ အဓိက လုပ်နေတာက စစ်စီးပွားရေးကို ဖန်တီးနေတာ။ ဒါကြောင့် တုန်လှုပ်စရာကောင်းတဲ စီးပွားရေးရလဒ်ကို ဖြစ်စေတဲ့ စီမံခန့်ခွဲမှုက ရင်းမြစ်တွေကို စစ်နိုင်ငံအဖြစ် ပြောင်းလဲဖို့ တမင်သက်သက် လုပ်တာလို့ မြင်နိုင်ပါတယ်။
အဲဒီရည်ရွယ်ချက်ကြောင့်ပဲ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတယ်။ တချို့နည်းလမ်းတွေကနေ စဉ်းစားရင် သူတို့ အဓိက လုပ်နေတာက စစ်စီးပွားရေးကို ဖန်တီးနေတာ။ ဒါကြောင့် တုန်လှုပ်စရာကောင်းတဲ စီးပွားရေးရလဒ်ကို ဖြစ်စေတဲ့ စီမံခန့်ခွဲမှုက ရင်းမြစ်တွေကို စစ်နိုင်ငံအဖြစ် ပြောင်းလဲဖို့ တမင်သက်သက် လုပ်တာလို့ မြင်နိုင်ပါတယ်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါတွေက စီးပွားရေးပညာရှင်တယောက် အမြင်အရဆိုရင် စီမံခန့်ခွဲမှု မှားယွင်းတာပဲဖြစ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ ရည်မှန်းချက်က ဘာလို့ထင်လဲ။ ကျနော်တို့ အဲဒါကို အဲဒီနေရာမှာ ရှာရမယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဒါမှမဟုတ် ချမ်းသာတဲ့နိုင်ငံတွေ သာမက အလျင်အမြန် စီးပွားတိုးတက်နေတဲ့ နိုင်ငံတွေကိုတောင် ကြည့်စရာမလိုဘူး။ ဒီဒေသတွင်းကိုပဲ ကြည့်လိုက်ရင် ကိုဗစ်ကနေ ပြန်ထောင်တက်လာတာ တွေ့ရမှာ ဖြစ်ပြီး မြန်မာဟာ ထိုးတက်မလာသည့်တိုင် အခြေအနေ ထူးခြားကောင်းမွန်ခဲ့တာ အာဏာမသိမ်းခင် တွေ့ရမယ်။ ဒါကြောင့် အပြစ်တင်ဖို့က အဲဒီမှာပဲရှိတယ်။ ကိုဗစ်ကြောင့် ထိခိုက်နစ်နာတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီကိစ္စကို ကိုင်တွယ်ဖို့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ရှိတယ်။ ဘာမှ အခြေခံကျကျ ပြောင်းလဲထားတာ မရှိဘူး။ နေရာတကာမှာ ထုံးစံအတိုင်း လုပ်နေကျ အတိုင်းပဲ။ လူတွေ ဝင်ငွေရနေတဲ့ လမ်းကြောင်းတွေကို မပျက်ဆီးသွားစေရအောင် ကာကွယ်ဖို့ပဲ။
ဒါတွေအားလုံးကို အာဏာသိမ်းပြီးနောက် ဖျက်ဆီးလိုက်တယ်။ ကိုဗစ်နိုင်တင်းကို တုံ့ပြန်မှုနဲ့ ကျန်တာတွေကလည်း အကြီးအကျယ် မှားယွင်းတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဖိနှိပ်တာမျိုးပေါ့။ ပြင်ပဖြစ်ရပ်တွေလည်း ရှိပေမယ့် မြန်မာဝန်းကျင်က နှိုင်းယှဉ်လို့ရတဲ့ နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် စီးပွားရေးပျက်စီးမှု အများစုဟာ စစ်ကောင်စီကြောင့်ပဲ။ သူတို့ရဲ့မှားယွင်းတဲ့ စီမံခန့်ခွဲမှုကြောင့်ပဲလို့ ကျနော်တို့ တခါထပ်ပြီး ဒီစကားလုံးကို သုံးတာဖြစ်တယ်။
မေး ။ ။ စစ်ကောင်စီထိန်းချုပ် မြန်မာဗဟိုဘဏ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လအထိ နိုင်ငံခြားသုံး အရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ မကြာသေးမီက သတင်းဖော်ပြကြတယ်။ အဲဒီငွေရဲ့ ထက်ဝက်ကျော်က စင်ကာပူမှာ ရှိတယ်။ စစ်ကောင်စီက အဲဒီငွေ ဘယ်လောက် အမှန်တကယ် သုံးခွင့်ရနေသေးလဲ သိပါသလား။ အဲဒီအရန်ငွေတွေကို သူတို့ အသုံးပြုလို့ မရစေချင်ရင် ဘာလုပ်ရမှာလဲ။
ဖြေ ။ ။ စိတ်ဝင်စားစရာကိစ္စတခုပဲ။ သုံးခွင့်ရ၊ မရ ဆိုတာပြောရရင် အရန်ငွေဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ သြစတြေးလျဒေါ်လာလို အခြားနိုင်ငံငွေကြေးတွေ ဒါမှမဟုတ် ရွှေလို တန်ဖိုးရှိတဲ့ အခြားကုန်စည် ပုံစံမျိုးတွေ။ ဒါကြောင့် ဒီလို ကုန်စည်တွေမှာ တန်ဖိုးရှိနေသမျှ သူတို့ အသုံးပြုနိုင်ဦးမှာပဲ။
ကျနော်ဆိုလိုတာက ခင်ဗျားမှာ အမေရိကန်ဒေါ်လာတွေ အမေရိကန်ဘဏ်စာရင်းတခုမှာ ရှိနေရင် အဲဒီဒေါ်လာကို အသုံးပြုခွင့်ရှိမှသာ အဲဒီငွေ တန်ဖိုးရှိမယ်။ အဲဒီတော့ နိုင်ငံတနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ရှိတာနဲ့ပတ်သက်ရင် အသုံးပြုခွင့် ရ၊ မရဆိုတာက တကယ့်ကို အရေးပါတဲ့ ပြဿနာဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ အသုံးပြုခွင့်မရရင် အဲဒီပစ္စည်းတွေမှာ တနည်းအားဖြင့် တန်ဖိုးမရှိလို့ပဲ။ ဒါက ပထမဆုံးပြောရမယ့် အချက်ပဲ။ ဒါက တနည်းအားဖြင့် မထူးခြားဘူး။ စစ်ကောင်စီက ဒါတွေကို အသုံးပြုခွင့် ရနေပုံ မရဘူး။ ရွှေဆိုရင်တော့ အသုံးပြုလို့ရမယ်။ ဗဟိုဘဏ်မှာ သိမ်းထားရုံပဲ။
ဒါပေမယ့် နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေမှာ တန်ဖိုးရှိဖို့ တခုတည်းသော နည်းလမ်းကတော့ ဒီငွေတွေကို နိုင်ငံခြားဘဏ်စာရင်းမှာ ရှိနေပြီး ထုံးစံအားဖြင့် နိုင်ငံခြားဘဏ်တွေမှာ ရှိတယ်။ ဒီတော့ အသုံးပြုခွင့် ရ၊ မရဆိုတဲ့ ပြဿနာက အဲဒီအရန်ငွေကြေးက တန်ဖိုးနဲ့ ဆက်စပ်နေတယ်။ အဲဒီတော့ အစိုးရတွေရဲ့ ပြည်ပပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်းဟာ ကြီးမားတဲ့ကိစ္စဖြစ်တယ်။
ကျနော်တို့ ပြောနေတာက အဲဒီငွေကို တနေရာရာကို လွှဲပြောင်းပေးလား၊ မပေးလားဆိုတာထက် ဆိုင်းငံ့ထားခြင်းသာ ဖြစ်တယ်။ ဒီတော့ ဒီပြဿနာက ထိတွေ့လို့မရတဲ့ နယ်ပယ်ကို ရောက်သွားပြီး အရင်က ဒါမျိုး ထုံးစံမရှိဘူးလို့ ကျနော်ပြောရမယ်။
ဒါကြောင့်မို့ အမေရိကန် ဗဟိုဘဏ်မှာရှိတဲ့ အရန်ငွေတွေကို အသုံးပြုခွင့် ဆိုင်းငံ့တာကို ခင်ဗျား သတိပြုမိလိမ့်မယ်။ ကျနော်တို့ ပြောနေတာက အဲဒီငွေကို တနေရာရာကို လွှဲပြောင်းပေးလား၊ မပေးလားဆိုတာထက် ဆိုင်းငံ့ထားခြင်းသာ ဖြစ်တယ်။ ဒီတော့ ဒီပြဿနာက ထိတွေ့လို့မရတဲ့ နယ်ပယ်ကို ရောက်သွားပြီး အရင်က ဒါမျိုး ထုံးစံမရှိဘူးလို့ ကျနော်ပြောရမယ်။ အဲဒီငွေတွေကို တစုံတယောက်ကို လွှဲပြောင်းပေးတယ်ဆို တော်တော်လေး ပြဿနာရှိတယ်။
ဒီလိုပြောလို့ ဘာမှ လုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး။ ဥပမာအားဖြင့် ပြောရရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရန်ငွေတွေရဲ့ တန်ဖိုးကို အသုံးပြုဖို့ လုံးဝ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာနိုင်တယ်။ စစ်ကောင်စီ အသုံးပြုခွင့်မရတဲ့ အရန်ငွေကြေးတွေကနေ အခြားဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ အသုံးပြုဖို့ ဘဏ္ဍာရေးအရ စီစဉ်တဲ့နည်းလမ်း financial engineering နဲ့ ရှာဖွေနိုင်တယ်။ ကျနော်တို့ဟာ ဘဏ္ဍာရေး အစီအစဉ်နယ်ပယ်ကို ရောက်လာတာကြောင့် ဒီကိစ္စက ရှုပ်ထွေးမှန်း ကျနော်သိတယ်။
စစ်ကောင်စီကို အရန်ငွေကြေးတွေ အသုံးပြုခွင့် မပေးတဲ့ အတိုင်းအတာအရ NUG လို အခြားအစိုးရလို အခြားတစုံတဦးအတွက် တန်ဖိုး ဖန်တီးပေးနေတာ မဟုတ်လား။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ တိကျ ပြတ်သားမှုမရှိတဲ့ နယ်ပယ်ကို ရောက်လာပြီ။ အသုံးပြုခွင့် မပေးတာက တကိစ္စ၊ တနေရာရာကို လွှဲပြောင်းတာက တကိစ္စ။ ဒီတော့ အမေရိကန် ပြည်ထောင်စုကလွဲပြီး တခြားနိုင်ငံတွေ အဲဒီလိုလုပ်ဖို့ကို စဉ်းစားရ ခက်တယ်။ အဲဒီလို ဦးတည်ဘက်ကို သွားနေတာ အမေရိကန်နိုင်ငံတခုတည်းရှိပြီး အမေရိကန် ဗဟိုဘဏ်က အရန်ငွေတွေကို စစ်ကောင်စီ အသုံးပြုခွင့်မရအောင် ပိတ်ဆို့ဖို့ တစုံတရာသော အတိုင်းအတာအထိ သူတို့လုပ်ရမယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် တခြားနိုင်ငံက အဲဒီလိုပိတ်ဆို့ဖို့ ဆိုတာက စဉ်းစားရခက်တယ်။
မေး ။ ။ အဲဒီတော့ စင်ကာပူက တနေ့မှာ “ကျနော်တို့မှာရှိတဲ့ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေကို အသုံးပြုခွင့် မပေးတော့ဘူး၊ ထုတ်ယူလို့ မရဘူး” လို့ ပြောလာမယ်လို့ ထင်ရင် လက်တွေ့ မကျဘူးပေါ့။
ဖြေ ။ ။ အဲဒီလိုလုပ်ရင် အင်မတန်ကြီးမားတဲ့ ခြေလှမ်းဖြစ်တယ်။ ကျနော် ဒီအသုံးပြုခွင့်ပြဿနာ တခုလုံး အရင်က ကြိုးစားဖြစ်သလို ဒီကိစ္စက အရေးပါတယ်။ လွတ်လပ်စွာ လှုပ်ရှားဖို့အဆင့်တွေ ရှိနေနိုင်တယ်။ ဒီတော့ နိုင်ငံတနိုင်ငံက အခြားနိုင်ငံတခုရဲ့ အရန်ငွေကို အသုံးပြုခွင့် အမှန်တကယ် ပိတ်တယ်ဆိုတာ စဉ်းစားရခက်တယ်။ တဖက်မှာလည်း နိုင်ငံတနိုင်ငံက သူ့ရဲ့အရန်ငွေ အားလုံးကို လွှဲပြောင်းမယ်လို့ ဆုံးဖြတ်ရင်လည်း လွယ်ကူတယ်လို့ စဉ်းစားဖို့ ခက်တယ်။ မြန်မာနိုင်ငံကိစ္စမှာ အဲဒီလိုလုပ်တာ ထူးထူးခြားခြား ရှုပ်ထွေးမှု ပါဝင်မှာ မဟုတ်ဘူး။ ဒီတော့ ဒီအရန်ငွေကို စစ်ကောင်စီက အပြည့်အဝ အသုံးပြုခွင့်ရတဲ့ အတိုင်းအတာကို မေးခွန်းထုတ်စရာဖြစ်မယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ ထောင်ထဲက အတွေ့အကြုံတွေကို စာအုပ်တအုပ် ရေးနေတယ်လို့ ကျနော်သိရတယ်။ အဲဒီအကြောင်း ဘာတွေပြောချင်ပါသလဲ။
ဖြေ ။ ။ သေချာတာပေါ့။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လူတွေ အကြီးအကျယ် အာရုံစိုက်မယ့် ကိစ္စကို လုပ်တော့မယ်။ ရေးပြီးသွားပြီ။ ထုတ်ဝေသူ ပင်ဂွင်းစာအုပ်တိုက်နဲ့ လုပ်ငန်းဆိုင်ရာ အနည်းငယ်ပဲ လုပ်ရတော့မှာ။ အဲဒီစာအုပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျနော် အဖမ်းခံရတာနဲ့ စတင်တယ်။
မြန်မာနိုင်ငံမှာ ကျနော်တို့ လုပ်ဆောင်ဖို့ ကြိုးစားတာတွေနဲ့ ပတ်သက်တဲ့ အခန်း ၂ ခန်း ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ ကျယ်ပြန့်တဲ့ ကောက်ကြောင်းပေါ့၊ အဲဒီလို ဟာမျိုးတွေ။ ဒါပေမယ့် အများစုက ထောင်အတွေ့အကြုံတွေ။ ဖမ်းဆီးမှု၊ ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်၊ အမှုတရားခွင်၊ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသမားတွေဆီကရတဲ့ ပိုမိုကျယ်ပြန့်တဲ့၊ ပြည်သူတွေဆီကရတဲ့ မယုံနိုင်လောက်တဲ့ ထောက်ခံမှုစတာတွေ ပါတယ်။
ကျနော့်ကို ထောင်ထဲမှာ ထည့်ထားတဲ့ ဆိုးရွားတဲ့လူတွေ ရှိနေသလို ထောင်တွေထဲမှာနဲ့ အဲဒီလိုနေရာတွေမှာ ကျနော် ဆက်ဆံရတဲ့ လူ ၉၉ ရာခိုင်နှုန်းက မေတ္တာတရား ကြီးမားတယ်။ မေတ္တာတရားကို ဖော်ပြရာမှာ မယုံနိုင်စရာကောင်းလောက်အောင် သတ္တိရှိကြတယ်။
ကျနော့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ကြောက်မက်ဖွယ်ကိစ္စတွေကို အသေးစိတ် ရေးသားတာတွေ ပါပေမယ့် မြန်မာပြည်သူတွေကို ချစ်ခင်ကြောင်းပြောတဲ့ “မေတ္တာစာ” မျိုးဆန်တယ်။ ကျနော့်ကို ထောင်ထဲမှာ ထည့်ထားတဲ့ ဆိုးရွားတဲ့လူတွေ ရှိနေသလို ထောင်တွေထဲမှာနဲ့ အဲဒီလိုနေရာတွေမှာ ကျနော် ဆက်ဆံရတဲ့ လူ ၉၉ ရာခိုင်နှုန်းက မေတ္တာတရား ကြီးမားတယ်။ မေတ္တာတရားကို ဖော်ပြရာမှာ မယုံနိုင်စရာကောင်းလောက်အောင် သတ္တိရှိကြတယ်။
ထောင်ဟာ ဘယ်လောက် စက်ဆုပ်စရာကောင်းတယ်၊ အမှုတရားခွင်က ဘာအဓိပ္ပာယ်မှ မရှိတာကို၊ ကျနော့်ကို သာမက မြန်မာပြည်သူတွေကို၊ ကျနော့်အမှုနဲ့ မဆိုင်ပေမယ့် ကျနော် တွေ့ခွင့်ရတဲ့ အမှုတွေက လူတွေကို ကျူးလွန်တဲ့ မတရားမှုတွေကို ရေးတဲ့အခါ ကျနော်က အရမ်းတုံးတိ ဗြောင်ရေးတယ်။ ညှဉ်းပန်းနှိပ်စက်တာတွေ ဘာတွေ စော်ကားတာတွေ ခံရတဲ့သူတွေကိုလည်း ကျနော်တွေ့ခဲ့တယ်။ သူတို့က ကျနော့်ကိုတောင် စော်ကားတယ်။ ကျနော် လွတ်မြောက်ရင် ကျနော် ဒီဇာတ်လမ်းကို ပြောမယ်ဆိုတာ သိနိုင်သလို ကျနော်လည်း ပြောခဲ့တယ်။ ဒါကြောင့် စစ်ကောင်စီက အရမ်းစိတ်ဆိုးတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း စာအုပ်ထွက်လာတဲ့အခါ စစ်ကောင်စီက ထပ်ပြီး စိတ်ဆိုးမယ်လို့ ကျနော်ထင်တယ်။
(ဒေါက်တာ တာနဲလ်သည် တွေ့ဆုံမေးမြန်းခြင်းကို အဆုံးသတ်ပြီးနောက် အထက်တွင် သူပြောခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေ အသုံးပြုခွင့်နှင့် ပတ်သက်သည့် ပြဿနာကို ဖြည့်စွက်ပြောကြားသည်။)
ခင်ဗျား ဘဏ်တခုမှာ အမေရိကန် ဒေါ်လာထားရင် အဲဒီငွေက ရုပ်ဝတ္တု မဟုတ်တော့ဘူး။ ဘဏ်က ငွေစာရင်းရှင်းတမ်းထဲမှာပဲရှိပြီး ဘဏ်က အမေရိကန် ဒေါ်လာ ပြန်ပေးမယ်ဆိုတဲ့ ကတိပဲဖြစ်သွားပြီ။ အဲဒီတော့ ခင်ဗျား ဘဏ်မှာ ငွေစာရင်းဖွင့်တယ်။ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဆိုပါတော့။ အဲဒီဘဏ်စာရင်းက ဘဏ်ကနေ ခင်ဗျားကို ပေးရမယ့် ပေးရန်တာဝန်ပဲ။ ဒါကြောင့် ခင်ဗျားကဘဏ်ကို ဒေါ်လာ ၁ ဘီလီယံပေးတယ်။ ဘဏ်က ပေးရန်တာဝန်ဖွင့်ပေးတယ်။ အဲဒါက ငွေစုဘဏ်စာရင်းတခုသာဖြစ်ပြီး တချိန်ချိန်မှ အဲဒီ ၁ ဘီလီယံကို ပြန်ပေးမယ့် ငွေစုဘဏ်စာရင်း ဖြစ်သွားပြီ။
ဒါပေမယ့် အဲဒါက ဘဏ်ရဲ့ ငွေစာရင်းရှင်းတမ်းမှာရှိတဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ ကျနော် ပြောချင်တာက အဲဒီအရန်ငွေ အသုံးပြုခွင့်က ခင်များနဲ့ဘဏ်အကြား ဆက်ဆံရေးအပေါ် မူတည်တယ်။ ရွှေတို့ဘာတို့ ကျတော့ မတူတော့ဘူး။ ဘဏ်အပ်ငွေက ခင်ဗျား ရွှေ့ပြောင်းလို့ရတဲ့ ရုပ်ဝတ္တုပစ္စည်း မဟုတ်ဘူး။ ဒါက ဘဏ်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်။
ဘဏ်က ခင်ဗျားကို အသုံးပြုခွင့်ပေးရင် အဲဒီပိုင်ဆိုင်မှုမှာ တန်ဖိုးရှိမယ်။ အဲဒီ အသုံးပြုခွင့်ကို ကန့်သတ်ရင် အဲဒီ ပိုင်ဆိုင်မှုမှာ တန်ဖိုးမရှိတော့ဘူး။ စင်ကာပူလို နေရာမျိုးတွေနဲ့ ပတ်သက်ပြီး ကျနော် ကြိုးစားခဲ့တာ အဲဒီလို အပြောင်းအလဲပဲလို့ ထင်တယ်။ အရေးယူ ပိတ်ဆို့မှုတွေ ဘာတွေမရှိရင်တောင်မှ ခင်ဗျားရဲ့ အရန်ငွေကို အလျင်အမြန် အပြည့်အဝ အသုံးပြုခွင့်နဲ့ပတ်သက်ပြီး သံသယရှိတဲ့ အတိုင်းအတာပေါ် မူတည်ပြီး အဲဒီငွေအပေါ် အရိပ်မည်း ထိုးကျနေမှာပဲ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Justin Higginbottom ၏ အင်တာဗျူး “It”s a Catastrophe”: Ex-Junta Prisoner, NLD Aide Sean Turnell on Myanmar”s Post-Coup Economy ကို ဘာသာပြန်သည်။ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော ပေါ့ကတ်စ် The Irrawaddy Newscast တွင် တင်ဆက်သူဖြစ်သည်။)
You may also like these stories:
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”