အကျဉ်းထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အတွက် လွန်စွာစိုးရိမ်ကြောင်း သားဖြစ်သူက ပြောကြားလိုက်ပြီး မိခင်ဖြစ်သူသည် အစားအသောက်စားရန်အတွက်ပင် ရုန်းကန်နေရသလို ပြင်ပဆရာဝန်နှင့် တွေ့ခွင့်မရကြောင်း ပြောကြားလိုက်သည်။
ဖမ်းဆီးခံထားရသည်မှာ ၂ နှစ်ကျော်ပြီဖြစ်သည့် အသက် ၇၈ နှစ်ရှိပြီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မူးဝေအော့အန်ခြင်းများကို ခံစားနေရပြီး ပြင်းထန်သော သွားဖုံးရောဂါ ခံစားနေရကြောင်း ဗြိတိန်တွင်နေထိုင်သော သူ၏သား ကိုထိန်လင်း ခေါ် ကင်အဲရစ်က Reuters သတင်းဌာနသို့ ပြောသည်။
“အမေ ခံစားနေရတဲ့အခြေအနေကို ကျနော် အရမ်းစိုးရိမ်တယ်” ဟု သူပြောသည်။ “သူက အရင်လို မကျန်းမာတော့ဘူး။ အစားအသောက် မစားနိုင်ရင် အခြေအနေက မျှော်လင့်ချက်သိပ်ကောင်းမယ့် အလားအလာမရှိဘူး” ဟု သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချပြီး စစ်အုပ်ချုပ်ရေးဆန့်ကျင်သူများကို ဖြိုခွဲသည့် ၂၀၂၁ ခုနှစ်အစောပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေပြီး ထောင်ပေါင်း များစွာသော ပြည်သူများ ထောင်ချ သို့မဟုတ် သတ်ဖြတ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရာဇဝတ်မှု ၁၄ ခုအတွက် ထောင် ၂၇ နှစ် ချခံထားရသည်။ သူက သူ့ကို စွဲဆိုသည့် ရွေးကောက်ပွဲ မသမာမှုမှသည် အဂတိလိုက်စားမှုအထိ စွဲချက်အားလုံးကို ငြင်းဆန်ပြီး ထိုစွဲချက်များကို အယူခံဝင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။ စစ်ကောင်စီ ပြောခွင့်ရသူကို အင်္ဂါနေ့က Reuters က ဖုန်းခေါ်သော်လည်းလည်း ပြန်လည်ဖြေဆိုခြင်းမရှိသလို စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကလည်း မှတ်ချက်ပေးရန်တောင်းဆိုမှုကို မတုံ့ပြန်ပေ။
၁၉၉၁ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်ချခံထားရသော မိခင်အတွက် နိုဘယ်ဆုကို သွားရောက်လက်ခံသူ ဆယ်ကျော်သက် ယခုအခါ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ကိုထိန်လင်းသည် မိခင်အဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရတော့ဘဲ စစ်ကောင်စီကလည်း သူ၏ အကြိမ်ကြိမ် တောင်းဆိုမှုများကို တုံ့ပြန်ခြင်းမပြုပေ။
“အမေ့ကို ဆက်သွယ်ဖို့ နည်းလမ်းမရှိဘူး” ဟု သူပြောသည်။ “သူ့ကို စောင့်ရှောက်မှုပေးတာ ခွင့်မပြုဘူး။ ဥပဒေအတိုင်ပင်ခံတွေနဲ့ တွေ့ခွင့်မပေးဘူး။ ဧည့်သည်တွေ့ခွင့် မပေးဘူး။ အခြား အကျဉ်းသားတွေနဲ့ တွေ့ဆုံဆက်ဆံခွင့် မပေးဘူး။ အခြေခံအားဖြင့်ပြောရရင်တော့ တယောက်ထဲ တိုက်ပိတ်ထားတာပဲ” ဟုလည်း သူပြောသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှု ၁၉ ခုအနက်မှ ၅ မှုကို သြဂုတ်လတွင် လွတ်ငြိမ်းခွင့်ပေးသော်လည်း သူ့ကို ထိုအချိန် မတိုင်မီက ထောင်မှ နေအိမ်တခုသို့ ပြောင်းထားသည်ဟု နိုင်ငံပိုင်မီဒီယာက ဖေါ်ပြသည်။
ကိုထိန်လင်းက သူ့မိခင်ကို နေရာရွှေ့ပြောင်းထားသည်မှာ မမှန်ကန်ကြောင်း ပြောသည်။
“သူတို့က ကျနော့်အမေကို နေအိမ်အကျယ်ချုပ် ပြောင်းထားတယ်ဆိုတဲ့ သတင်းမှားကို ဖြန့်ချိနေတာ။ ဒါက နိုင်ငံတကာအသိုက်အဝန်းကို နှစ်ခြိုက်အောင် လုပ်တာဖြစ်ပေမယ့် နိုင်ငံတကာအသိုက်အဝန်းက ဒါကို ကောင်းကောင်းသိနေကြတယ်” ဟု သူပြောသည်။
အစိုးရအများအပြားက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားအရေးယူမှုများ ချမှတ်ထားသည်။
ကိုထိန်လင်းသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်သော်လည်း စစ်ကောင်စီနှင့် အလုပ်ဖြစ်သော ဆက်ဆံရေး မရှိသောကြောင့် လုပ်ဆောင်ပေးစရာ မရှိသလောက်ပင် ဖြစ်ကြောင်း သူပြောသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများအပါအဝင် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် လိုအပ်ကြောင်း သူပြောသည်။
အဲရစ်ကသူသည် နောက်ဆုံးသတင်းများအတွက် အဓိကအားဖြင့် မြန်မာရုပ်သံလိုင်းများနှင့် လူမှုကွန်ရက်ကိုသာ အားကိုးနေရကြောင်းပြောသည်။
မိခင်ကို မည်သည့်အခါမျှ တွေ့ခွင့်မရတော့မည်ကို စိုးရိမ်ပါသလားဟု မေးသောအခါ သူက “သိပ်သေချာတာပေါ့။ ဒါက စိုးရိမ်စရာပေါ့” ဟု သူပြောသည်။
ကိုးကား။ ။ Reuters သတင်း Aung San Suu Kyi’s son ‘extremely worried’ about his mother’s health
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား