၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင် နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၂၀၂၃ ခု၊ ဇူလိုင်လ ဆိုရင် နှစ်နှစ်နှင့် နှစ်လသာရှိသေးသည်။
သုညအဆင့်မှ စတင်ခဲ့သော်လည်း ပြည်သူလူထု၏ အားပေးမှုကြောင့် အချိန်တိုအတွင်း ခေတ်မီမောင်းပြန် ရိုင်ဖယ်များ၊ လက်နက်ငယ်များ တပ်ဆင်နိုင်ပြီဟု သိရသည်။ ကိုယ်ပိုင် ထုတ်လုပ်သည့် လက်နက်ငယ်များသည်လည်း အရည်အသွေး တိုးတက်လာပြီး ထိရောက်မှုလည်း ပိုမိုတိုးတက်လာပြီဟု သိရသည်။ ထို့ပြင် မောင်းသူမဲ့ ဒရုန်းယာဉ်ငယ်များတီထွင်ပြီး ထိုးစစ်ဆင် အသုံးပြုလာနိုင်သည်အထိ တိုးတက် လာသည်မှာ မျက်ကွယ်ပြုထား၍ မရသော အောင်မြင်မှုများ ဖြစ်ကြောင်း သုံးသပ်ကြသည်။ အကျိုးဆက်အားဖြင့် တိုင်းပြည်၏ နေရာဒေသအများအပြားကို စိုးမိုးထားနိုင်သည့် အခြေအနေသည် အောင်မြင်မှု၏ ထင်ရှားသော သင်္ကေတတခုပင် ဖြစ်ပါသည်။
ထို့ကြောင့် ယခုချိန်မှာ နွေဦးတော်လှန်ရေးသည် လုံးပါး ပါးသွားနိုင်သည့် အန္တရာယ်ကြီးကြီး ရှိနေဆဲဟု ဆွေးနွေး သုံးသပ်ပြလျှင် ဝိုင်းဝန်းဝေဖန်ခြင်းကို ခံရနိုင်ပါသည်။
သို့သော် (၁) စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်ဗျူဟာကို လျှော့တွက်၍ မရခြင်း၊ (၂) တော်လှန်ရေး အင်အားစုများအကြားတွင် ဘုံနိုင်ငံရေးသဘောတူညီမှု မရှိခြင်း (သို့မဟုတ်) ရှိသည့် ဘုံနိုင်ငံရေး သဘောတူညီမှုသည် ခိုင်မာမှု မရှိခြင်း၊ (၃) လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အားနည်းနေခြင်း၊ (၄) စစ်ကောင်စီသည် အလွယ်တကူအရှုံးပေးမည် မဟုတ်ခြင်း၊ (၅) အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံမှု အားနည်းခြင်းတို့ကြောင့် လုံးပါးပါးသွားနိုင်သည့် အန္တရာယ်ကြီးရှိနေသည်မှာ အမှန်ပါ။ ဤအခြေအနေတို့ကို လက်တွေ့ကျကျ အချိန်မီ စဉ်းစားအဖြေရှာနိုင်ဖို့ အရေးကြီးကြောင်းကို သုံးသပ်တင်ပြလိုက် ရပါသည်။
(၁) စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်ဗျူဟာ
စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။ ထိုဗျူဟာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနှင့်တကွ အခြားသော လူသိများသည့်ပုဂ္ဂိုလ်များကို လွှတ်ပေးလိုက်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးကို အင်အားစုတွေကို ဖြိုခွဲရေးဖြစ်ပါသည်။ ဤဗျူဟာကို ထုတ်သုံးလိုက်လျှင် နွေဦးတော်လှန်ရေး အင်အားစုများကြားမှာ ထိရောက်မှုတစုံတရာ ရှိမည်ဟု ယူဆနိုင်ပါသည်။
အကြောင်းမှာ ကျနော်တို့နိုင်ငံတွင် ပုဂ္ဂိုလ်ရေး / သူရဲကောင်းအားကိုမှု / ကိုးကွယ်မှု (personal/hero worship) ယဉ်ကျေးမှုက ပြင်းထန်ပါသည်။ လူ/ပုဂ္ဂိုလ် တဦးဦးကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ယုံကြည်ခြင်း၊ အားကိုးခြင်း၊ မိမိ ယုံကြည်အားကိုးသည့်ပုဂ္ဂိုလ်သည် အမြဲတမ်းမှန်ကန်နေခြင်း၊ အမှားမရှိနိုင်ခြင်း စသည်ဖြင့် အကြွင်းမဲ့ ယုံကြည်ကိုးစားကြသော ယဉ်ကျေးမှု၊ ဓလေ့စရိုက် ရှိခြင်းကို ဆိုလိုသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပ နေရာ အနှံ့အပြားတွင် မွေးနေ့ပွဲများအသီးသီး ကျင်းပပေးခဲ့ကြသည်ကို ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု၏ အားကိုးမှု၊ ချစ်ခင်လေးစားမှု၊ ယုံကြည်မှု ရှိနေဆဲဆိုသည်ကို သိသာနေသည်။ လူထုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါ ရှိနေဆဲဟု ဆိုနိုင်ပါသည်။
လူထုချစ်ခင်လေးစားသည့် ခေါင်းဆောင်ကို လွှတ်ပေးခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများကို အင်အားချိနဲ့သွားအောင် စစ်ကောင်စီက လုပ်လာနိုင်ပါသည်။
လူထုချစ်ခင်လေးစားသည့် ခေါင်းဆောင်ကို လွှတ်ပေးခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများကို အင်အားချိနဲ့သွားအောင် စစ်ကောင်စီက လုပ်လာနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းအားဖြင့် တချို့သော တော်လှန်ရေးအဖွဲ့အစည်းများ (အထူးသဖြင့် အဖွဲ့ငယ်လေးများ) က တော်လှန်ရေးကို လက်လျှော့လာနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသတွင် တော်လှန်ရေးအင်အားစုများကို တော်လှန်ရေးလုပ်နေရသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာတွင် ‘စစ်အာဏာရှင်ကို မကြိုက်လို့၊ မတရား အာဏာသိမ်းတာကို မကြိုက်လို့၊ အမေစုကို ဖမ်းထားလို့’ စသည်ဖြင့် “မကြိုက်ခြင်း” တွေကို ပို၍ကြားရကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလေ့လာ သုံးသပ်သူ ကိုစိုးဝင်းဆွေက ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မဇ္ဈိမသတင်းဌာနကို ထုတ်ဖော်ပြောပါတယ်။

ထို့ကြောင့် လူထုခေါင်းဆောင်ကို လွှတ်ပေးခြင်းဖြင့် (တချို့သော) တော်လှန်ရေးအင်အားစုကို ဆွဲဆောင်နိုင်မည်ဟု ယူဆနိုင်ပါသည်။ အချိန်ကြာလာလျှင် တော်လှန်ရေးအင်အားစုသည် ဖြည်းဖြည်းချင်း အင်အားချိနဲ့ လာနိုင်သည်ဟု ယူဆပြီး ဤနိုင်ငံရေးလှည့်ကွက်ဗျူဟာကို ထုတ်သုံးလာနိုင်သည်ကို ကြိုတင်တွက်ဆထားသင့်သည်။
(၂) နွေဦးတော်လှန်ရေး အင်အားစုများ၏ ခိုင်မာမှုမရှိသော ဘုံနိုင်ငံရေးသဘောတူညီချက်
ရှင်းလင်းသည့် နိုင်ငံရေးပန်းတိုင်နှင့် ဦးဆောင်မှုရှိလျှင် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းလာမည် ဖြစ်ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့မှ ကိုဝေက သုံးသပ်သည်။
“ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်” (အစိတ်အပိုင်း-၁) သည် နွေဦးတော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ ဖြစ်သည်ဟု ဆိုပါသည်။ (၁) စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ (၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းရေး၊ (၃) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ (၄) အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့သည် နွေဦးတော်လှန်ရေး အင်အားစုတို့၏ ရှေ့ဆက် စုပေါင်းလုပ်ဆောင်ရမည့် တာဝန်များ ဖြစ်ပါသည်။
ပဋိညာဉ်၏ (အခန်း-၃)၊ နံပတ် (၄) တွင် နိုင်ငံရေးလမ်းပြမြေပုံမှာ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးဆွဲရန် ပါရှိပါသည်။” “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်” (အစိတ်အပိုင်း – ၁) သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် စံတန်ဖိုးနှင့် မူဝါဒများကို သဘောတူထားသည့် ဘုံနိုင်ငံရေးသဘောတူညီမှု တခုဖြစ်ပါသည်။ ဤပဋိညာဉ်ကို အများစုက လက်ခံကြသည်ဟု သိရပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (အစိတ်အပိုင်း-၁) ကို ခြုံငုံသုံးသပ်လျှင် ပြည်ထောင်စုကြီးကို ‘စုပေါင်းပိုင်ဆိုင်ခြင်း’၊ ‘စုပေါင်းခေါင်းဆောင်ခြင်း’၊ ‘ဗဟိုချုပ်ကိုင်မှုကို အားမပေးခြင်း’၊ ‘အမျိုးသား တန်းတူရေးကို အားပေးခြင်း’ သဘော ကိုတွေ့ရသည်။ ဤပဋိညာဉ်ပါ အခြေခံ စံတန်ဖိုးများနှင့် မူဝါဒများအတိုင်း အနာဂတ်ပြည်ထောင်စုကြီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြည်ထောင်စုကြီးကို အမှန်တကယ် အတူတကွ စုပေါင်းတည်ဆောက်နိုင်မည်ဆိုပါက သာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းနိုင်မည့် နိုင်ငံရေးလမ်းပြပုံဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။
အပစ်ရပ် NCA စာချုပ်နဲ့ နှိုင်းယှဉ်မည်ဆိုပါက ဤပဋိညာဉ်သည် လူနည်းစုတိုင်းရင်းသားများ တောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးကို အနီးစပ်ဆုံးပေးနိုင်မည့် နိုင်ငံရေးလမ်းပြမြေပုံအဖြစ် ရှုမြင်နိုင်ပါသည်။ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်သည့် အောက်ပါအပိုဒ်တချို့ကို သာဓကအားဖြင့် ဖော်ပြလိုပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် “ပြည်နယ် ၇ ခုနှင့် တိုင်း ၇ ခု” ဆိုသည့် နိုင်ငံ၏ လက်ရှိပုံစံအပေါ်တွင် အခြေခံပြီး ရေးဆွဲထားသည့်အတွက်ကြောင့် လူနည်းစု တိုင်းရင်းသားလူမျိုးတချို့၏ ထောက်ခံမှုကို မရရှိနိုင်သေးကြောင်း ယူဆနိုင်ပါသည်။
သို့သော် ဤဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် “ပြည်နယ် ၇ ခုနှင့် တိုင်း ၇ ခု” ဆိုသည့် နိုင်ငံ၏ လက်ရှိပုံစံအပေါ်တွင် အခြေခံပြီး ရေးဆွဲထားသည့်အတွက်ကြောင့် လူနည်းစု တိုင်းရင်းသားလူမျိုးတချို့၏ ထောက်ခံမှုကို မရရှိနိုင်သေးကြောင်း ယူဆနိုင်ပါသည်။
အနာဂတ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ပြည်နယ်အသစ်များ သတ်မှတ်ပေးရန် တောင်းဆိုမှုများ ဖြစ်ပေါ်လာခဲ့လျှင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဖော်ပြမထားနိုင်ခြင်းသည် ဤပဋိညာဉ်၏ အားနည်းချက်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ် အဆင့်သို့ တိုးမြင့်သတ်မှတ်ပေးရန် တောင်းဆိုနေကြသည့် တအောင်းပလောင်၊ ပအိုဝ်း၊ ဝ တိုင်းရင်းသားများ၊ ကိုယ်အုပ်ချုပ်ခွင့်ရဒေသကို သတ်မှတ်ပေးရန် တောင်းဆိုနေကြသည့် မိုင်းလားအဖွဲ့ ဟူ၍လူသိများသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) လို တိုင်းရင်းသားတို့အတွက်သည် ဤဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်က လုံလောက်မှုမရှိသေးဟု ဆိုရမည်ဖြစ်သည်။
ထို့ပြင် ဤဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ စံတန်ဖိုးနှင့် မူဝါဒများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက်၍ လူနည်းစုတိုင်းရင်းသားများတွင် သံသယစိတ် ရှိနေသေးကြောင်းတွေ့ရသည်။
သာဓကအားဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို တည်ထောင်ကြရာမှာ နည်းလမ်းမျိုးစုံရှိသော်လည်း လူနည်းစုတိုင်းရင်းသား၏ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမည်ဟု မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စုစည်းဖွဲ့ထားသည့် FPNCC (ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ) က ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်လိုက်ပါသည်။ လူနည်းစု တိုင်းရင်းသားများ တောင်းဆိုသည့် ပြည်ထောင်စုတရပ် တည်ထောင်ရေးမှာ ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၏ နိုင်ငံရေးစိတ်ဆန္ဒ အားနည်းမှုကို မြင်တွေ့ရသောကြောင့် ဤအချက်ကို ထည့်သွင်းဖော်ပြခြင်း ဖြစ်နိုင်ပါသည်။
(၃) လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု များအားနည်းနေခြင်း
မြန်မာပြည်တဝန်းတွင် ဖြစ်နေသည့် နွေဦးတော်လှန်ရေးတိုက်ပွဲများသည် အချိတ်အဆက်မရှိဘဲ သူ့အနေအထားနှင့်သူ တိုက်နေခိုက်နေကြသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိကြောင်း၊ တိုက်သည့်နေရာတွေမှာ တိုက်နေပြီး တချို့နေရာတွေ ငြိမ်နေကြောင်း၊ ဤကဲ့သို့ မညီမညာဖြစ်နေသော အနေအထားများက လက်ရှိဆင်နွှဲနေကြသည့် ခုခံတော်လှန်စစ်အတွက် အကျိုးမရှိနိုင်ကြောင်း နိင်ငံရေးဆောင်းပါးရှင် မောင်ကျော်စွာက သုံးသပ်ပါသည်။
ဤကဲ့သို့ ဘာတိုက်ပွဲမှမဖြစ်ဘဲ ငြိမ်သက်နေသည့် ဒေသများရှိနေခြင်းသည် စစ်ကောင်စီကို ၎င်းတို့၏စစ်ရေး အစီအမံများကို စိတ်ကြိုက် ချမှတ်လုပ်ဆောင်နိုင်ဖို့ နေရာနှင့် အခွင့်အလမ်းတွေ ရရှိနေစေကြောင်း မောင်ကျော်စွာက အောက်ပါအတိုင်း ဆက်လက်သုံးသပ်ပါသည်။
“တပ်ဖွဲ့၊ လက်နက်ခဲယမ်း၊ အမြောက်ကြီး၊ လေယာဉ်တွေကို စိတ်ကြိုက် ထုတ်နုတ်ရွှေ့ပြောင်း သယ်ပို့ ချထားနိုင်စေပါတယ်။ ဒီလိုအခွင့်အလမ်းဟာ ကျနော်တို့ရဲ့ ပြောက်ကျားတပ်ဖွဲ့တွေ၊ လှုပ်ရှားတပ်ဖွဲ့တွေ၊ စခန်းထိုင်ထားသူတွေကို ရန်သူက စိတ်ကြိုက် တိုက်ခိုက် ခြိမ်းခြောက်ထားနိုင်စေပါတယ်။”
ညီညွတ်မှုအားနည်းနေခြင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့သည့် မမျှတမှုနှင့် ဖိနှိပ်မှုတို့ကြောင့် ဖြစ်ပါသည်။ လူနည်းစုတိုင်းရင်းသား အချင်းချင်းအကြားတွင်လည်း ပဋိပက္ခများ ရှိနေသည်။
ဤကဲ့သို့ ညီညွတ်မှုအားနည်းနေခြင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့သည့် မမျှတမှုနှင့် ဖိနှိပ်မှုတို့ကြောင့် ဖြစ်ပါသည်။ လူနည်းစုတိုင်းရင်းသား အချင်းချင်းအကြားတွင်လည်း ပဋိပက္ခများ ရှိနေသည်။ သာဓကအားဖြင့် ကချင်နှင့် ကချင်ပြည်နယ်မှ ရှမ်းများအကြားက ပြဿနာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ကချင်နှင့် ပလောင်တို့ကြားက ပိုင်နက်နယ်မြေ ပြိုင်ဆိုင်အငြင်းပွားမှု ပြဿနာ၊ ရှမ်းပြည်အရှေ့ပိုင်းတွင်လည်း ရှမ်းက လက်မခံနိုင်သည့် သို့မဟုတ် လက်မခံချင်သည့် ဝ တို့၏ သီးခြားပြည်နယ်လိုချင်မှု၊ ကရင်နှင့် မွန်ကြားက ပိုင်နက်အငြင်းပွားမှု၊ ရခိုင်ပြည်နယ်တွင်လည်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာဝင်များအကြား ပဋိပက္ခကြောင့် ညီညွတ်မှုအားနည်းနေသည်ကို လျှော့မတွက်သင့်ကြောင်း မြန်မာ့အရေးကို အထူးကျွမ်းကျင်သည့် စာရေးဆရာ Bertil Lintner က ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ထောက်ပြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အောင်မြင်ရန် ဆုံးဖြတ်ပေးသည့် အခြေခံအချက်တွေထဲတွင် ခိုင်မာသော ဘုံနိုင်ငံရေး ပန်းတိုင်၊ နိုင်ငံရေးဦးဆောင်မှုနှင့် ဤပန်းတိုင်ကိုသိရှိပြီး နိုးကြားတက်ကြွစွာ အားပေးထောက်ခံသည့် ပြည်သူလူထု ရှိဖို့လို အပ်သကဲ့သို့ ထိုတော်လှန်ရေးလမ်းစဉ်ကို စစ်ရေးအရ အကောင်အထည်ဖော်ရန် စနစ်တကျ ဖွဲ့စည်းထားပြီး အမိန့်နာခံမှုရှိသော တပ်အင်အား၊ နိုင်ငံရေးနှင့် စစ်ရေးနားလည်သဘောပေါက်သော တပ်မှူး၊ တပ်သားများ အရေးကြီးကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့မှ ကိုဝေက သုံးသပ်သည်။ ဆက်လက်ပြီး စစ်ရေးအရ လုပ်ဆောင်သည့်နေရာတွင် “Change of Command” ဆိုသည့် အမိန့်ပေးကွပ်ကဲမှုစနစ်နှင့် အမိန့်နာခံမှုမရှိလျှင် စစ်ဆင်ရေး လုပ်၍မရကြောင်း ကိုဝေက ဆိုသည်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး၏ အားနည်းချက်သည် အမိန့်ပေးကွပ်ကဲမှုစနစ်နှင့် မတူညီသော တော်လှန်ရေး အင်အားစုများကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ပင်ဖြစ်သည်။
(၄) စစ်ကောင်စီသည် အလွယ်တကူအရှုံးပေးမည် မဟုတ်ပါ
“The Wehrmacht’s Last Stand” စာအုပ်ကိုရေးသားသူ သမိုင်းပညာရှင် Dr. Robert Citino က ဂျာမန်စစ်တပ်သည် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးမည်ကို ကြိုတင်တွက်ဆထားခဲ့သော်လည်း အချက် ၄ ချက်ကြောင့် နောက်ဆုံးအထိ တိုက်ခိုက်ခဲ့ကြသည်ဟု အခိုင်အမာဆိုပါသည်။
(က) သူတို့သည် ဆိုဗီယက်၏ လက်စားချေမှု ပြန်ခံရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ သူတို့က ဆိုဗီယက်တွင် ခွင့်မလွတ်နိုင်လောက်သော ရက်စက်ကြမ်းကြုပ်မှုများကို ကျူးလွန်ခဲ့ကြသဖြင့် စိုးရိမ်ကြောက်ရွံ့စရာ အကြောင်းများ ရှိသည်။
(ခ) မဟာမိတ်တပ်တို့သည် ဂျာမန်စစ်တပ်က “ခြွင်းချက်မရှိ” လက်နက်ချအညံ့ခံသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်းကြောင့် ဂျာမန်စစ်တပ်သည် အခြားရွေးချယ်စရာမရှိဘဲ ဆက်လိုက်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။
(ဂ) စစ်တပ်၏ အကြီးတန်း စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများကို ပယ်ချ၍မရနိုင်လောက်သော အခွင့်အရေးများ၊ လာဘ်ငွေများ စသည့်မက်လုံးများဖြင့် ဆွဲဆောင်ထားခြင်းကြောင့် ဆက်လက်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။
(ဃ) စစ်ရှုံးလျှင် ပေးဆပ်ရမှုကြီးမားသည်ကို သိရှိထားကြသည့် စစ်တပ်အကြီးအကဲတို့၏ အတိတ်က အသိတရားများကြောင့် နောက်ဆုံးအထိ ဆက်လက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ဦးဆောင်တိုက်ပွဲ ဝင်နေကြသည့် စစ်ဗိုလ်ချုပ်များသည် ပထမကမ္ဘာစစ်တွင်လည်း ပါဝင်ခဲ့ကြသည့် စစ်သား၊ စစ်ဗိုလ်များ ဖြစ်ကြသည်။ ပထမကမ္ဘာစစ်ကို စစ်ရှုံးခဲ့၍ မျှတမှုမရှိသော စစ်ငြိမ်းစာချုပ်ကို လက်ခံလိုက်ရသည်ကို အမှတ်ရကြသည်။
စစ်ရှုံးလျှင် ပေးဆပ်ရမှုကြီးမားသည်ကို သိရှိထားကြသည့် စစ်တပ်အကြီးအကဲတို့၏ အတိတ်က အသိတရားများကြောင့် နောက်ဆုံးအထိ ဆက်လက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
အချုပ်အားဖြင့် ပြောရလျှင် ဒုတိယကမ္ဘာစစ်တွင် ဂျာမန်စစ်တပ်သည် နိုင်ငံ့ခေါင်းဆောင် ဟစ်တလာ တဦးတည်း၏ စိတ်အားထက်သန်မှုကြောင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါ။ စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များကလည်း ဟစ်တလာ၏ ဦးဆောင်မှုနှင့် ရည်ရွယ်ချက်ကို လက်ခံအားပေးသည့် သဘောရှိခြင်းတို့ကြောင့် အဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်တပ်၏ အလားတူယူဆချက်မျိုး၊ ခံယူချက်မျိုး၊ စိုးရိမ်မှုမျိုးသည် လက်ရှိမြန်မာ စစ်ကောင်စီတပ်တွင်လည်း အနည်းနှင့်အများရှိနေမည်ဟု သုံးသပ်နိုင်ပါသည်။
“တလုတ်စားဖူး သူ့ကျေးဇူး” ဟူ၍ ဆိုရိုးစကား ရှိသကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမြှောက်ပြီး ရာထူးရာခံရရှိလာသူများ၊ စီးပွားရေးအခွင့်အရေး ရရှိပြီး ကြီးပွားချမ်းသာလာသူများထဲတွင် မင်းအောင်လှိုင်ကို အကြွင်းမဲ့သစ္စာခံကြသည့် စစ်သည်များ၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိနေမည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် စစ်ကောင်စီသည် နိုင်ငံတွင်း သြဇာကြီးမားသည့် သံဃမဟာနာယကအဖွဲ့၏ အားပေးထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်သည်ကိုလည်း သတိပြုသင့်ပါသည်။
ထို့ပြင် စစ်ကောင်စီသည်လည်း ၎င်း၏လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြန်ပြီး ကလဲ့စားချေခံရမည်ကို စိုးရိမ်မည်ဟု ယူဆနိုင်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် အချက်အလက်များအရ ဖမ်ဆီးခံရသူပေါင်း ၂၃,၉၁၉ ဦး၊ သတ်ဖြတ်ခံရသူပေါင်း ၇၄၄ ဦး ရှိကြောင်းသိရသည်။ မဇ္ဈိမသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ထိ နိုင်ငံတဝန်းတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အိမ်ခြေဦးရေသည် ၇၀,၃၂၄ အိမ် ရှိကြောင်း သိရသည်။
“စစ်ကောင်စီတပ်သည် မကြာမီပြိုလဲတော့မည်၊ စစ်ကောင်စီကို အနိုင်တိုက်နိုင်ဖို့ မကြာတော့ဘူး” စသည်ဖြင့် လွယ်လွယ်လေး သုံးသပ်မှုမျိုးသည် မဖြစ်သင့်ကြောင်း တင်ပြလိုသည်။
ထို့ကြောင့် ကလဲ့စားချေခြင်း မခံရလေအောင် အစွမ်းကုန်ကြိုးစားမည်မှာ သေချာသည်။ ဤအခြေအနေတွင် “စစ်ကောင်စီတပ်သည် မကြာမီပြိုလဲတော့မည်၊ စစ်ကောင်စီကို အနိုင်တိုက်နိုင်ဖို့ မကြာတော့ဘူး” စသည်ဖြင့် လွယ်လွယ်လေး သုံးသပ်မှုမျိုးသည် မဖြစ်သင့်ကြောင်း တင်ပြလိုသည်။
(၅) အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံမှု အားနည်းခြင်း

ယခုချိန်ထိ ဘာမှအလုပ်မဖြစ်သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အင်အားကြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် အနောက်နိုင်ငံများက လက်ဆက်ထောက်ခံနေကြခြင်းနှင့် စစ်ဘေးရှောင်ပြည်သူများ အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီကို ထပ်မံလျှော့ချခြင်းသည် မြန်မာ့ နွေဦးတော်လှန်ရေးအပေါ်မှာ အားပေးထောက်ခံမှု အားနည်းသည့် ထင်ရှားသော သင်္ကေတတခုပင် ဖြစ်သည်။ (စစ်ကောင်စီသည်လည်း လူသားချင်းစာနာမှု အကူအညီကို ပိတ်ဆို့ခြင်းဖြင့် စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးပြုနေသည်ကို အမှတ်ရသင့်သည်။)
လူသားချင်းစာနာမှု အကူအညီကို လျှော့ချခြင်းသည် တိုက်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို ဆွေးနွေးခြင်းအားဖြင့် အဖြေရှာရန် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးခြင်းတမျိုးလည်း ဖြစ်ပါသည်။ အကြောင်းမှာ စစ်ဘေး ရှောင်ပြည်သူများနှင့် စစ်ပွဲကြောင့် စီးပွားပျက်ပြီး စားဝတ်နေရေး ကျပ်တည်းလာပါက လူထုအနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို အားပေးမှု လျော့နည်းလာမည်ဟူသော အယူအဆကြောင့်ဖြစ်ပါသည်။
အချိန်ကြာလာလျှင် အိမ်နီးချင်းနိုင်ငံများလည်း စစ်ကောင်စီအစိုးရနှင့် ပို၍ ဆက်ဆံလာစရာအကြောင်းရှိသည်။ ဥပမာ ဒေသတွင်းရေးရာဆိုင်ရာ ဝါရင့်သတင်းစာဆရာ ကဝီ ချောင်ကစ်တာဗွန် (Kavi Chongkittavorn) က ပြီးခဲ့သည့် မေလ ၂၃ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တိုးပွားလာသော နိုင်ငံဖြတ်ကျော် မှုခင်းကွန်ရက်များ၊ အထူးသဖြင့် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်သူများကို နှိမ်နင်းနိုင်မည် မဟုတ်ကြောင်း အာဆီယံ ဥက္ကဋ္ဌက သဘောပေါက်လာကြောင်း၊ မကြာသေးမီက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်ရှိ မြဝတီခရိုင်မှ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးကို ကယ်တင်ခဲ့သည့် သာဓကကို ထောက်ပြ ရေးသားသည်ကို တွေ့ရသည်။
အာဏာရှင်ကို ပြိုလဲအောင် မလုပ်နိုင်လျှင် ထိုအာဏာရှင်ကို ပြန်ပေါင်းဆက်ဆံရသည့် သာဓကလည်း ရှိပါသည်။
အာဏာရှင်ကို ပြိုလဲအောင် မလုပ်နိုင်လျှင် ထိုအာဏာရှင်ကို ပြန်ပေါင်းဆက်ဆံရသည့် သာဓကလည်း ရှိပါသည်။ ဆီးရီးယားနိုင်ငံသမ္မတ ဘာရှား အယ်လ် အာဆတ်သည် ၂၀၁၁ ခုနှစ်တွင် ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပြည်သူများကို နှိပ်ကွပ်ရာကနေ လူပေါင်း ၃၅၀,၀၀၀ ကို သေဆုံးစေခဲ့သော ပြည်တွင်းစစ်အဆင့်ထိ ရောက်စေခဲ့သောကြောင့် အာရပ်နိုင်ငံအများစုနှင့် အနောက်နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကို ခံခဲ့ရသည်။
သို့သော် ရုရှား၊ အီရန်နိုင်ငံနှင့် ဒေသတွင်းက ၎င်း၏မဟာမိတ်များ၏ ဝိုင်းဝန်းကူညီမှုကြောင့် သမ္မတ ဘာရှား အာဆတ် အစိုးရက အောင်ပွဲခံခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ သူ့ကို မဖြုတ်ချနိုင်ခဲ့သည့် နောက်ဆုံးတွင် သူနှင့်သာ ပြန်လည်ဆက်ဆံရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်ကို တွေ့ရသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်က ကျင်းပသည့် အာရပ်ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဘာရှား အာဆတ် ပြန်လည် တက်ရောက်ခွင့်ရရှိခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် ပုံမှန်တွေ့ဆုံခွင့် ရရှိခဲ့သည်။ အနောက်နိုင်ငံများ၏ ဆန့်ကျင်မှုကြားမှ ဤအခွင့်အရေးကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ ဝိုင်းပယ်ထားခြင်းခံရမှုနှင့် အာဆတ်၏ အထီးကျန်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ခိုင်မာသော သင်္ကေတတခုဖြစ်သည်။
စစ်အာဏာရှင် စနစ်တခုတည်းကို ဖျက်သိမ်းရန် မဟုတ်
မြန်မာ့နွေဦးတော်လှန်ရေးကို ဖြစ်ပေါ်စေသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် လွတ်လပ်ရေး ရပြီးခေတ် နောက်ပိုင်း စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး တခါမှ မရရှိခဲ့ဖူးသော အမျိုးသား စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်ထွန်းစေသည် ဟုသုံးသပ်ကြပါသည်။ တနည်းအားဖြင့် ပြည်သူလူထု၏ နိုင်ငံရေးရေချိန် သို့မဟုတ် လူများစု ဗမာတိုင်းရင်းသားနှင့် လူနည်းစု အခြားတိုင်းရင်းသားများကြားက နားလည်မှု အမြင့်ဆုံးအချိန်ဟု ဆိုနိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒေသနာမည်အမျိုးမျိုးနှင့် ထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် လက်ရှိအနေအထားအထိ ရောက်လာသည်ဟု သုံးသပ်လျှင် မှားမည်မထင်ပါ။
လူနည်းစုတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွဲနေခြင်းသည် စစ်အာဏာရှင် စနစ်တခုတည်းကို ဖျက်သိမ်းရန်မဟုတ်ဘဲ ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ်မျိုးကို မျှော်ရည်ပြီး ပါဝင်နေကြခြင်းဖြစ်သည်။
တချိန်တည်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည့် ပြည်တွင်းစစ် ပဋိပက္ခများကြောင့် တိုင်းရင်းသားများ အကြားတွင် သံသယစိတ်များ ကျန်နေဆဲ ဖြစ်သည်။ လူနည်းစုတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ နွေဦးတော်လှန်ရေးတွင် (ပုံစံ၊ အတိုင်းအတာ အမျိုးမျိုးဖြင့်) ပါဝင်ဆင်နွဲနေခြင်းသည် စစ်အာဏာရှင် စနစ်တခုတည်းကို ဖျက်သိမ်းရန်မဟုတ်ဘဲ ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ်မျိုးကို မျှော်ရည်ပြီး ပါဝင်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကို လက်ရှိ ဦးဆောင်ဦးရွက်ပြုနေကြသော လူများစုဖြစ်သည့် ဗမာတိုင်းရင်းသား နိုင်ငံရေး/စစ်ရေးခေါင်းဆောင်များအနေဖြင့် လူနည်းစုဖြစ်သည့် အခြားသော တိုင်းရင်းသားများ၏ အဓိက အကျိုးစီးပွား (core interests) များကို လက်တွေ့ကျကျ ထည့်သွင်း စဉ်းစားပေးနိုင်မှသာလျှင် လက်ရှိအားနည်းချက်ဖြစ်သည့် မဟာမိတ်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဖြေရှင်းနိုင်မည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။
(ဇုန်းရိန် သည် ပြည်တွင်းအခြေစိုက် အလွတ်တန်း နိုင်ငံရေး သုတေသီတဦးဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး