စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တနင်္ဂနွေနေ့တွင် တနှစ်သား ဆင်ဖြူအတွက် မွေးနေ့ပွဲ ကျင်းပသည်။ ဆင်ဖြူဟုခေါ်သော ထိုဆင်ငယ် ပေါ်ပေါက်လာခြင်းသည် သူ၏ ဘုန်းတခိုးကြီးမားမှုကို သဘာဝက အတည်ပြုပေးသည်ဟု သူယူဆသည်။
ထိုဆင်မွေးနေ့ကို ဆင်ငယ်အား ထိန်းသိမ်းထားသည့် နေပြည်တော်ရှိ ဥပ္ပန္တသန္တိစေတီတွင် ကျင်းပပြီး ထိုနေ့က ရိုက်ကူးထားသည့် ဓာတ်ပုံများအရ ထိုဆင်ငယ်သည် ယခင်က ပုံများထက် ပိုမဲလာနေသည်။ မင်းအောင်လှိုင်သည် ထိုဆင်ငယ်ကို မွေးနေ့လက်ဆောင်အဖြစ် ကျပ်ငွေ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၇၀၀) ခန့်ပေးသည်။
ကြီးမားလှသော မာရဝီဇယ ဗုဒ္ဓဆင်းတု တည်ဆောက်ပြီးစီးခြင်းနှင့် ဆင်ငယ်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သူ၏ စစ်ကောင်စီသည် လက်ရှိ တန်ဖိုးအကြီးဆုံးငွေစက္ကူထက် တန်ဖိုး ၂ ဆ ပိုမိုများပြားသည့် ငွေစက္ကူသစ် ထုတ်ဝေမည် ဖြစ်သည်။
လွန်ခဲ့သော ၈ လက ထိုဘုရားတွင် ကျင်းပသည့် အခမ်းအနားတခုတွင် မင်းအောင်လှိုင်သည် ထိုဆင်ဖြူငယ်ကို ရဌနန္ဒက ဟုအမည်ပေးပြီး ထိုအမည်မှာ ပါဠိဘာသာတွင် နိုင်ငံက ချစ်ခင်သော ရတနာဆင်ဖြူသည် နိုင်ငံအတွက် ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်မှု ယူဆောင်လာပေးမည်ဟု အဓိပ္ပါယ်ရသည်။
သို့သော် ထိုအမည်သည် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်ဖြစ်ပွားနေသည့် အခြေအနေနှင့် လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဝေဖန်သူများက ထောက်ပြသည်။
နှစ်သောင်းတန်ငွေစက္ကူများ စတင်ထုတ်ဝေခြင်းသည် နိုင်ငံ၏ငွေကြေးဖေါင်းပွမှု ပိုမိုဆိုးရွားစေမည်ကို မြန်မာပြည်သူများ စိုးရိမ်တကြီး စောင့်ကြည့်နေချိန်တွင် မင်းအောင်လှိုင်နှင့် သူ၏ဝန်ကြီးများသည် ရဌနန္ဒက၏ မွေးနေ့ပွဲ ကျင်းပနေသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင်မွေးသည့် ထိုဆင်ငယ်ကို ၂ ပေပတ်လည်ရှိသည့် ကိတ်မုန့်ပေါ်တွင် ထွန်းထားသည့် ဖရောင်းတိုင်များကို လေမှုတ်ငြှိမ်းသတ်စေပြီး ချိုးဖြူငှက် ၁၀ ကောင်ကို လွှတ်ပေးသည်။
မင်းအောင်လှိုင်သည် ပတ္တမြားများနှင့် ဆင်ဖြူများနှင့် ပတ်သက်သည့် ရှေးဟောင်းအယူအဆကို အသုံးချကာ သူ၏ စစ်အာဏာသိမ်းမှုအတွက် အကြောင်းပြရန် ကြိုးစားပြီး ဥပဒေနှင့် ညီကြောင်း ပြောသည်။
စစ်ကောင်စီခေါင်းဆောင်သည် သူ၏ဆရာ ယခင်စစ်အုပ်စုခေါင်းဆောင်ဟောင်း သန်းရွှေခေတ်က တွေ့ရသည့် ပတ္တမြားထက် ပိုမိုကြီးမားသည့် ပတ္တမြားကြီးတလုံးကို ပိုင်ဆိုင်သည်။ သူ၏ဆင်ဖြူသည် သန်းရွှေစစ်အုပ်စုနှင့် သိန်းစိန် အရပ်သားအစိုးရတု တွေ့ရှိသည့် ဆင်ဖြူများထက် ဆင်ဖြူအဆင့်အတန်း ပိုမို ပြည့်ဝသည်ဟုလည်း သူကြွားဝါသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် သူသည် ဘာသာတရားကို ကာကွယ်သူအဖြစ် သူ့ကိုယ်သူ ပုံဖေါ်နေပြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ဘုရားအများအပြားကို အနေကဇာတင်ကာ ကြီးမားလှသော စကျင် ကျောက်ဆင်းတုတော်ကြီး တည်ဆောက်စေသည်။ သို့သော် သူ့ကိုဝေဖန်သူများအမြင်တွင် ထိုလုပ်ရပ်များသည် သူ၏ရူးသွပ်မှုက ဆေးကုမရတော့ကြောင်း ပြသနေသလို ဖြစ်သည်။
မြန်မာဘုရင်များခေတ်က ရိုးရာယုံကြည်မှုတခုအရ ဆင်ဖြူများသည် ရာသီဥတုကောင်းမွန်ခြင်း၊ သီးနှံအထွက်တိုးခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့ကို ဆောင်ယူပေးသည်ဟု ယုံကြည်ကြသည်။
သန်းရွှေနှင့် ခင်ညွန့်အပါအဝင် ယခင်စစ်အုပ်စုခေါင်းဆောင်များသည် ဆင်ဖြူများ မွေးဖွားခြင်း သို့မဟုတ် ရှာဖွေ တွေ့ရှိခြင်းသည် ၎င်းတို့ ဘုန်းတန်ခိုးကြီးမားခြင်းကို သက်သေပြသည်ဟု ပြောကြသည်။
သို့သော် ထိုသို့ လူတိုင်း မယူဆပေ။ “ဆင်ဖြူနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ဘာမှမဆိုင်ဘူး။ ဘာရောင်ဖြစ်ဖြစ် ဆင်ဆိုတာ သတ္တဝါတမျိုးပဲ” ဟု ထင်ရှားသော သမိုင်းပညာရှင် ကွယ်လွန်သူ ဒေါက်တာ သန်းထွန်းက ပြောဖူးသည်။
လက်တွေ့တွင် အာဏာသိမ်းမှုကို အကြောင်းပြရန် ကျိုးစားနေသော ဗိုလ်ချုပ်များမှ အပ မြန်မာမှ မည်သူမျှ ဆင်ဖြူများကို စိတ်မဝင်စားကြပေ။
You may also like these stories:
စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ