‘‘ဓမ္မနဲ့ အဓမ္မကို ခွဲခြားပြသနေတဲ့ သာသနာရေးဝန်ထမ်းတွေ ကိုယ်တိုင်က ဓမ္မ၊ အဓမ္မ ရှင်းရှင်းလင်းလင်း မြင်ပါရက်နဲ့ မသိချင်ယောင်ဆောင်တာတွေ၊ မျက်ကွယ်ပြုနေတာတွေ၊ အဓမ္မဘက်က ရပ်တည်နေတာတွေ မြင်လာတဲ့အခါမှာ ကျမ ဗုဒ္ဓဘာသာလို့ ပြောရမှာကိုလည်း ရှက်လာတယ်‘‘ လို့ အင်္ဂလိပ်စာ ဆရာမ မခင်သော်တာလင်း က ပြောပါတယ်။
ဩဇာအရှိန်အဝါရှိတဲ့ ဆရာတော်ကြီးတွေဟာ စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူလိုက်တဲ့ ကိစ္စအပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ လူထုအပေါ် ရန်သူသဖွယ် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ ပျက်ကွက်တဲ့ အပြင် စစ်ခေါင်းဆောင်တွေကို အားပေးထောက်ခံနေတဲ့ လုပ်ရပ်တွေအပေါ် မချိတင်ကဲပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် လူငယ်တွေအကြား ပိုပြီးဝေဖန်ပြောဆိုလာတာ တွေ့ရသလို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချမှုတွေကို Facebook လို လူမှုကွန်ရက်ပေါ်မှာတင် အလွယ်တကူ တွေ့မြင်နေရပါတယ်။
အဓမ္မနဲ့ အဓမ္မကြားက ဝစီပိတ် ဆရာတော်တွေ
စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် မဲဆန္ဒရှင် ပြည်သူတွေဟာ တောရော၊ မြို့ပါမကျန် တတိုင်းပြည်လုံး လမ်းမတွေပေါ် ထွက်ပြီး အာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ အရပ်သားအစိုးရ၊ ဒီမိုကရေစီ အစိုးရကိုသာ လိုလားကြောင်း သူတို့ရဲ့ဆန္ဒတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။
အာဏာသိမ်း စစ်တပ်က ဒီလိုတောင်းဆိုနေကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှူပြီး စစ်မြေပြင်သုံး လက်နက်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ကားနဲ့ တိုက်သတ်တာတွေအပြင် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် မြို့ပြတွေရဲ့ လမ်းမတွေထက်မှာ ပြည်သူတွေ သေဆုံးခဲ့ကြရပါတယ်။
စစ်တပ်ရဲ့ လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို မခံနိုင်တဲ့ ပြည်သူတွေက ရရာလက်နက်တွေဆွဲကိုင် တော်လှန် လာကြတဲ့အခါ အာဏာသိမ်း စစ်တပ်ဟာ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်တိုက် ရက်ရက်စက်စက်ကျူးလွန်ခဲ့ပါတယ်။
ဒီလို သတ်ဖြတ်မှုတွေ ဆက်မလုပ်ဖို့ အာစီယံ အပါအဝင် ဒီမိုကရေစီ နိုင်ငံတွေက မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြပေမယ့် အာဏာသိမ်း တပ်ဟာ နေ့စဉ်ရက်ဆက်ဆိုသလို သတ်ဖြတ်မှုတွေကျူးလွန်နေဆဲပါ။ အာဏာသိမ်းပြီး တနှစ်နဲ့ ၁၀ လ အတွင်းမှာ ပြည်သူ ၂၄၀၀ ကျော်သတ်ဖြတ်ခဲ့ပြီး ၁၆၀၀၀ နီးပါးဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်လျှောက်ရေး အသင်း (AAPP) ရဲ့ မှတ်တမ်းမှာလည်း ဖော်ပြထားပါတယ်။
ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။
ဒီနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကဆိုရင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ရဟတ်ယဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေ တစစီ လိုက်ကောက်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ သေဆုံးတဲ့ အထဲမှာ အသက် ၇ နှစ်အရွယ် ကလေးတွေလည်း ပါဝင်ပါတယ်။
ဒီလိုဆိုးဝါး အကျည်းတန်တဲ့ လုပ်ရပ်တွေအပေါ် တိုင်းတပါး နိုင်ငံတွေက လူသားချင်း စာနာပြီး တားမြစ်နေကြပေမယ့် မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ ဩဇာ၊ အရှိန်အဝါကြီး ဆရာတော်ကြီးတွေက နုတ်ဆိတ်နေကြတဲ့ အပြင် အာဏာသိမ်း ခေါင်းဆောင်တွေကိုပါ ချီမ်းမွမ်းတာ၊ ဝန်းရံတာတွေ ပြုလုပ်နေတဲ့ အပေါ် ဗုဒ္ဓဘာသာဝင်တွေက ခံပြင်း ဒေါသထွက်ကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ယှဉ်တွဲတွေ့နေကြရတဲ့ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ နဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒ တို့ဟာ လူထုရဲ့ ဝေဖန်မှုကို အများဆုံးခံနေကြရတဲ့ ဆရာတော်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးတချို့ အပါအဝင် စစ်ခေါင်းဆောင်ရဲ့ အခါတော်ပေး ဆရာတော်ဖြစ်တဲ့ ဝစီပိတ်ဆရာတော်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အဖွဲ့ဝင် ဆရာတော်တွေလည်း ပါဝင်ပါတယ်။
သီတဂူဆရာတော်ဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတခုမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “သဒ္ဒါ၊ ပညာနဲ့ ပြည့်စုံသောမင်း” လို့ လူသိရှင်ကြား ချီးကျူးထောပနာ ပြုခဲ့ပါတယ်။
ဒီအပေါ်မှာ မြ၀တီမင်းကြီး ဆရာတော် ဦး အရိယာဝံသာဘိဝံသက “ဘုန်းကြီးကို သံဃံသရဏံ ဂစ္ဆာမိဆိုပြီး ကိုးကွယ်လာခဲ့တာ၊ ဒီဘုန်းကြီးတွေက အဆိပ်အတောက် ဖြစ်နေတော့ အဲ့ဒီမှာ ဒုက္ခရောက်ကုန်ကြတာ။ အဲ့ဒါကို ဇာတံ သရဏတော ဘယံ လို့ခေါ်တယ်။ ကိုယ်ကိုးကွယ်ရာက ကိုယ့်ကို ဒုက္ခပြန်ပေး ပြီလို့ခေါ်တာ။ ကနေ့ အဲ့ဒါဖြစ်နေတာပဲ” လို့ မိန့်ကြားပါတယ်။
ဒီမိန့်ကြားချက်ဟာ ဆရာတော် ပျံလွန်တော် မမူခင်က ဧရာဝတီနဲ့ သီးသန့် လျှောက်ထားမေးမြန်းချက် အပေါ်မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။ သက်တော်(၇၁) နှစ်၊ သိက္ခာတော်(၅၁) ရှိပြီဖြစ်တဲ့ မြဝတီမင်းကြီး ဆရာတော်ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆေးရုံကြီးမှာ နှလုံးသွေးကြောပိတ် ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
မြ၀တီမင်းကြီး ဆရာတော်ဟာ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဘာသာရေးအပေါ် အသုံးချမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ဝေဖန်မှုကြောင့် စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးအကျဉ်းချမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရကတော့ မြန်မာပြည်သူလူထုကြားမှာ ဓမ္မကထိက၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွေနဲ့ ဆေးရုံတွေကို တည်ထောင်သူ၊ သာသနာရေးနဲ့ လူမှုရေးရာ အကျိုးပြု ဆောင်ရွက်တဲ့ ရဟန်းတပါး အနေနဲ့ လူသိများ၊ ကိုးကွယ်ဆည်းကပ် ခံရတဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။
ဓမ္မဒူတ အရှင်ဆေကိန္ဒ ကိုတော့ ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်ကို တည်ထောင်သူ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ပဋိပတ္တိမဟာဌာန မဟာဌာနမှူး ပါမောက္ခဆရာတော် တာဝန်အပြင် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းတွေ ဖွင့်လှစ်ခြင်း၊ လူငယ်တွေကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးနေတဲ့ ဆရာတော် အဖြစ်သိကြပါတယ်။
သီတဂူဆရာတော်နဲ့ ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ)
ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ) ဟာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (မဟန) ပြီးရင် ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒုတိယ အကြီးဆုံး သံဃဂိုဏ်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် သံဃာအဖွဲ့အစည်းများ ဥပဒေအောက်မှာ တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာဂိုဏ်း ၉ ခုထဲက တခု အပါအဝင်ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ရယူထားတဲ့ သီတဂူဆရာတော်ဟာ ရွှေကျင်နိကာယ ရဲ့ ရွှေကျင်သာသနာပိုင် ရာထူးကိုလည်း စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ အတွင်းက ထပ်မံရယူလိုက်တယ်လို့ သံဃာအသိုင်းအဝိုင်းကြားမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ နောက်ဆုံးသတင်းထုတ်ပြန်မှုတွေထဲမှာတော့ သီတဂူဆရာတော်ကို အရင်ရာထူးဖြစ်တဲ့ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် အဖြစ်ပဲ ဖော်ပြနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် သီတဂူဆရာတော်ရဲ့ တရားပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး အဖြစ်ဖော်ပြနေကြတာတွေ့ရသလို သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု အဖွဲ့ (SIBMA) မှာလည်း “ရွှေကျင်နိကာယ သံဃရာဇာ” အဖြစ် သုံးနှုန်းဖော်ပြထားတာ တွေ့ရပါတယ်။
ရွှေကျင်သာသနာပိုင် ရာထူးနေရာနဲ့ ပတ်သက်လို့ အစည်းအဝေး ခေါ်ယူပြီး သံဃာတွေရဲ့ သဘောထားကို ရယူခြင်း မရှိဘဲ၊ သူ့သဘောဆန္ဒနဲ့ ရယူလိုက်တာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက် (SRSN) အဖွဲ့ဝင် ဆရာတော်တွေက မိန့် ကြားကြပါတယ်။
နွေဦးတော်လှန်ရေး သံဃကွန်ရက်ဟာ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လုပ်ငန်းတွေကို အခြားဘာသာကြီး ၃ ခုက ဘာသာရေး ဆရာတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ သံဃအဖွဲ့အစည်းကြီး ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး သံဃကွန်ရက် အဖွဲ့ဝင် ဆရာတော် ဦးမင်းသုည က “ရွှေကျင်သာသနာဟေ့ဆိုရင် သာသနာပိုင်ဆိုတာ သီတဂူလို ပုဂ္ဂိုလ်မျိုး မတွေ့ဖူးဘူး၊ ဂိုဏ်းရဲ့ စည်းမျဉ်းနဲ့ကျတော့ တခြားစီပဲ၊ သင်္ကန်းအရောင် ဝတ်တာက အစ၊ အင်္ကျီကြီးတွေ ဖိုသီဖတ်သီ လုပ်တာကအစ၊ ပြီးတော့ သူ့ရဲ့မွေးနေ့ပွဲမှာ အငြိမ့်ပွဲကြီးတွေထည့်တာ။ ဒါရှိမှ မရှိတာ ရွှေကျင်ဂိုဏ်းမှာ ဒါတွေဟာ မလုပ်ရဘူးလို့ ဂိုဏ်းစည်းမျဉ်းတွေ ရှိတာပဲ၊ ဒီဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့ ပုဂ္ဂိုလ်ကြီးက သာသနာပိုင်ဆိုတဲ့ ရာထူးကြီးကို မရ၊ ရအောင် ယူတယ်ဆိုတာ တော်တော်ဆိုးတာ‘‘ ဟု မိန့်ကြားသည်။
ဆရာတော်က ဆက်၍ ‘‘ရွှေကျင်ဂိုဏ်းကြီး အနေနဲ့လည်း ဒီလောက်ဆိုးဝါးတဲ့ ပုဂ္ဂိုလ်ကို လုံး၀လက်မခံသင့်ဘူး။ ရွှေကျင်ဂိုဏ်း ဆရာတော်ကြီးတွေရဲ့ မျက်နှာကို ထောက်ထားသင့်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ဂိုဏ်းကနေကို ထုတ်ပစ်ရမှာ၊ ရွှေကျင်ဂိုဏ်းကြီးကို သီတဂူနဲ့ ဆေကိန္ဒ ပေါင်းပြီး ဖျက်တာပဲ” လို့ ထောက်ပြဝေဖန်ပါတယ်။
၂၀၁၈ ခုနှစ်က ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် ဥုးအဂ္ဃိယ ပျံလွန်တော်မူပြီးနောက်မှာ ရွှေကျင်ဂိုဏ်း သာသနာပိုင်အဖြစ် ရန်ကုန်ဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ က တာဝန်ယူခဲ့ပြီး၊ တွဲဘက်သာသနာပိုင်အဖြစ် ဝိသုဒ္ဓါရုံသူဌေးကျောင်း ဆရာတော်နဲ့ သီတဂူ ဆရာတော်တို့က တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။
မ.ဘ.သ အဖွဲ့ တည်ထောင်ခဲ့သူတွေ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဓမ္မဓူတ အရှင်ဆေကိန္ဒက ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက် အဖွဲ့ဝင် ဆရာတော်တွေ က မိန့်ကြားပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းက ဓမ္မဒူတ အရှင်ဆေကိန္ဒ ကျောင်းထိုင်တဲ့ မှော်ဘီမြို့ ကျောင်းတိုက်မှာ သံဃာအစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးကို ဒေသအသီးသီးက သံဃာတော် အပါး ၂ဝဝ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ အထက်မြန်မာပြည် မ.ဘ.သ အဖွဲ့ကို တည်ထောင်ဖို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က မန္တလေးမြို့ အတုမရှိ ကျောင်းတော်မှာ ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံက အတည် ပြုခဲ့တာ ဖြစ်ပါတယ်။ သုဓမ္မာ၊ ရွှေကျင်နဲ့ ဒွါရ စတဲ့ ဂိုဏ်းကြီး ၉ ဂိုဏ်းက သံဃာပေါင်း ၃ သောင်းကျော် တက်ရောက်ခဲ့တဲ့ အဲ့ဒီ သံဃညီလာခံကနေ မ.ဘ.သ အဖွဲ့ကြီးကို ဝါခင်းကုန်း ဆရာတော် ဦးတိက္ခကို ဥက္ကဋ္ဌ အရာထားပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဆရာတော် ဦးမင်းသုညက “မဘသ အဖွဲ့အစည်း မပေါ်ခင်က သူ(ဦးဆေကိန္ဒ) နဲ့ ဦးသိန်းစိန်တို့ တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ကြတယ်။ ကျင်းပပြီးတော့ ဦးဇင်းတို့ ရွှေဝါရောင် သံဃာတော်တွေကို တွေ့ပြီးတော့ စည်းရုံးတာဗျ။ အမျိုးဘာသာ သာသနာ အသင်းကြီး တည်ထောင်ချင်တယ်။ နောက်ကွယ်ကနေ ပိုက်ဆံကို လိုလေသေးမရှိ သူတို့ထောက်ပံ့မယ်လို့ ပြောတယ်။ အဲ့ဒီမှာ ဦးဇင်းတို့ ရွှေဝါရောင်သံဃာတော် တွေက လက်မခံနိုင်ဘူး၊ အရှင်ဘုရားတို့ဘာသာ တံခါးပိတ် အစည်းအဝေး ကျင်းပလာတာ တပည့်တော်တို့လည်း သိတာမဟုတ်ဘူး။ သူတို့က သာသနာအပေါ်မှာ စော်ကားပြီး အညွှန့်အညောင့် ခူးစားလာတာ၊ သဘောမတူဘူး” ဟု တုန့်ပြန်ခဲ့ကြောင်း ပြန်ရှင်းပြပါတယ်။
ဆရာတော်က ဆက်၍ “သူ(ဦးဆေကိန္ဒ) က ရွှေဝါရောင် တွေကို စစည်းရုံးတာ မရဘူး။ အဲ့ဒီမှာတင် သူကဘာလုပ် လည်းဆိုတော့ တနိုင်ငံလုံးကို ဖိတ်လိုက်တာဗျ။ ပိုက်ဆံက တနိုင်ငံလုံးကို ထောက်ပံ့ထားတာ ပေါတယ်လေဗျာ၊ တနိုင်ငံလုံးဖိတ်ပြီး သူ့ကျောင်းမှာ သံဃစည်းဝေးပွဲကြီး ကျင်းပတာ။ အဲ့ဒီအစည်းအဝေး ပွဲမှာပဲ သူတို့လက်ဝါးချင်း ရိုက်ထားတဲ့ အမျိုးဘာ သာသာသနာ စောင့်ရှောက်ရေးအသင်းကြီး ရှိသင့်သည်ဆိုတဲ့ စာတမ်းကြီး အဲ့ဒီမှာ ဖတ်တာဗျ။ သံန္ဓေတည် ခဲ့တာ အဲ့ဒီကစတာ၊ နောက်ကွယ်ကနေထောက်ပံ့ပြီး လက်လျှိုပြီးတော့ သူလုပ် နေတာပဲ။ ဒီအသင်းကြီးရဲ့ မူလဘူတက ဆေကိန္နပဲ၊ အန္တရာယ်အလွန်ကြီးတဲ့ ပုဂ္ဂိုလ်၊ ပြီးတော့ ဦးသိန်းစိန်ရဲ့ ခြေရာကို ကိုးကွယ်သင့်တယ်လို့ အထင်အရှား ပြောခဲ့တာ၊ ဒါတွေက မှတ်တမ်းရှိတယ်။ သူပြောခဲ့တာ ဦးဆေကိန္ဒကိုယ်တိုင်ပြောခဲ့တာ” လို့ မိန့်ကြားပါတယ်။
အဲ့ဒီအချိန်က မ.ဘ.သ အဖွဲ့ကြီးကို မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးတော်မူတဲ့ သြဝါဒဆရာတော် ၁၅ ပါး၊ နာယက ဆရာတော် ၁၁ ပါး၊ အနုနာယက ဆရာတော် ၈ ပါးနဲ့ ဦးဆောင်ဆရာတော် ၁၂ ပါး တို့နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသံဃ ညီလာခံကို သီတဂူ ဆရာတော်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ အင်းစိန်ရွာမ ဆရာတော်နဲ့ တိုင်းသံဃာ့ မဟာနယက ဆရာတော်ကြီးတွေကိုယ်တိုင် ကြွရောက်သြဝါဒ ပေးခဲ့ကြပါတယ်။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ က မ.ဘ.သ အဖွဲ့ကို သာသနာရေးနဲ့ လူမူရေး ဒွန်တွဲလုပ်ဖို့ သြဝါဒကို မြွက် ကြားခဲ့သလို၊ ဒီညီလာခံကနေ အချက် ၁၀ ချက်ပါတဲ့ သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ဆက်လက်ကာကွယ်ဖို့၊ နိုင်ငံတော်ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပုဂ္ဂိုလ် ရေးနဲ့ လတ်တလော အခြေအနေကို မကြည့်ဘဲ နိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကိုကြည့်ဖို့၊ ယာယီသက်သေခံ လက်မှတ်ကိုင် ထားသူတွေကို ဆန္ဒမဲပေးခွင့် ရုတ်သိမ်းပေးဖို့၊ တိုင်းရင်းသား စာရင်းမှာ မပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်လည်စိစစ် ပေးဖို့နဲ့ အမျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်တဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ စတဲ့အချက်တွေ ပါဝင်တယ်။
နွေဦးတော်လှန်ရေး သံဃအဖွဲ့ဝင် ဆရာတော် ဦးဝါယမက “တခြားဘာသာက ဖျက်ဆီးလို့ ကိုယ့်ဘာသာ ပျက်ဆီးမယ်ဆိုတာ မဟုတ်ဘူး။ ကိုယ့်တာကိုယ်လုံအောင် မလုပ်နိုင်ရင် ဒါတွေက မှားယွင်းကြမှာပဲ။ ဒါဆို တဘာသာနဲ့ တဘာသာ၊ အနိုင်မကျင့်ရအောင် ဥပဒေစနစ် ကောင်းမှလို့ ထိုမဘသ ဘုန်းကြီးတွေ သိဖို့လိုပါတယ်။ တကယ်ဦးဆောင်ပြီး လှုပ်ရှားနေတာကတော့ ဦးဉာဏိသရ ကိုယ်တိုင်ဖြစ်နေပြီ” လို့ မိန့်ကြားပါတယ်။
ဦးဝါယမ က ဆက်၍ “အဆိုးဆုံးက အညာမှာဆိုရင်တော့ မဘသ ဘုန်းကြီးတွေပေါ့၊ ရန်ကုန်မှာဆိုရင်တော့ သုစိတ္တတို့ပေါ့။ ဟိုတလောက ကလေးတွေ ဆန္ဒပြတုန်းက ကားမှန်တွေ ရိုက်ခွဲတဲ့ ကျောင်းပေါ့နော်။ အဲ့ကျောင်းကတော့ ရန်ကုန်မှာ အောက်မြန်မာပြည်နဲ့ ပတ်သက်လို့ လုပ်ဆောင် နေတဲ့ကျောင်းပဲ ဖြစ်ပါတယ်။ သွေးသောက်တို့ဘာတို့၊ ငပျုတွေကို လေ့ကျင့်ပြီး သူတို့နဲ့ တွဲလွှတ်နေတာပါ။ အဲ့ဒီ သုစိတ္တတို့ရဲ့ ကျောင်းပါ။ နောက်တချက်က စစ်ကိုင်းမှာဆို တန့်ဆည်နယ်ထဲက ဝါသ၀တို့လို ပုဂ္ဂိုလ်တွေပေါ့။ သေနတ်ကို ကိုင်ပြီးတော့ကို တကယ့်ကို တိုင်းသူပြည်သား လှူတာကိုစားပြီးတော့၊ အမျိုးဘာသာ သာသနာ ဇောင်းဝင်ပြီးတော့ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ပြန်သတ်နေတာ ဒီပုဂ္ဂိုလ်တွေပါ” လို့ မိန့်ကြားပါတယ်။
လက်ရှိမှာ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင် ၅၅၀ ဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော် ဦးဝါသ၀ အပါအဝင် မ.ဘ.သ ဆရာတော်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူ့စစ်အမည်ခံ ပျုစောထီးအဖွဲ့တွေကို စစ်ကိုင်းတိုင်းမှာ ဖွဲ့ စည်းနေကြပါတယ်။
လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ ဦးဝါသ၀ အပါအဝင် မဘသဘုန်းကြီးတွေကိုယ်တိုင် ကျေးရွာတွေအထိဆင်းပြီး စည်းရုံးဖွဲ့စည်း နေတာ ဖြစ်တယ်လို့ ဒေသခံတွေကလည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းမှာ မဘသ ဆရာတော်တွေ အနေနဲ့ လူသိများတဲ့ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ စတဲ့ သံဃာတော်တွေ ကလည်း စစ်ကောင်စီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ပျူစောထီး လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖွဲ့စည်းနေ ကြတယ်လို့ အစည်းရုံးခံနေရတဲ့ ဒေသခံတွေက ဆိုပါတယ်။
အခုလို ရဟန်းသံဃာတချို့ လူသတ်လက်နက်တွေကို ကိုယ်တိုင်ကိုင်တွယ်ရုံသာမက လူသတ် အဖွဲ့အစည်းကိုပါ ဦးဆောင်နေကြတာဟာ ဗုဒ္ဓလမ်းစဉ်နဲ့ သွေဖည်ပြီး၊ အများအမြင် မတင့်တယ်သလို၊ ဗုဒ္ဓဘာသာအပေါ် ယုံကြည် ကိုးကွယ်လိုမှုလည်း လျော့ကျသွားနိုင်တယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက် ဦးဆောင်ဆရာတော်တွေက မိန့်ကြားကြပါတယ်။
ဆရာတော် ဦးဝါယမက “သူ (ဦးဉာဏိဿရ) ပြောတဲ့ စကားကြီးက တော်တော်ဆိုးပါတယ်။ သူ့နောက်မှာ သံဃာ လေးသိန်းရှိတယ် မပူနဲ့တဲ့၊ ဘယ်သူမှ ဂရုမစိုက်နဲ့တဲ့။ ကောင်းပြီ ဘုန်းကြီးတွေအားလုံးက သူ့သီတဂူ တက္ကသိုလ်ကြီးမှာရော သူ့နောက်က အကုန်လုံး ရှိလို့လား။ သီတဂူ တက္ကသိုလ်မှာလည်း အမှန်တရားဘက်က ရပ်တည်တဲ့ ဘုန်းကြီးတွေ တပုံကြီး၊ ဗြောင်မဆန့်ကျင်တာပဲ ရှိတယ်လေ။ ဒါဆိုနိုင်ငံအဝန်းမှာရှိတဲ့ သံဃာတော်တွေက အမှန်တရား ကြိုက်ပေမယ့်၊ ရာခိုင်နှုန်းအရ အများကြီး မရှိလို့ မပါဝင်လာကြပေမယ့်၊ တကယ့် ပါဝင်လာကြတဲ့ စိတ်ထဲမှာ အမှန်တရားကို မြတ်နိုးပြီး၊ ပြည်သူကို ဒီလိုလုပ်တာကို မနှစ်သက်တဲ့ ရဟန်းသံဃာတွေများစွာ ရှိတယ်လေ” လို့ မိန့်ကြားပါတယ်။
ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာ မ.ဘ.သ ဆရာတော်အဖြစ် လူသိများတဲ့ ဦးဝါသဝဟာ ၂၀၂၁ နိုဝင်ဘာလ ကစလို့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ အမျိုးသမီး၊ အမျိုးသား ခန့်မှန်းခြေအင်အား ၈၀၀ ကျော်ထိရှိတယ်လို့ ဒေသခံ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မဘသဆရာတော်အဖြစ် လူသိများတဲ့ ဦးဝီရသူ အပါအဝင် ဒေသခံ မ.ဘ.သ ဆရာတော်တွေ ဦးဆောင်ပြီး စစ်ကိုင်းတိုင်းအတွင်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုများတဲ့ ကျေးရွာတွေကို လှည့်လည်ပြီး PDF တွေကို တိုက်ခိုက်ချေမှုန်းဖို့၊ ပျုစောထီးအဖွဲ့ထဲ ဝင်ရောက်ဖို့ စည်းရုံးဟောပြောမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆရာတော် ဦးမင်းသုညက “ဒီ မဘသ ဘုန်းကြီးတွေက ပုတ်စော်နံနေပြီ၊ ရက်စက်ယုတ်မာလွန်း အားကြီးတာကြောင့် ပြည်သူက မခံနိုင်တော့ဘူး၊ နှာခေါင်းပိတ်နေကြရပြီ၊ ပြည်သူတွေကနေ ဪ ငါတို့ကတော့ ပစ္စည်းလေးပါး လိုလေသေးမရှိအောင် လှူဒါန်းထားတာ ဓမ္မ အမှန်တရားဘက်က ရပ်မှာပဲ၊ လိုအပ်ရင် ငါတို့ရှေ့ မားမားမတ်မတ် ရပ်မှာပဲဆိုတဲ့ ယုံကြည်မှုတွေကို ချနင်းဖျက်ဆီး ပစ်လိုက်တာဗျာ၊ လုံး၀မကောင်းပါဘူး” လို့ မိန့်ကြားပါတယ်။
ဘာသာရေး အမြတ်ထုတ်မှု
စစ်ကိုင်းတိုင်း အတွင်းက PDF တွေကို တန်ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီရဲ့ အစီအမံနဲ့ တိုးချဲ့ဖွဲ့စည်းနေတဲ့ ပျူစောထီး အဖွဲ့ဝင်တွေထဲမှာ စစ်မှုထမ်းဟောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ အစွန်းရောက် ဘာသာရေးသမားဖြစ်တဲ့ မ.ဘ.သ လှုပ်ရှားသူတွေ ပါဝင်ပါတယ်။
အခုလို ပျူစောထီးအဖွဲ့တွေထဲမှာ မဘသဆရာတော်တွေ ပါဝင်ပတ်သက်လာတာဟာ စစ်ကောင်စီက ဘာသာရေးကို နိုင်ငံရေး အတွက် အမြတ်ထုတ်ဖို့ အသုံးချလာတာ ဖြစ်တယ်လို့ သံဃာတော်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ သုတေသီတွေက သုံးသပ်ကြပါတယ်။
ဆရာတော် ဦးမင်းသုည က “ဘုန်းကြီးဟေ့ဆိုတာ အဂတိ ၄ ပါး မလိုက်ရဘူးဗျ။ အမှန်တရားကို ရဲရဲရင့်ရင့် ပြောရဲရတယ်။ ဘုန်းကြီးရဲ့ အသက်ဟာ ဓမ္မပဲ၊ ဓမ္မမှာ ရဲရဲရင့်ရင့် မရှိဘူး။ ကိုယ့်ကို ပေးထားလို့ လှူထားလို့ဆိုတဲ့ မပြောရဲဘူးဆို ဒါဒီပုဂ္ဂိုလ်တွေဘက်က မလိုက်သင့်မှန်း၊ မှားမှန်း သိရက်နဲ့ ဒီပုဂ္ဂိုလ်တွေနောက်က လိုက်တာ ဘုန်းကြီးတွေက အဂတိတရား ပြန်စစ်ကြည့်ရင် အလွဲတွေများတယ်” လို့ မိန့်ပါတယ်။
ဆရာတော်က ဆက်ပြီး “စစ်အာဏာ ရှင်တွေက ကုလားမုန်းတီးရေး ထောင်ခြောက်ဆင်လိုက်တော့ ဒေါသဂတိထဲ တန်းဝင်တာပဲ။ အဲ့ဒီကနေ မုန်းသွားပြီဆိုတော့ စစ်အာဏာရှင်က လည်တယ်။ တခါတည်း သူတို့ထဲကို ထည့်ပြီးတော့ ဂျင်းထည့်ပေးလိုက်တာ။ NLD လက်ထက်ဆို ကုလားပါတီ ဖြစ်သွားမယ်၊ OIC က နောက်ကနေ ထောက်ပံ့နေတယ်။ ကုလားအားပေးဖြစ်တယ်ဆိုပြီး ထည့်လိုက်တဲ့ အခါကျတော့ ခုဏပြောတဲ့ အစ္စလာမ် ဘာသာကို မုန်းပြီးတဲ့နောက်မှာ NLD ကိုပါ မုန်းတီးရေး ထပ်လုပ်လိုက်တယ်၊ အဲ့ဒီမှာ ဘုန်းကြီးတွေက ဒေါသဂတိဟေ့ဆိုတဲ့ NLD ကို မုန်းကုန်ကြတာဗျ။ အဲ့မှာ မုန်းပြီး စစ်တပ်နောက်ကို လိုက်သွားကြတာ” လို့လည်း ထောက်ပြပါတယ်။
စိစစ်ကိုးကွယ်မှုတွေ ပိုများလာ
စစ်တပ်က အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ဆရာတော်ကြီးတွေနဲ့ မ.ဘ.သ ဆရာတော်တွေရဲ့ ရပ်တည်ချက် ကွဲပြားထင်ရှားလာတာနဲ့ အမျှ လူငယ်တွေဟာ လက်တွေ့ကျတဲ့ စိစစ်ကိုးကွယ်မှုတွေကို ရေးသားပြောဆိုလာကြတာ ရဲရဲတင်းတင်း ထောက်ပြဝေဖန်လာကြတာတွေကို မြင်တွေ့လာရပါတယ်။
ရန်ကုန်မြို့ခံ ကိုကြည်ထွန်း က “ဘာသာရေးနဲ့ ပတ်သက်ရင် အာဏာမသိမ်းခင်က ဘုရားတရား အမြဲလုပ်ဖြစ်တယ်။ နှစ်စဉ် တရားစခန်းဝင်တယ်။ ဒုန္လဘဝတ်တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမြင်က ပြောင်းသွားတာပေါ့။ သံဃာတော်တွေ၊ ဘာသာရေးအပေါ်မှာ ယုံကြည်မှုတွေ ကျဆင်းသွားတယ်။ ဘယ်လိုခံစားရတာလဲဆိုတော့ ကျနော်တို့ နာကြားခဲ့ရတယ်။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်ပေါ့။ အခု ဘာကြုံရလဲဆိုတော့ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ ကိုယ်ကကောင်းတာ လုပ်လည်း မကောင်းတာတွေချည်း ခံစားရတယ်။ နောက်ပြီး သံဃာတော်တွေကလည်း လူထုနဲ့ မရပ်တည်ပဲ အဓမ္မဘက်က ရပ်တည်လာတာတွေရှိတော့ ကျနော်တို့ အနေနဲ့ ဘာသာရေးရော၊ သံဃာအပေါ်ရော ယုံကြည်မှု မရှိတော့ဘူး” လို့ ဆိုပါတယ်။
သူက ဆက်ပြီး “သီတဂူလို နာမည်ကြီး ဘုန်းကြီးတွေ တော်တော်များများက အဓမ္မဘက်က ရပ်တည်လာတာ တွေ့လာရတယ်။ သူတို့ကတော့ဗျာ၊ သူတို့တသိုက် အဆင်ပြေဖို့နဲ့ သူတို့ဩဇာ တည်မြဲဖို့အတွက်ကို လူမိုက်ကို ပေါင်းဆိုလည်း ပေါင်းကြတာပဲလေ။ သူတို့ ဟောခဲ့တဲ့ တရားတွေနဲ့ဆိုရင် အခု သူတို့လုပ်ရပ်တွေက ပြောင်းပြန်တွေချည်းပဲလေ၊ အဲ့တော့ သူတို့နဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ပြောစရာကို မရှိတော့ပါဘူး” လို့ ပြောပါတယ်။
တိုင်းပြည် အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်တွေဟာ သံဃာတော်တွေကို လှူဒါန်းတာ၊ ဘုရားတည်၊ ကျောင်းဆောက်တာတွေကို လစဉ်တိုင်း လုပ်ပြပြီး စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေကတဆင့် ဆက်တိုက် ထုတ်ပြန်ပါတယ်။
တဘက်မှာလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်တပ်ကို မထောက်ခံတဲ့ ပြည်သူတွေရဲ့ ဘုရားကျောင်းတွေ၊ ဘလီတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို ပစ်ခတ်ဖျက်ဆီးတာ၊ ဆရာတော်တွေကို ဖမ်းဆီးတာတွေ လုပ်တဲ့ အပြင် ကလေးငယ်တွေ၊ အမျိုးသမီးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာ တွေ့ရပါတယ်။
ပြည်သူတွေရဲ့ အသိုက်အမြှုံတွေဖြစ်တဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေအပြင် အမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာ၊ ကလေးငယ်တွေကို သတ်ဖြတ်တာတွေကိုပါ လုပ်နေတာဖြစ်ပါတယ်။
ဆရာတော်ကြီးတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ခုချိန်ထိ ဟန့်တားဖို့ ဆုံးမဖို့ ပျက်ကွက်နေကြဆဲဖြစ်ပါတယ်။ ပြည်တွင်းက အခြေအနေတွေကို လျစ်လျူရှုပြီး ရုရှားနဲ့ စပိန်နိုင်ငံတို့မှာ စေတီသွားတည်ခဲ့တဲ့ ဖြစ်စဉ်အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဆရာမ မခင်သော်တာလင်း က “ကျမတို့ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်ပေါ့။ ကုသိုလ်ဆိုတာ ဘုရားတည်မှ၊ ကျောင်းဆောက်မှ၊ လှူမှ ဘာသာရေး နဲ့ ပတ်သက်တာ၊ သံဃာကို လှူမှဆိုတဲ့ အဲ့ဒီအကြွေးတွေပေါ့။ အခုဆိုရင်လည်း ဒီလောက်တိုင်းပြည်က မငြိမ်မသက် ဖြစ်နေ ပြီး၊ ဒုက္ခတွင်းထဲ ရောက်နေတဲ့အချိန်မှာ စပိန်နိုင်ငံမှာ ဘုရားတည်မယ်ဆိုတဲ့ သတင်းကြားရတော့ ကျမ အပြင်းထန်ဆုံးစကား သုံးရရင် အင်မတန် ရွံ့ရှာပါတယ်။ လေးစားကြည်ညိုစရာ တကွက်မှ မရှိဘူး။ အဲ့ဒါက ကျမအနေနဲ့ကတော့ သာသနာပြုတာ လုံး၀မဟုတ်ဘူးလို့ ယူဆပါတယ်” လို့ ဝေဖန်ပါတယ်။
စစ်အာဏာရှင်နဲ့ တသားတည်း ရပ်တည်ခဲ့ကြတဲ့ ဆရာတော်တွေအပေါ် လူပုဂ္ဂိုလ်တွေကသာ ကိုးကွယ်မှု ရပ်တန့်ခဲ့ကြတာ မဟုတ်ဘဲ ရဟန်းသံဃာတွေကလည်း ဖယ်ကြဉ်မှုတွေရှိနေပါတယ်။ ၈၈၈၈ လေးလုံးအရေးတော်ပုံတွင် လူထုနဲ့ အတည် ရပ်တည်ခဲ့ပြီး ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး တပါးက “ဦးဇင်းကျောင်းမယ် သီတဂူတို့ ဆေကိန္ဒတို့ အသံတွေ၊ ရုပ်တွေ လုံးဝမဖွင့်ရဘူးလို့ကိုမိန့်ထားတယ်” လို့ မိန့်ကြားပါတယ်။
ဆရာတော်က ဆက်ပြီး “အခု ဦးဇင်းမှာ အညာက တပည့်၊ ဒကာတွေရှိတယ်။ ရွာပြန်ချင်လို့ ရွာမရှိတော့ဘူး။ အိမ်မရှိတော့ဘူး။ ဘုန်းကြီးကျောင်းလည်း မရှိတော့ဘူး။ အကုန်စစ်တပ်က မီးရှို့တာခံလိုက်ရတယ်။ ဒါတွေ ကြားမြင်နေရတာ ဦးဇင်းမယ် ဆွမ်းတောင်မျိုမကျဘူး” လို့ မိန့်ပါတယ်။
မြဝတီမင်းကြီး ဆရာတော် ကတော့ လူငယ်တွေက ဘာသာရေးကို စိစစ်ကိုးကွယ်လာကြတာ၊ ဝေဖန်ထောက်ပြ ကြတာတွေအပေါ် ကြိုဆိုပြီး မှန်ကန်သင့်တော်တဲ့ လုပ်ရပ်အဖြစ် မိန့်ကြားပါတယ်။
မြဝတီမင်းကြီး ဆရာတော် က “ဥပမာ ပြောရရင် ဆေးဆိုတိုင်း သောက်ရမှာလား ဒိတ်လွန်နေတဲ့ ဆေးကိုသောက်လိုက်ရင် ဒုက္ခရောက်မှာပေါ့။ သောက်သင့် မှ သောက်ရမယ်။ ကိုယ်က သံဃာဆိုပြီး ယူဆဆက်ကိုးကွယ်နေတယ်၊ ဆက်သောက် နေရင် ဒုက္ခရောက်မှာပဲ မသောက်တဲ့ ငြင်းဆန်တဲ့ ကလေးတွေက မှန်တယ်။ အဲ့တော့ ဘုန်းကြီးတို့က ဝေဖန် တာကို ကြိုက်တယ်။ ဓမ္မစစ်ကို ရှာဖွေတော့မှာလို့ ဒီတိုင်းမြင်တယ်။ ဒါခေတ်အပြောင်းအလဲ လုပ်နေတယ်လို့ ခေါ်တယ်။ ဒါ ဘာသာရေး တော်လှန်ရေးကြီးလို့တောင် ဘုန်းကြီးတို့ ပြောချင်ပါတယ်” လို့ မိန့်ပါတယ်။
ဘာသာရေးနဲ့ ပတ်သက်ရင် မိရိုးဖလာ ကိုးကွယ်လာကြမှုများပြီး ဘာသာအသီးသီးရဲ့ ဘာသာရေးဆရာတွေ၊ ဘုန်းကြီးတွေထဲမှာလည်း ကောင်းသူရှိသလို အာဏာ၊ ဂုဏ်ဒြပ်၊ လဘ်လာဘနဲ့ ကျော်ဇောမှုတို့နောက်လိုက်နေကြသူတွေ ရှိတဲ့ အတွက် စိစစ်ဖို့လိုအပ်တယ်လို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ ဆရာတော်တွေက မိန့်ကြပါတယ်။
စစ်တပ်က ဒီတကြိမ် တိုင်းပြည်အာဏာသိမ်းယူမှု အပြီးမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လူငယ်တွေကြားမှာလည်း ပေါ်ပေါ်ထင်ထင် ဝေဖန်လာကြတာရှိသလို စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက်နေကြတဲ့ ဆရာတော်ကြီးတွေကို ကိုးကွယ်မှု ရပ်တန့်လိုက်ကြတဲ့ အထိရှိလာကြပါတယ်။
ကိုကြည်ထွန်းကလည်း “လူတွေက အဓမ္မဘက်က ရပ်တည်တဲ့သူတွေကို သူတို့စိတ်အာရုံထဲ သိပ် ပြီးမရှိကြတော့ဘူးဗျာ။ အခုချိန်မှာ လူတော်တော်များများ လူလတ်ပိုင်းတို့၊ လူကြီးပိုင်းတွေက အခုဘာတွေ လုပ်လာကြလဲဆို ရင် စာသင်တိုက်က ကိုယ်တော်တွေလောက်ကိုပဲ လှူဒါန်းတာ၊ ဆွမ်းကပ်တာတွေလောက်ပဲ တွေ့ရတော့တယ်။ ဟိုအရင်တုန်း ကဆိုရင် သီတဂူ ဆရာတော်တို့လို ပုဂ္ဂိုလ်တွေရဲ့ တရားတွေ TV မှာလာရင် လေးလေးစားစား ရှိကြတာပေါ့ဗျာ။ အခုဆိုရင် တော့ အဲ့ဒီလိုမျိုး မဟုတ်တော့ဘူး၊ ပြောင်းလဲသွားကြပြီ။ ငရဲကြီးမှာစိုးလို့ ဘာမှမပြောပဲ ချန်နယ်လိုင်း ပြောင်းတာတွေ လုပ်လာကြတယ်။ အဲ့လိုမျိုးတွေတော့ ကျနော်တို့ တွေ့လာရတာပေါ့ဗျာ။ ဒါကတော့ သူ့ရဲ့ ရပ်တည်ချက်ကြောင့်ပဲ လူတွေရဲ့ ရပ် တည်မှုကလည်း တဖြည်းဖြည်း ပြောင်းလာတယ်လို့ ကျနော်မြင်တယ်” လို့ ပြောပါတယ်။
တိုင်းပြည်ထဲမှာ အကျင့်သီလနဲ့ သတင်းသုံးနေထိုင်ကြတဲ့ ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေအများအပြား ရှိသလို အာဏာ၊ ဂုဏ်ဒြပ်၊ လဘ်လာဘပေါများကြွယ်ဝရေးတို့ အတွက် ဘာသာရေးကို အသုံးချနေကြတဲ့ ဆရာတော်တွေလည်း ရှိနေတာကြောင့် ဓမ္မထွန်းကားတဲ့ နိုင်ငံဖြစ်ပေါ်ရေးအတွက် စိစစ်ကိုးကွယ်ကြဖို့ စိစစ်ကိုးကွယ်ကြရန် မြဝတီမင်းကြီး ဆရာတော်က ပျံလွန်တော်မမူခင်မှာဘဲ မိန့်မှာသွားခဲ့ပါတယ်။
မြဝတီမင်းကြီး ဆရာတော်က “သာသနာကို မဝေဖန်ရဘူး၊ သာသနာကို ဝေဖန်ရင် အခုပဲ သာသနာကြီး ပျက်တော့မလို ဝေဖန်တာ၊ ဘိန်းကြွေးတာပဲ၊ ဘုရားက ဝေဖန်တာကို ကြိုဆိုတာ၊ မဝေဖန်ရင် သာသနာ ပျက်သွားမှာပေါ့။ အဲ့ဒါမှ နောက်မှာ တရားစစ်ကို ရှာလာလိမ့်မယ်။ အဲ့ဒါမှ ဓမ္မထွန်းကားတဲ့ နိုင်ငံ၊ ဓမ္မတည် ရှိတဲ့နိုင်ငံ ဖြစ်လာမှာ အခုကတော့ တရားပျက်ချင်တိုင်း ပျက်နေပြီ။ ဘုန်းကြီးတွေက စပျက်တာ” လို့ မိန့်ကြားခဲ့ပါတယ်။
You may also like these stories:
ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းသူ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
သတ္တမသင်္ဂါယနာ ပေါ်လာနိုင်သလား