ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစတင်ပြီး မြန်မာ့နိုင်ငံရေးတွင် အရေးပါသော ခေါင်းဆောင် ဖြစ်သည်။ နိုင်ငံ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ ရိုဟင်ဂျာ ပြဿနာအပေါ် အငြင်းပွားဖွယ် ရပ်တည်မှုအတွက် ဂုဏ်သိက္ခာညှိးနွမ်းရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သူရဲကောင်း၊ ၂၀၂၁ အာဏာသိမ်းမှုတွင် အာဏာလက်လွှတ်ခဲ့ရသော နိုင်ငံအကြီးအကဲ သို့မဟုတ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အနာဂတ်အကြောင်း ဆွေးနွေးရာတွင် ဗဟိုချက်သို့ ပြန်ရောက်လာသည်။
အာဏာသိမ်းပြီးနောက်တွင် အသက် ၇၇ နှစ် အရွယ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြားသည်ပင် သူ့ကို အခရာဟု မထင်ကြတော့ပေ။ အမျိုးသား ညီညွတ်ရေအစိုးရ (NUG) ဦးဆောင်သည့် လူငယ်မျိုးဆက်သစ် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများသည် ဆက်လက် ချီတက်နေပြီး ဒေါ်အောင်ဆန်းစုကြည်သည် သမိုင်းတွင်ကျန်ခဲ့ပြီဟု ယုံကြည်ကြသည်။ ထောင် ၃၃ နှစ် ချထားသည်ကို တစိတ်တပိုင်း လျှော့ပေခြင်းသည်ပင် သူ့ကို နိုင်ငံတကာ အာရုံစိုက်မှုဖြစ်စေရန် လုံလောက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုသည် မည်သည်နည်း။ အကျပ်အတည်းဖြစ်နေသော မြန်မာ၏အနာဂတ်ကို ပုံဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲ ဖြစ်စေနိုင်ပါသလား။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုသည် မည်သည်နည်း။ အကျပ်အတည်းဖြစ်နေသော မြန်မာ၏အနာဂတ်ကို ပုံဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲ ဖြစ်စေနိုင်ပါသလား။
မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့နှင့် သြဂုတ်လ ၁ ရက်နေ့အတွင်း အထက်ပါ မေးခွန်းများအတွက် အဖြေဖြစ်နိုင်သည့် ထူးခြားသောဖြစ်စဉ် လေးခုဖြစ်ပွားခဲ့သည်။
ပထမဖြစ်ရပ်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းကို ဇူလိုင်လ ၉ ရက်နေ့တွင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်အတွင်းတွင် တွေ့ဆုံခွင့် ပေးခဲ့သည်။ ထို တနာရီခွဲကြာ တွေ့ဆုံမှု၏ လျှို့ဝှက်ချက်များကို ပါဝင်သူ နှစ်ဦးနှင့် စစ်အာဏာပိုင်များသာ သိသည်။ သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုအကြောင်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပြီး နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဟု ၎င်းကပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို အချို့က ဝေဖန်ပြီး အချို့က အပြုသဘော ဖြစ်ပေါ်တိုးတက်မှုဟု ပြောသောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သဘောထား ကွဲလွဲနေပုံရသည်။
ဒုတိယဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ အစိုးရအိမ်တလုံးသို့ ရွှေ့ပြောင်းပြီး နေအိမ်အကျယ်ချုပ် ထားလိုက်ပုံရသည့်ဆိုသည့် မီဒီယာသတင်းများ မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီ ပြောခွင့်ရသူက ထိုသတင်းများကို အတည်မပြုပေ။
အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်အခြေအနေကို စတုတ္ထအကြိမ်အဖြစ် ခြောက်လ သက်တမ်းတိုးလိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်။
တတိယဖြစ်ရပ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်အခြေအနေကို စတုတ္ထအကြိမ်အဖြစ် ခြောက်လ သက်တမ်းတိုးလိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်။ ထိုသို့ ကြေညာခြင်းသည် စစ်ကောင်စီက နိုင်ငံကို ပုံမှန်အခြေအနေ ရောက်အောင်နှင့် ရွေးကောက်ပွဲ ကျင်းပနိုင်အောင် မလုပ်ဆောင်နိုင်ကြောင်း ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။ နှစ်ဖက်လုံး အကျပ်အတည်း ကျရောက်နေပြီး ကုလသမဂ္ဂကဖြစ်စေ၊ အာဆီယံကဖြစ်စေ သံတမန်ရေးအရ ဖြေရှင်းနိုင်ခြင်းမရှိဘဲ နိုင်ငံသည် ရှုပ်ထွေးသော ပစ္စုပ္ပန်နှင့် မရေရာသော အနာဂတ်ကို ရင်ဆိုင်နေရသည်။
စတုတ္ထဖြစ်ရပ်မှာ သြဂုတ်လ ၁ ရက်နေ့တွင် အစိုးရက အကျဉ်းသား ၇,၇၄၉ ဦးကို ထောင်နှစ်များ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ထောင်ဒဏ်လျှော့ပေါ့ပေးခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်တို့လည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ်ချထားသည့်အနက်မှ ၆ နှစ် လျှော့ပေးသည်။
ဦးဝင်းမြင့်ကို အမှု ၈ မှုအတွက် ထောင် ၁၂ နှစ်အနက် ၄ နှစ် လျှော့ပေးသည်။ ထိုခေါင်းဆောင် နှစ်ဦးလုံး ထောင်ဒဏ်များ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း နောက်ထပ် ထပ်မံလျှော့ပေါ့မည့် အလားအလာရှိကြောင်း အရိပ်အမြွက် ဖော်ပြနေသည်။ ထိုထင်ရှားသော ခေါင်းဆောင်များကို ယခင်ကပင် ဖမ်းဆီးထောင်ချထားရန် အကြောင်းမရှိသောကြောင့် ဥပဒေချိုးဖောက်ခြင်းသာဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။
ပိုမိုကျယ်ပြန့်သော နောက်ခံ
ကပြား ဒီမိုကရေစီ သို့မဟုတ် အကန့်အသတ်ရှိသော ဒီမိုကရေစီကျင့်သုံးသည့် ၂၀၁၁ ခုနှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဆယ်စုနှစ်တခုမှအပ မြန်မာတွင် ၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနောက်ခံဖြင့် အထက်ပါ ဖြစ်ပေါ်တိုးတက်မှုများကို ရှုမြင်ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရခြင်းသည် စစ်တပ်အတွက် မလုံခြုံမှုကို ဖန်တီးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားကာ NLD ကို ကန့်သတ်လိုက်ပြီး ပြည်သူများကို အကြမ်းဖက်သောကြောင့် အတိုက်အခံအင်အားစုသည် ပြည့်ဝသော ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် သေနင်္ဂဗျူဟာသစ် ချမှတ်ရသည်။
ထို့နောက် စစ်တပ်သည် ထိုရွေးကောက်ခံ ကိုယ်စားလှယ်များထံမှ အာဏာသိမ်းရန် လိုအပ်သည်ဟု ခံစားလာရသည်။ ထိုအချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားကာ NLD ကို ကန့်သတ်လိုက်ပြီး ပြည်သူများကို အကြမ်းဖက်သောကြောင့် အတိုက်အခံအင်အားစုသည် ပြည့်ဝသော ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် သေနင်္ဂဗျူဟာသစ် ချမှတ်ရသည်။
ရည်မှန်းချက် ပန်းတိုင်မှာ စစ်တပ်ကို အာဏာမှ ဖြုတ်ချကာ စစ်တန်းလျားသို့ ပြန်လည်ပို့ဆောင်ရေး ဖြစ်သည်။ သို့သော် မြန်မာမှ တစုံတရာသော အခြေအနေနှင့် ရှည်ကြာသော လူမျိုးစုရေး ကွဲလွဲမှုများကြောင့် ထိုရည်မှန်းချက်များသည် ကြိုမြင်နိုင်သောအနာဂတ်တွင် အောင်မြင်နိုင်မည်ဟု မယူဆနိုင်ပေ။
အတိုက်အခံအင်အားစုသည် ပြည်ပမှ မိတ်ဆွေများကိုသာ မျှော်လင့်ချက်ထားနေရသည်။ အနောက်နိုင်ငံများက ယခင်က လုပ်သည့်အတိုင်း စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် ယေဘုယျအားဖြင့် စစ်ကောင်စီထက် ပြည်သူလူထုကိုသာ ပိုမိုထိခိုက်စေသည်။
ကုလသမဂ္ဂသည် မြန်မာ့အရေးကို အကြိမ်ကြိမ် စဉ်းစားသုံးသပ်ခဲ့ပြီး မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းဖြင့် ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်ထိန်းသိမ်းရန် တိုက်တွန်းသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆုံးဖြတ်တခုကို ကန့်ကွက်သူမဲ့ အတည်ပြုခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အခြေခံကာ အဖြေရှာရန် အဓိကကျသည့် ဒေသတွင်း အဖွဲ့အစည်းအနေဖြင့် ပါဝင်ရေးအတွက် အာဆီယံကို ထောက်ခံအားပေးသည်။ အာဆီယံသည် အပြင်းအထန် ကြိုးစားသော်လည်း စစ်တပ်က ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများကြောင့် မြန်မာကို ဒီမိုကရေစီလမ်းကြောင်း ပြန်တင်ရာတွင် အောင်မြင်မှုမရပေ။
ပါဝင်ပတ်သက်သူများ၏ ဖော်ပြချက်များ
ထိုသို့သော နောက်ခံအခြေအနေတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများ၏ ဖော်ပြချက်များသည် ပိုမိုထင်ရှားလာသည်။
စစ်တပ်က ၎င်းတို့သည် ယခင်အတိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ထူထောင်နိုင်မည်ဟု ယူဆခဲ့သည်။ သို့သော် ထိုသို့ဖြစ်မလာပေ။
လွန်ခဲ့သော လ ၃၀ ခန့်က အာဏာသိမ်းချိန်တွင် စစ်တပ်က ၎င်းတို့သည် ယခင်အတိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ထူထောင်နိုင်မည်ဟု ယူဆခဲ့သည်။ သို့သော် ထိုသို့ဖြစ်မလာပေ။ ထို့နောက် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာသည်။
လူအများ ကြိုမြင်ထားသည့်အတိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နိုင်ငံတဝန်း မလုံခြုံမှုကြောင့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် NLD ကို တန်ဖိုးတခုပေးစေပြီး နိုင်ငံရေးလောကတွင် ပြန်လည်ပါဝင်နိုင်ကြောင်း ပြသသည့် ကနဦး ခြေလှမ်းများကို လှမ်းလာသည်။ ခေါင်းဆောင်ကြီးများက ပူးပေါင်းဆောင်ရွက်သည့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို သဘောတူပြီး လက်တွေ့ကျရန် စိတ်အားထက်သန်ပါက ၎င်းတို့လွတ်လပ်ခွင့် တဖြည်းဖြည်း ပေးမည်ဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အနည်းငယ် ထောင်ဒဏ် လျှော့ပေါ့ပေးခြင်းသည် အတိုက်အခံများ၊ အနောက်နိုင်ငံများနှင့် အာဆီယံကို သွေးခွဲရန် နည်းလမ်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများအပေါ် ထူးခြားသောသြဇာ ဆက်လက်ရှိနေသေးကြောင်း စစ်တပ်က သွယ်ဝိုက် အသိအမှတ်ပြုခြင်းကိုလည်း ထင်ဟပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတော့သော အတိုက်အခံအင်အားစုသည် ၎င်းတို့တွက်ကိန်းကို ပြန်လည်ပြင်ဆင်ရန် ဖိအားပေးခံနေရပြီ ဖြစ်သည်။
အထူးသဖြင့် အာဆီယံသည် အကျပ်အတည်းသစ်နှင့် ရင်ဆိုင်ရသည်။ မြန်မာပြဿနာအပေါ် ညီညွတ်မှုမှာ အဖွဲ့အတွင်း အစိတ်စိတ်အမွှာမွှာ ကွဲနေသောကြောင့် စက်တင်ဘာလ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အာဆီယံအနေဖြင့် ချဉ်းကပ်ပုံ ပြန်လည် ပြင်ဆင်သင့်သည်။ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ချက်ကို ရုတ်တရက် စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။ ထိုင်းနှင့် ဗီယက်နမ်သာမက မလေးရှားနှင့် ဖိလစ်ပိုင်ပါ အဖွဲ့ဝင် တနိုင်ငံချင်းစီက စစ်အုပ်စုနှင့် ဆွေးနွေးသည်ကိုလည်း အာဆီယံအနေဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။ မြန်မာမှ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းရှာရန် အဖွဲ့အနေဖြင့် တိုက်တွန်းပြီး ဆွေးနွေးပွဲ အဆင်ပြေချောမွေ့စေရန် ကူညီနိုင်မည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ လက်ရှိနိုင်ငံရေး အကျပ်းအတည်းကို ဒေါ်အောင်ဆန်းစုကြည်က မည်သို့ တုံ့ပြန်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်မှု ပြန်လည်ရသောအခါ နိုင်ငံအတွက် ကြီးမားစွာ အကျိုးပြုနိုင်သည်ဟု ယူဆလျှင် သဘာဝကျသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသူ နိုင်ငံရေးသမားဖြစ်ပြီး သမိုင်းက သူ့ကို မည်သို့ အကဲဖြတ်မည်ကို ကောင်းစွာသိသူ ဖြစ်သည်။ ထို့ကြောင့် သူ လွတ်လပ်မှု ပြန်လည်ရသောအခါ နိုင်ငံအတွက် ကြီးမားစွာ အကျိုးပြုနိုင်သည်ဟု ယူဆလျှင် သဘာဝကျသည်။ ထို့အပြင် သူသည် အာဏာသိမ်းမှုအတွက် ကျင့်ဝတ်ဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကိုလည်း သယ်ဆောင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အပေးအယူ ကျွမ်းကျင်ကြောင်း ပြသခဲ့ပါက ဗိုလ်ချုပ်များ အာဏာသိမ်းခြင်းကို ရှောင်ရှားနိုင်ခဲ့မည်ဟု အများအပြားက ယုံကြည်ကြသည်။
စာရေးသူ၏ အသေးစိတ် လေ့လာမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ဆက်ဆံမှုများကို အခြေခံပြီး “စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ဆန္ဒရှိသလောက် ချုပ်နှောင်ထားနိုင်သော်လည်း အုပ်ချုပ်ရေး ပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံရေးအဖြေရှာလိုပါက ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်ထံ ပြန်သွားပြီး တိုင်ပင်ဆွေးနွေးကာ သူ့အတွက် နေရာတခု ဖန်တီးပေးရမည် ဖြစ်သည်” ဟု လွန်ခဲ့သောနှစ်၊ သြဂုတ်လက စာရေးသူ ရေးသားခဲ့သည်။ ယခုတနှစ်ကြာသောအခါတွင် စာရေးသူက ထိုကောက်ချက်ကိုသာ ချသည်။
(WION ပါ Rajiv Bhatia ၏ Myanmar: Why the lady still matters ကို ဘာသာပြန်သည်။ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ )
You may also like these stories:
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး
မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ