ထိုင်း-မြန်မာကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးသို့ သွားသည့်လမ်းပိုင်းများမှာ ပျက်စီးမှုများ ဖြစ်နေသဖြင့် ကုန်ပစ္စည်းများကို အခြားလမ်းကြောင်းများမှ ပြောင်းလဲသယ်ဆောင်ခွင့်ပြုမည်ဟု စစ်ကောင်စီက ဆိုသော်လည်း အဆင်မပြေနိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး တောင်ပတ်လမ်းပိုင်း ပြိုကျ၍ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ယာယီရပ်တန့်ခဲ့ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် လိုင်စင်ရကုန်ပစ္စည်းများကို ထိုင်း-မြန်မာ မည်သည့်နယ်စပ်ဂိတ်ပေါက်ကမဆို သယ်ဆောင်ခွင့်ပြုမည် ဖြစ်သလို ပင်လယ်ရေကြောင်းမှလည်း ပြောင်းလဲသယ်ဆောင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သြဂုတ် ၉ ရက်က စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ကနဦး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ထွက်ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီနယ်စပ်ဂိတ်မှတင်သွင်းရန် သွင်း ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများကို ထိုင်း-မြန်မာ မည်သည့် နယ်စပ်ဂိတ်ပေါက်ကမဆို တင်သွင်း ခွင့်ပြုမည်ဖြစ်သော်လည်း ပင်လယ်ရေကြောင်းက တင်သွင်းပါက ကိစ္စရပ်တခုချင်းစီအပေါ် စိစစ်ပြီးမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း စစ်ကောင်စီက ထပ်မံ၍ ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်မှာပင် သွင်းကုန်လိုင်စင်တခု ရရှိရန် လဝက်နှင့်ချီ၍ စောင့်ဆိုင်းရသည့် အခြေအနေများဖြစ်ကြောင့် ယခု ခွင့်ပြုချက်ရပြီးသော သွင်းကုန်လိုင်စင်များကို ထပ်မံ၍ လျှောက်ထားပြီး အသစ် ခွင့်ပြုချက်တောင်းခံရမည် ဆိုပါက ကုန်သွယ်ရေးတွင် အခက်အခဲများသာ ပို၍ဖြစ်လာမည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုသည်။
မြဝတီမြို့ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တဦးက “ထိုင်းထွက်ကုန်တွေဆိုရင်တော့ တာချီလိတ်ရှိမယ်။ ကော့သောင်း ရှိမယ်၊ မြဝတီရှိမယ်ပေါ့။ တခြားဟာတွေတော့ ထီးခီးတို့ မောတောင်တို့ ဒါကတော့ အဓိကတော့ အကောက်ခွန်စခန်း ဖွင့်ထားတဲ့နေရာပေါ့ သွားလို့ရတယ်။ ပင်လယ်ရေကြောင်းကတော့ စိစစ်မယ်၊ ကန့်သတ်မယ်ဆိုတော့ လျှောက်ထား တဲ့ လိုင်စင်ကို ပြန်အပ်ပြီးရင် တခါ ပြန်လာလျှောက်၊ ပြီးမှ တခါဖွင့်ပေးမယ်ဆိုတော့ လိုင်စင်တစောင်ကို နှစ်ပတ်နဲ့ သုံးပတ် အနည်းဆုံး တလကြာတဲ့ လုပ်ငန်းစဉ်တခုကို အဆင်ပြေအောင် မလုပ်ဘဲ ထပ်လုပ်တယ်ဆိုတော့ လိုင်စင် ပေးတဲ့ အလုပ်ရယ်၊ ဂိတ်ပေါက်ပြောင်းလျှောက်တဲ့ အလုပ်ရယ် နှစ်ခုဖြစ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါအခက်အခဲများ ရှိနေသောကြောင့် လက်ရှိအချိန်ထိ ဂိတ်ပေါက်ပြောင်း တင်ပို့သည့်ကိစ္စကို မလုပ်သေးဘဲ စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြဝတီ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှ ကုန်သွယ်မှုတဆင့် တင်သွင်းနေသည့် ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဖိလစ် ပိုင်၊ ဩစတေးလျ အစရှိသည့် ကုန်စည်များကိုလည်း အခြားနည်းလမ်းဖြင့်ပြောင်း၍ တင်ပို့မည်ဆိုပါက ပင်လယ်ရေ ကြောင်းဘက်မှသာ အဆင်ပြေမည် ဖြစ်သော်လည်း ပင်လယ်ရေကြောင်းမှာ စိစစ်ပြီးမှ ခွင့်ပြုမည် ဖြစ်သောကြောင့် ကုန်သည်များ အခက်တွေ့နေသလို ထိုင်းနိုင်ငံမှ တင်သွင်းမည့် ကုန်စည်များမှာလည်း တာချီလိတ်ဘက်မှ ပြောင်းလဲ တင်ပို့မည် ဆိုပါက လမ်းကြောင်း ခရီးရှည်ခြင်း၊ ကုန်ကားအကြီးများ သွားလာရအဆင်မပြေခြင်း စသည့် အခက်အခဲ များ ရှိကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် လက်ရှိတွင် မြဝတီမြို့ရှိ ပို့ကုန်သွင်းကုန် လက်ခံဆောင်ရွက်ပေးသည့် ဂိုဒေါင်များမှာ နေရာ များ ပြည့်လျှံနေသလို လတ်တလော သွားနေသည့် လမ်းဟောင်းမှ ကုန်ကားအငယ်များနှင့် သယ်ယူနေသည့် အခြေ အနေမှာလည်း ယခင်က မြဝတီကုန်သွယ်ရေးဇုန် ဂိုဒေါင်အရောက် ကားငယ်တစီး ငွေကျပ် ၅ သိန်းဆိုပါက ယခုအချိန် တွင် ကျပ် ၆ သိန်း အစရှိသဖြင့် ရှိသင့်သည့် ဈေးနှုန်းထက် ပိုပေး၍ ပို့ဆောင်ခြင်းများလည်း ပြုလုပ်နေရကြောင်း ကုန် သည်များက ဆိုသည်။
ယင်းနှင့် ပတ်သက်၍ သွင်းကုန်လုပ်ငန်းရှင် တဦးက “ထိုင်းဘက်က ပြဿနာ မရှိဘူး။ ကားလမ်းကြောင်း အကုန် ကောင်းတယ်။ ကြားမှာကြန့်ကြာတာလည်း မရှိဘူး။ လမ်းမှာလဲ ပိုက်ဆံတောင်းတာ မရှိဘူး။ မြန်မာပြည်ရောက်မှသာ တာချီလိတ်က စသွားပြီဆိုရင်ရှိသမျှ ပိုက်ဆံပေးကမ်းရမှာတွေနဲ့ မြဝတီက ကုန်ကျစရိတ်နဲ့ တာချီလိတ်က ကုန်ကျ စရိတ် ပြန်တွက်ကြည့်ရင် ကုန်ပစ္စည်းပေါ်မှာပဲ ဈေးတက်သွားမှာ” ဟု လက်ရှိအခြေနေကို ပြောသည်။
ထို့ကြောင့် ကုန်သွယ်မှုနှင့် ပတ်သက်သည့်အခြေအနေမှာ မြဝတီ- အာရှလမ်း အဆင်ပြေမှသာ ကောင်းမွန်မည့် အခြေ အနေရှိကြောင်း၊ လက်ရှိတွင် ဒေါနတောင်လမ်းကြောင်းမှ အိမ်စီးကားနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်း သွားလာ သည့် အခြေအနေရှိသော်လည်း လမ်းပိုင်းအခက်အခဲ ရှိသဖြင့် ၆ ဘီးယာဉ်များကို ပေးမဖြတ်ကြောင်း သိရ သည်။
လက်ရှိတွင် လမ်းပိုင်း ပျက်စီးမှုများကြောင့်လည်း မြဝတီတက်မည့် ကုန်ကားအစီးရေ ၁၀၀ နှင့် ရန်ကုန်ပြန်ဆင်းမည့် ကုန်ကားများ မှာ ပိတ်မိနေသည့် အခြေအနေများ ရှိကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းထံက သိရသည်။
ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “အခုကတော့ ကုန်ကားတွေ ပိတ်မိနေတာပေါ့လေ။ သွားလို့လဲမရ တော့။ သူတို့ (စကစ) ပြောသလို တာချီလိတ်တို့ ဘာတို့ဘက်က ပြောင်းပြီးပို့မယ်ဆိုရင် လမ်းကြောကလည်း ရှည် တော့ အကုန်အကျလည်း များတယ်။ ရန်ကုန်နဲ့ မြဝတီဆိုရင်တောင် ရာသီဥတုနဲ့ လမ်းသာမယ်ဆိုရင်တောင် ညောင်ခါးရှည်မှာ စောင့်ရတာရှိတော့ အနည်းဆုံး ၁၅ ရက်လောက်ကြာတယ်။ အဲဒီတော့ တခြား မယ်ဆိုင်- တာချီ လိတ်ဘက်ကဆို အခုထက် ပိုကြာနိုင်တယ်။ တွဲကားတွေ သွားလို့ မရဘူး။ ၁၂ ဘီးလောက်ပဲ ရတယ်။ စရိတ်လည်း တက်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အခြေအနေများကြောင့် လက်ရှိတွင် ထိုင်းဘက်မှ မြန်မာဘက်သို့ ဝင်ရောက်သည့် လူသုံးကုန်၊ စားသောက် ကုန်၊ လျှပ်စစ်ပစ္စည်း အစရှိတို့မှာလည်း ကြန့်ကြာမှုနှင့် ထိုင်းဘတ်ဈေးအပြောင်းအလဲကြောင့် ၁၀ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းမြင့်တက်သွားကြောင်း ကုန်သည်များနှင့် သုံးစွဲသူများထံက သိရသည်။
ယင်းအခြေအနေများကြောင့် တချို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ မဲဆောက်- မြဝတီလမ်းကြောင်း အစား မယ်ဆိုင်- တာချီလိတ်လမ်းကြောင်းဘက်မှတဆင့် ပြောင်းလဲပို့ဆောင်လုပ်ဆောင်မှုများ ရှိနေသည်။
ထိုင်း-မြန်မာ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “လောလောဆယ်က မြဝတီက အဆင်းမရှိ/ အတက် မရှိဘူး။ လမ်းဟောင်းကလဲ ပရိုဘောက်တို့ ဆိုင်ကယ်လောက်ပဲ သွားတယ်။ အခုသွားရင် ဘန်ကောက်ကနေ မယ်ဆိုင်သွားပေါ့။ အဲဒီကနေမှ ရန်ကုန်ပြန်သယ်ပေါ့။ ဈေးနှုန်းကတော့ အပြောင်းအလဲ ဖြစ်သွားလိမ့်မယ်။ ရက်က လည်း အနည်းဆုံးတော့ ၁ ပတ်လောက်ကြာတယ်။ အခုရက်ပိုင်းပို့ရင်တော့ ရှေ့က အသုတ်တွေ ရှိနေတော့ ဒါတွေ ရောက်ပြီးမှဆို ခန့်မှန်းခြေ ၁၀ ရက်လောက်ကြာနိုင်တယ်” ဟု ပြော သည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်းမြေပြိုပျက်စီးမှုကို ယာယီဘေလီတံတားကို တလအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက ပြောဆိုကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။
ယင်းနှင့် ပတ်သက်၍ ကုန်သည်နှင့်ကုန်ကားလုပ်ငန်းရှင်များကမူ နယ်မြေတည်ငြိမ်မှုမရှိခြင်းနှင့် ယခုအချိန်သည် မိုးတွင်းကာလဖြစ်ခြင်း အစရှိသည်တို့ကြောင့် ဘေလီတံတားထိုးနိုင်ပါကလည်း ကားအသေးများသာ သွားနိုင်မည် ဖြစ်ပြီး ပုံမှန်အတိုင်း ကုန်ကားများ သွားလာရန်မှာ ကြာမြင့်နိုင်မည်ဟု သုံးသပ်ထားကြသည်။
You may also like these stories:
သွင်းကုန်ပစ္စည်းဈေးမြင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မြေပြိုမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်














