မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့၏ ကစားနည်းဟောင်းများကို ပြန်လည်သုံးနေသည်ကို သတိထားရန် လိုသည်။ ထိုဗိုလ်ချုပ်ဟောင်းများသည် ကစားနည်းဟောင်းကို ဖုန်ခါပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံးသည်။ ထို့ကြောင့် ၎င်းတို့ လှည့်စားမှု မခံရန် လိုသည်။
ယခင် မြန်မာစစ်အုပ်စု အဆက်ဆက်သည် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ၊ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ သို့မဟုတ် ပြည်တွင်း အုံကြွမှုများကို ရင်ဆိုင်ရတိုင်း ဖိအားသက်သာစေရန်၊ ပြည်သူလူထုအကြား ရှုပ်ထွေးမှုဖြစ်စေရန်နှင့် ကွဲပြားနေသော အတိုက်အခံနှင့် နိုင်ငံတကာ သဘောထားကို အင်အားချိနဲ့စေရန် ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာ သံတမန်များ သို့မဟုတ် ငြိမ်းချမ်းရေး အကျိုးဆောင်များကို အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးသည်။ မြန်မာစစ်အုပ်စုများအတွက် ဓားစာခံ သံတမန်ရေးသည် ကစားနည်းဟောင်းများအနက် တခုဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
လက်ရှိစစ်ကောင်စီသည် လူယုတ်မာများနှင့် စစ်ရာဇဝတ်ကောင်များအဖွဲ့ဖြစ်ပြီး နိုင်ငံကို စီမံရာတွင် လုံးဝ မကျွမ်းကျင်သော်လည်း ပြည်ပရေးရာများနှင့် ပတ်သက်သောကိစ္စများတွင် ကောက်ကျစ်တတ်သည်။
ဝိုင်းကျဉ်ခံရခြင်း၊ စီးပွားရေးပိတ်ဆို့မှုနှင့် ခံနိုင်ရည်ရှိသော လက်နက်ကိုင်ပုန်ကန်မှုတို့ဖြင့် ရင်ဆိုင်ရပြီး နောက်ဆုံးတွင် နေပြည်တော်မှ အပယ်ခံ ဗိုလ်ချုပ်များသည် ၎င်းတို့မဟာမိတ်တဦးကို ကမ္ဘာ့အကျော်ကြားဆုံး အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်နှင့် စိတ်မပါလက်မပါ တွေ့ဆုံခွင့်ပေးသည်။
စစ်ကောင်စီ၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး ရာထူးစွန့်လွှတ်ရတော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်သည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာသို့ ခိုးကြောင်ခိုးဝှက်သွားပြီး ထိုနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။
သူသည် ဖြုတ်ချခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ မြန်မာအကျပ်အတည်း ဖြေရှင်းရေးအတွက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းကို အားပေးကြောင်း မစ္စတာ ဒွန်က နောက်ပိုင်းတွင် ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရခြင်းသည် ကောင်းမွန်သော တွေ့ဆုံခြင်း ဖြစ်သည်ဟု သူကပြောပြီး မြန်မာအကျပ်အတည်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်” ဟုပင် ပြောလာသည်။
နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရခြင်းသည် ကောင်းမွန်သော တွေ့ဆုံခြင်း ဖြစ်သည်ဟု သူကပြောပြီး မြန်မာအကျပ်အတည်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်” ဟုပင် ပြောလာသည်။ စစ်ကောင်စီ ပြောခွင့်ရသူက ၎င်းတို့ နှစ်ဦးသည် တနာရီကျော်ကြာ လွတ်လပ်စွာ တွေ့ဆုံသည်ဟု ပြောသည်။
လွန်ခဲ့သော် နှစ်နှစ်ကျော်ကြာအချိန်အတွင်း စစ်ကောင်စီသည် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် တရုတ် အထူးသံတမန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးသောကြောင့် ယခု တွေ့ဆုံမှုသည် မှတ်သားဖွယ်ရာ ကောင်းသည်။ ထို့ကြောင့် စစ်ကောင်စီက မည်သည့်အတွက် မစ္စတာ ဒွန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသနည်း၊ မည်သည့်အတွက် ယခုအခါမှ တွေ့ခွင့်ပေးသနည်းဟု မေးစရာ ဖြစ်လာသည်။
ယခင်က တောင်းဆိုမှုများကို ပယ်ချရာတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်သည် ရာဇဝတ်မှုများကို တရားရင်ဆိုင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် နိုင်ငံတကာဧည့်သည်များနှင့် တွေ့ဆုံခွင့် မပေးသင့်ကြောင်း ဆင်ခြေပေးသည်။ ယခုအခါတွင် အဘယ်ကြောင့် ရာဇဝတ်မှုများကို တရားရင်ဆိုင်ရသူနှင့် တွေ့ခွင့် ပေးသနည်း။
မြန်မာစစ်ကောင်စီနှင့် ပြန်လည်ထိတွေ့ ဆက်ဆံရေးအတွက် မစ္စတာ ဒွန်က ဇွန်လတွင် အာဆီယံကိုယ်စားလှယ် အချို့နှင့် အစည်းအဝေးကျင်းပပြီးနောက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်သည်။ မြန်မာနှင့် အိမ်ရှင် ထိုင်းပြီးလျှင် လာအိုတနိုင်ငံတည်းကသာ နိုင်ငံခြားရေးဝန်ကြီးကို ထိုအစည်းအဝေးသို့ စေလွှတ်သည်။ အင်ဒိုနီးရှားနှင့် စင်ကာပူတို့က စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် အချိန်အခါ မကျရောက်သေးကြောင်းပြောပြီး ထိုအစည်းအဝေးကို လက်ရှောင်သည်။
၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစတင်ပြီး အာဆီယံအစည်းအဝေးများတွင် ပိတ်ပင်ခံထားရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော မြန်မာဗိုလ်ချုပ်များသည် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် စစ်ကောင်စီကို ဝေဖန်သူများအား အရှက်ခွဲရန် သံတမန်ကစားနည်းဟောင်းကို လုပ်ကြံစီစဉ်သည်။ အင်ဒိုနီးရှား အစိုးရသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား အုပ်စုများမှ ကိုယ်စားလှယ်များ အပါအဝင် မြန်မာအတိုက်အခံများနှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံသည်။
အင်ဒိုနီးရှားတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်းသည် တွက်ချက်လုပ်ဆောင်မှု ဖြစ်သည်။
အင်ဒိုနီးရှားတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်းသည် တွက်ချက်လုပ်ဆောင်မှု ဖြစ်သည်။ ဂျကာတာကို စော်ကားပြီး အာဏာသိမ်းချိန်မှ စတင်ကာ စစ်ကောင်စီကို အမြဲတမ်းကာကွယ်နေသည့် မစ္စတာ ဒွန်ကို ဆုလာဘ် ပေးခြင်းဖြစ်သည်။ အာဆီယံအားထုတ်မှုများနှင့် မဆိုင်ဘဲ တဖက်သတ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၏ မြန်မာဆိုင်ရာ Track 1.5 အစီအစဉ်သည် အလုပ်ဖြစ်သည်ဟု စစ်ကောင်စီက ယူဆကြောင်းလည်း ပြသနေသည်။
လတ်တလောတွင် မြန်မာစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်းဖြင့် နိုင်ငံတကာဖိအား လျှော့ချရေး၊ အာဆီယံကို သွေးခွဲရေးနှင့် အကျဉ်းစံ နိုင်ငံတော်အတိုင်ပင်ခံသည် စေ့စပ်ညှိနှိုင်းရေးကို တောင်းဆိုသည်ဆိုသည့် မစ္စတာ ဒွန်၏ ပြောကြားချက်ဖြင့် မြန်မာအတိုက်အခံများအကြား သွေးခွဲရေး ရည်မှန်းချက်များ အောင်မြင်နေပုံရသည်။ သို့သော် ထိုနည်းလမ်းသည် ရေရှည်တွင် အလုပ်ဖြစ်ပါမည်လား။
လာမည့်နှစ်တွင် လာအိုနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည် ဖြစ်သည်။ မြန်မာစစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည် ဝှက်ဖဲကို ယခုထုတ်သုံးပါက အာဆီယံအဖွဲ့အတွင်း အပြည့်အဝ ပြန်လည် ထည့်သွင်းခံရမည့် အခွင့်အလမ်းကို မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။ ထိုကိစ္စတွင် ထိုင်းနိုင်ငံက ကူညီနိုင်သည်။
အာဆီယံအဖွဲ့အတွင်း အကွဲအပြဲ ပိုမိုကျယ်ပြန့်စေသည့်အပြင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ညှိနှိုင်းရေးကို ထောက်ခံကြောင်း မစ္စတာ ဒွန်ကို ပြောခွင့်ပြုခြင်းဖြင့် ခုခံတော်လှန်ရေး အင်အားစုများအကြား ရှုပ်ထွေးမှုများဖြစ်စေရန် မျှော်လင့်နေကြောင်းလည်း ထင်ရှားသည်။
မစ္စတာ ဒွန်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့် သတင်းကို ကြားသောအခါ ပြည်တွင်းပြည်ပ အများပြည်သူအမြင်မှာ ရောထွေးနေသည်။ ပြည်ပအစိုးရ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသောကြောင့် စိတ်လှုပ်ရှားပျော်ရွှင်ရမည့်အစား ထိုသတင်းကို နက်ရှိုင်းသော သံသယဖြင့် စောင့်ကြည့်ကြသလို မစ္စတာ ဒွန်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကိုလည်း သံသယပွားကြသည်။
“ဒီလိုလှည့်ကွက်မျိုးကို ငါတို့အရင်ကလည်း တွေ့ခဲ့ဖူးတယ်” ဟု ခံစားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဆိုသည့် သတင်းစကားကို ကြားလူက ပြောဆိုသည့်အချက်သည် သဘောရိုးမဟုတ်ဟု လူအများအပြားက ယူဆသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင် အားလုံးက လေးစားနေဆဲဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် သုံးခု အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှုများကို ဆက်လက် လေးစားကြည်ညိုကြသည်ကို နားလည်ရန် အရေးကြီးသည်။
၂၀၂၁ ခုနှစ်တွင် သူ၏ အစိုးရဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဇာတ်ခုံမှ ဖယ်ရှားကာ မတရား ဖမ်းဆီးပြီး စွပ်စွဲချက်အတုများ ပြုလုပ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဒွန်တွေ့ဆုံပြီးနောက် အနာဂတ်တွင် သူ့ကို အခြားနိုင်ငံတကာ ဧည့်သည်များနှင့်လည်း တွေ့ဆုံပေးနိုင်သလို နေအိမ်အကျယ်ချုပ်တွင်လည်း ထားနိုင်သည်။
ထိုလုပ်နည်းလုပ်ဟန်များသည်လည်း ကစားနည်းဟောင်းများပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှ ဖြုတ်ချခဲ့သည့် စစ်ခေါင်းဆောင်များသည် ၎င်းတို့နှင့် မထိုက်တန်သည့် ချီးကျူးမှုများရရှိရန် သူ့ကို အများပြည်သူအာရုံစိုက်လာအောင် လုပ်သည့် လှည့်ကွက်ဟောင်းကို သုံးရုံမှတပါး အခြားရွေးစရာမရှိဟု ယူဆနေကြသည်။ ပြည်တွင်းပြည်ပမှ အတိုက်အခံများ မည်သို့ တုံ့ပြန်သည်ကို စောင့်ကြည့်ရုံသာရှိသည်။
အမှန်အားဖြင့် ထောင်တွင်းသို့ ရောက်သင့်သူများမှာ နေပြည်တော်မှ စစ်ရာဇဝတ်ကောင်များသာ ဖြစ်သည်။ လိမ်လည်မှုများ မိုးမွှန်အောင်ပြောရန် ၎င်းတို့ကို အာဆီယံ အစည်းအဝေးများသို့ မည်သည့်အခါမျှ တက်ရောက်ခွင့် မပြုသင့်ပေ။ သူတို့ကို ထိုသို့တက်ရောက်ခွင့်ပြုပါက ကျက်သရေကင်းမဲ့မှုပင် ဖြစ်သည်။ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက တနိုင်ငံလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အတိုက်အခံ လှုပ်ရှားမှုတွင် အဓိကခေါင်းဆောင်တဦး မဟုတ်တော့ပေ။ သူသည် နိုင်ငံ အထက်လွှာအသိုက်အဝန်း၏ တစိတ်တပိုင်း အမြဲဖြစ်ခဲ့ပြီး အာဏာရသောအခါ ထိုအနေအထားကို ဆက်လက်ထိန်းရန် စစ်ကောင်စီကို ကာကွယ်ခြင်းဖြင့် အပေးအယူ လုပ်ခဲ့သောကြောင့် မြန်မာပြည်သူအများအပြားနှင့် နိုင်ငံတကာအသိုက်အဝန်းကိုပါ စိတ်ရှုပ်ထွေးစေပြီး ဝေဖန်သူများ ပေါ်ပေါက်လာစေသည်။ ထင်ရှားသောကိစ္စတခုမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချရန် ငြင်းဆန်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် အပေးအယူလုပ်ရန် ရည်ရွယ်ချက် မရှိပေ။
ယခုတကြိမ်တွင် ပြဿနာမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဖြစ်သည်။ စစ်အုပ်စုကို ကာကွယ်ရန် သို့မဟုတ် ရာဇဝတ်ကောင်များနှင့် ကျေအေးသင့်မြတ်ရန် ခက်ခဲသည်ကို သူတွေ့ရမည်ဖြစ်ပြီး ခုခံတော်လှန်ရေး လှုပ်ရှားမှုအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ခေါင်းဆောင်မှုကို မေးခွန်းထုတ်နေသည့် ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည်။
ယနေ့တွင် စစ်ကောင်စီသည် ပြည်သူများနှင့် စစ်ဖြစ်နေသည်။ နိုင်ငံတဝန်းတွင် ကျယ်ပြန့်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် တချိန်တည်းတွင် မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်ဟု ပြောနေသည်။
ယနေ့တွင် စစ်ကောင်စီသည် ပြည်သူများနှင့် စစ်ဖြစ်နေသည်။ နိုင်ငံတဝန်းတွင် ကျယ်ပြန့်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် တချိန်တည်းတွင် မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်ဟု ပြောနေသည်။ မြန်မာပြည်သူများက စစ်ကောင်စီကို ဘုံရန်သူ လူသတ်မုဒိမ်းစစ်အုပ်စုဟု မြင်ကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် အမှန်တကယ် ကြေကွဲစရာကောင်းသော ဇာတ်လမ်းဖြစ်သည်။ ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် သူ၏ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အငိုက်မိစေပြီး တားဆီးခြင်း၊ တန်ပြန်ခြင်း မပြုနိုင်တော့ပေ။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က တစိတ်တပိုင်းအားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ သူနှင့် သူ့ပါတီသည် ပြည်တွင်းပြည်ပမှ အများအပြားကို စိတ်ပျက်စေခဲ့သည်။ အနာဂတ် ဒီမိုကရက်တစ် ခေါင်းဆောင်မှုဖြစ်သည့် ယနေ့ခေတ် ခုခံတော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်နေသည့် မျိုးဆက်များက သူ၏ စကားကို နာထောင်မည်ဟု မယူဆနိုင်တော့ပေ။
အာဏာသိမ်းပြီးနောက်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ အခြား များပြားလှသော ရာဇဝတ်မှုများနှင့် အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် တနိုင်ငံလုံးတွင် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအတွက် ပြန်လမ်းမရှိပေ။
စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အာဆီယံက ပြစ်တင်ရှုတ်ချခြင်းသည် မှန်ကန်သော်လည်း မြန်မာတွင် ပြည်သူ့ဆန္ဒကို ပြန်လည်ထိန်းသိမ်းရန်နှင့် စစ်ကောင်စီကို အပြစ်ပေးရန် ထိုထက်မက ပိုမိုလုပ်ဆောင်ရမည် ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာ့မိတ်ဆွေများသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အပေါင်းအပါ ခရိုနီများ အပါအဝင် စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေး ဖိအား ပိုမိုပေးရမည် ဖြစ်သည်။ မြန်မာပြည်သူများသည် လူသတ်စစ်ကောင်စီ၏ ကျေးကျွန်များ မဖြစ်လိုကြပေ။
ထိုအချက်သည် ပြည်သူများ၏ လိုလားချက်ဖြစ်သည်။ ပြည်သူများသည် စစ်ကောင်စီနှင့် ၎င်းတို့၏ လူယုတ်မာများကို ကြေအေးခြင်း၊ အသိုင်းအဝိုင်းအတွင်း ပြန်လည် လက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းကို မလိုလားကြပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Myanmar Regime Up to Its Old Tricks, Playing the Suu Kyi Card ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်
မြန်မာ့အရေး ထိုင်းနှင့် အာဆီယံ အပြိုင်ဖြစ်ပြီး အကွဲအပြဲ နက်ရှိုင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ