အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တက်ရောက်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဂျပန်သတင်းဌာနက ကျိုဒိုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရေးအတွက် ကြိုတင်သတ်မှတ် ချက်များမပါဘဲ တွေ့ဆုံဆွေးနွေးပွဲများကို ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုလိုက်ကြောင်းရေးသားခဲ့ပါတယ်။
သူတို့ရဲ့ အမှန်တကယ်တွေ့ဆုံမှုရှိခဲ့တဲ့ဆိုရင် စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို ကုလသမဂ္ဂ၊ တရုတ်နဲ့ အာဆီယံအဆင့်မြင့် ကိုယ်စားလှယ်များက တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုမှုတွေကို အစဉ် တစိုက် ငြင်းပယ်ခဲ့တဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားရေးကိုယ်စားလှယ်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်တွေနဲ့ ပတ် သက်ပြီး မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ သဘောထားအမြင်၊ သုံးသပ်ချက်တွေကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက် ပါတယ်။
ဒေါ်ဇင်မာအောင်
နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊
ဒီခရီးစဉ်က သေချာတာကတော့ စစ်ကောင်စီရဲ့ အသံကို သူသယ်ယူလာဖို့ လုပ်တဲ့ ခရီးစဉ်လို့ ကျမတို့ အစောကတည်းက သုံးသပ်မိပါတယ်။တကယ်တမ်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံအထူးကိုယ်စား လှယ်ကသာ ဖြစ်သင့်ပါတယ်။ ဘာတာဝန်မှမရှိတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘာကိုကိုယ်စားပြုပြီးတော့သွားတွေ့တာလဲ၊ ဘာတာဝန် အရ သွားတွေ့တာလဲဆိုတာ ကျမတို့ အကြီးအကျယ် မေးခွန်းထုတ်စရာ ရှိတယ်။
ဒါက ကျမတို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အကူအညီမပေးရုံသာမကဘဲနဲ့ ဒေသတွင်း အာဆီယံရဲ့ စည်း လုံးညီညွတ်မှုကိုပါ ပျက်ပြားစေနိုင်တဲ့ ချဉ်းကပ်မှုမျိုး ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံတွေ့ဆုံခြင်း ရှိ မရှိဆိုတာကိုလည်း ကျမတို့အခုအထိ အတည်ပြုလို့ မရ သေးပါဘူး။ တဖက်သတ်စကားကြီးပဲ ဖြစ်နေတာ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်၊ မတွေ့ခဲ့ဘူးဆိုရင် ဒါက နှစ်ဦးနှစ်ဖက်ဖြစ်တဲ့အတွက် သတင်းထုတ်ပြန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါ နှစ်ယောက် သတင်း ထုတ်ပြန်ရပါလိမ့်မယ်။ အဲဒီတော့ အခုဟာက တဖက်သတ်ကြီးပဲ ဖြစ်နေတယ်။
ဦးအောင်ဆန်းမြင့်
အတွင်းရေးမှူး-၂၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)
ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီသတင်းအပေါ်မှာ တိတိကျကျတော့ မရဘူး။ သို့သော်လည်းပဲ နှစ်ဖက်က ထွက်လာတဲ့သတင်းတွေအပေါ်မှာ သုံးသပ်တာတွေတော့ ရှိပါတယ်။ဒီကနေ့ National Dialogue တွေ့ဆုံဆွေးနွေးရေးဆိုတာ အခြေခံရမယ့်မူတွေကို အရင်ဆုံးချဖို့ လိုတယ်။ ကြိုတင်ပြင်ဆင်မှု မရှိဘူး ဆိုတာ တော့ မဖြစ်နိုင်ဘူး။
အဲဒီအတွက်ကြောင့် ဒီကနေ့ ဆွေးနွေးမယ့်ဟာကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့မှ ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာက ဝေးသ ထက် ဝေးနေဦးမယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးက ဝေးနေဦးမယ်။ ဘာကြောင့်လဲဆိုရင်၂၀၀၈ ဖွဲ့စည်းပုံ က စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ရေးနဲ့ တိုင်းပြည်အာဏာကို ဆက်လက် ကိုင်တွယ်ရေးအတွက်ကိုပဲ အာမခံ ပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒီအပေါ်မှာ အခြေခံပြီးတော့မှနိုင်ငံရေးကို ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ကတော့ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ လူပုဂ္ဂိုလ်တဦးတယောက်နဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖြေရှင်းလို့တော့ မဖြစ်နိုင်ဘူး ပေါ့နော်။
ဒေါက်တာ တေဇာဆန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)
ပထမဆုံး ပြောချင်တာက ဒီသတင်းရဲ့ ခိုင်လုံတိကျမှုပေါ့၊ တွေ့ခဲ့တယ်ပဲပြောပြော၊ မတွေ့ဘူးလို့ပဲပြောပြော။ ဒီသတင်း ကြောင့် အခုကျနော်တို့ ပြည်သူ့တော်လှန်ရေး ဘာဖြစ်နိုင်မလဲဆိုရင် ဘာမှထူးခြားတဲ့ အပြောင်းအလဲတော့ ဖြစ်စရာ အကြောင်း မရှိပါဘူး။ ဒီစစ်အုပ်စုက အခုဆိုရင် စစ်ရေးမျက်နှာစာပဲကြည့်မလား၊ နိုင်ငံရေး မျက် နှာစာကြည့်မလား၊ စီးပွားရေး မျက်နှာစာကြည့်မလား အထွေထွေအကျပ်အတည်း ဆိုက်နေတော့ ထွက်ပေါက်တွေ ရှာတာပေါ့ဗျာ၊ တနည်းပြောရရင် အသက်ရှုပေါက် ရှာတာ။
ကျနော်တို့ ယုံကြည်ပြီးသားပါ။ အခု တော်လှန်ရေးက သာမန်အစိုးရပြောင်း၊ မင်းပြောင်းမင်းလွဲဖို့ ရည်ရွယ်ခြင်းလည်း မဟုတ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း အကောင်အထည်ဖော်ဖို့လည်း မဟုတ်၊၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်ဝင်ရုံ ပြန်ရောက်အောင် ရည်ရွယ်ပြီး ချီတက်နေတဲ့တော်လှန်ရေး မဟုတ်ပါဘူး။ ကျနော်တို့က ခေတ်ပြောင်း၊ စနစ် ပြောင်းကို သွားချင်တာ ဖြစ်တယ်။ ဒီအထွေထွေ အကျပ်အတည်းဆိုက်နေတဲ့ စစ်အုပ်စုကတော့ ပြည်သူလူထုအာရုံထွေ ပြားအောင် လုပ်တဲ့လုပ်ရပ်တွေပါပဲ။ ကျနော်တို့ ပြည်သူလူထုကတော့ ပြည်သူ့ နွေဦးတော်လှန်ရေးကြီးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရရာနည်းလမ်းပေါင်းစုံ တော်လှန်ခရီးကို ချီတက်နေမှာ ဖြစ်တယ်။
ဒေါ်တင်တင်ညို
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့၊ အကြံပေး
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆိုတာက အာဆီယံကိစ္စတွေနဲ့ ချိတ်ဆက်ပြီးတော့ သွားတွေ့တယ်ဆိုပေမယ့် တကယ်တော့ သူ့မှာ ဘာ Mandate မှ တရားဝင်မရှိဘူးလေ။ တွေ့ခဲ့တယ်ဆိုရင်တောင် အလွတ်သဘောတွေ့ခဲ့တာဖြစ်တဲ့အတွက် ကြောင့် နိုင်ငံရေးအရ ဆွေးနွေးမှုတွေက တစုံတရာသက်ရောက်မှု၊ အတည်မှတ်ယူတာ ပြုလုပ်ဖို့ ခက်တယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ့် အနေအထားကိုတော့ ပြည်သူတွေအနေနဲ့ရော တော်လှန်ရေးအင်အားစုတွေကရော လက်ခံထားမှု မရှိဘူး။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တာပဲ။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေး စကားဝိုင်းက ကျမတို့နိုင်ငံအတွက် ကောင်းမွန်တဲ့ဖြေရှင်းချက်တခု ဘယ်တုန်းကမှ မပေးနိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က လည်း တွေ့ဆုံဆွေးနွေးမှုမျိုးကပဲ ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ ပြောဆိုချက်တွေကလည်း ဘယ်လောက်အထိ မှန်ကန်မယ် လို့ တပ်အပ် မပြောနိုင်ဘူး။ အကယ်၍ ပြောခဲ့မယ်ဆိုရင်လည်း ပြည်သူတွေ တကယ်သွားချင်တဲ့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ပူးပေါင်း လုပ်ဆောင်မှာ မဟုတ်ဘူး။
ဒေါ်နှင်းနှင်းမွှေး
တွဲဖက် အထွေထွေအတွင်းရေးမှူး ၁
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
ကြိုတင်သတ်မှတ်ချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြောတဲ့အပေါ်မှာ ဘယ်လောက်မှန်တယ်၊ မမှန်ဘူး ဆိုတာကိုတော့ ကျမတို့က ပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တဆင့်စကားကြားရတာ ဖြစ်ပါတယ်။
စစ်အုပ်စုက အခုအခြေအနေမှာ အဘက်ဘက်မှာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်။ ဒီလိုအခြေအနေ မျိုးကနေ ထွက်ပေါက်ရနိုင်ဖို့ရာမှာ သူတို့နဲ့ နီးစပ်တဲ့ ရင်းနှီးတဲ့ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ရှိနေတဲ့ ထိုင်းနိုင်ငံကနေတဆင့် ဒီလိုအသံမျိုးကို ထုတ်လာတယ်ဆိုတာက သိပ်ပြီးတော့ ဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ နောက်ဆုံး တချက်အနေနဲ့ ပြောချင်တာကတော့ ဘယ်လိုကိစ္စရပ်မျိုးက ဆောင်ရွက်သည်ပဲ ဖြစ်ပါစေ လူထုရဲ့ အသံ၊ လူထုရဲ့ ဆန္ဒမပါ ဘဲနဲ့ နွေဦးတော်လှန်ရေးရဲ့ တကယ့်ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လွဲချော်သွေဖီစေတဲ့ ကိစ္စမျိုးတွေကို မဆောင်ရွက်ကြဖို့ ဘယ်လိုလူ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို သတိထားဆောင်ရွက်ကြမှာ ဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ကျမအနေနဲ့ အထူးပြု ပြီး ပြောချင်ပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည်
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ အစည်းအဝေးကိုသယ်သွားတယ်ဆိုကတည်းက ထိုင်းအစိုး ရရဲ့ လက်ရှိမူနဲ့ ကိုက်နေလို့ဆိုတဲ့၊ သူတို့လိုချင်တဲ့အဖြေကို ရလိုက်လို့ဆိုတာကို ဒီသတင်း ထွက်ထွက်ချင်းမှာ သုံးသပ်ပါ တယ်။ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ဦးဆောင်ပြီးတော့ သွားနေတာ။ အင်ဒိုနီးရှား ဦးဆောင်နေတယ်ပေါ့။ ဒီကာလမှာ ထိုင်းနိုင်ငံက 1.5 Track တို့လိုအစည်းအဝေးပွဲတွေကို ဦးဆောင်ကျင်းပပြီးတော့ အခုလိုမျိုး ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့တယ်ဆိုတဲ့ ကိစ္စရပ်တွေက အာဆီယံရဲ့ လမ်းကြောင်းကို သွေဖယ်ပြီးတော့ အာဆီယံတည်ရှိမှုကို ချိုးနှိမ်လိုက်တာ ဖြစ်တယ်။ အာဆီယံအကွဲအပြဲကို ကြားထဲမှာ ပိုမြင်ရလိမ့်မယ်။
ကြိုတင်သတ်မှတ်ချက်မပါတဲ့ ဆွေးနွေးပွဲက ဖြစ်နိုင်တာပေါ့။ ဖြစ်လည်းဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာ၊ ရင်ကြားစေ့ရေးမူရှိတဲ့အုပ်စုတွေအတွက်ကတော့ ဖြစ်နိုင်တာပေါ့။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ဒီစကားပြော တယ်ဆိုရင် သူကိုယ်စားပြုတဲ့ NLD နဲ့ NLD ထောက်ခံတဲ့ အသိုင်းအဝိုင်းနဲ့ စစ်အုပ်စုက ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျန်တဲ့လူနည်းစု တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာလည်း တော်လှန် ရေးက ရပ်မသွားဘူး။ အခုဆို ပိုတောင်မှ အားကောင်းလာသေးတော့ လူနည်းစု ဖိနှိပ်ခံအသိုင်းအဝိုင်းကတော့ မဖြစ်နိုင်ဘူး ပေါ့။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားလွှတ်တော်ချုပ်၌ ကြားနာ
နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ