အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှု ၅မှုနှင့် စွပ်စွဲကာ ထောင်ဒဏ်ချမှတ်ထားခြင်းနှင့် ပတ်သက်၍ ရာဇဝတ်အယူခံအဖြစ် ယနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ နှစ်ဖက်လျှောက်လဲ ကြားနာသည်။
တရားလွှတ်တော်ချုပ်နှင့် နီးစပ်သူတဦးက “အယူခံ နှစ်ဖက်လျှောက်လဲချက် အပြန်အလှန်ပြောခဲ့ကြတယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကတော့ စွပ်စွဲချက်တွေက ပြဋ္ဌာန်းဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အပြီးသတ်လွှတ်ပေးဖို့ လျှောက် လဲခဲ့ကြ တယ်။ ဒီဘက်(စစ်ကောင်စီ)ကလည်း မလွှတ်ပေးဖို့ပြောတာပေါ့” ဟု ပြောသည်။
ယနေ့ အယူခံနှစ်ဖက်ကြားနာမှုနှင့်ပတ်သက်ပြီး နောက်တကြိမ်ရုံးချိန်း၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တစုံတရာဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ရဟတ်ယာဉ်တစင်း ငှားရမ်းခြင်း ဝယ်ယူခြင်းခဲ့နှင့် ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ကာ သုံးစွဲခွင့် မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲဝယ်ယူသဖြင့် နိုင်ငံတော် ငွေကြေးဆုံးရှုံး နစ်နာမှုများ ရှိခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှု ၅ မှု တရားစွဲခဲ့ခြင်း ဖြစ်သည်။
ယင်းတရားစွဲမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်ထက် ဒုသမ္မတအဖြစ် ဆက်လက်တည်ရှိနေသူ ဦးဟင်နရီဗန်ထီး ယူ ကိုယ်တိုင်က ကယ်ဆယ်ရေးရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စရပ်များတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ် နည်းများနှင့်အညီသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး၌ သက်သေထွက်ဆိုခဲ့သော်လည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်၌ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။
ဦးဟင်နရီဗန်ထီးယူသည် ကယ်ဆယ်ရေးရဟတ်ယာဉ်ဝယ်ယူခဲ့စဉ်က NLD အစိုးရ ဒုသမ္မတ-၂ ဖြစ်ပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲတရားစွဲဆိုခဲ့သည့် အမှု ၁၉ မှုအတွက် ထောင် ဒဏ် ၃၃ နှစ် ချမှတ်ခံရကာ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အချုပ်ထောင်၌ အကျဉ်းချခံထားရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း စစ်ကောင်စီ စွပ်စွဲတရားစွဲဆိုသည့်အမှု ၈ မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံ ထားရပြီး တောင်ငူအကျဉ်းထောင်တွင် အကျဉ်းချခံထားရသည်။
You may also like these stories:
နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း
အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို နှိပ်ကွပ်၍ မရ
ဒေါ်အောင်ဆန်းစုကြည် အယူခံမှုများ တရားလွှတ်တော်ချုပ်၌ ယခုလအတွင်း ကြားနာမည်
အမျိုးသမီးများနေ့၌ စစ်ခေါင်းဆောင်ပြောသောမိန့်ခွန်း လက်တွေ့နှင့် ကွဲလွဲနေ