မြန်မာ့စီးပွားရေးသည် အာဏာသိမ်းစစ်ကောင်စီလက်ထက် အချိန် ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပင် အဖက်ဖက်မှ ယိုယွင်း ပျက်စီးကာ အထွေထွေသော အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသည်။
စစ်အာဏာသိမ်းအပြီး တိုင်းပြည်ဖွံ့ဖြိုးမှုနှုန်း ၁၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ၂၀၂၂ ခုနှစ်အတွက် ၃ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်က တွက်ချက်ထားသည်။ မြန်မာကျပ်သည် ဒေါ်လာနှင့်ယှဉ်လျင် ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏တန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့ရသည်။
ပြည်သူလူထုမှာ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ခါးစည်းနေခံရပြီး ဘဝရပ်တည် ရှင်သန်ရေးအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးလျက်ရှိသည်။
အနုတ်လက္ခဏာပေါင်းများစွာနှင့် ကမောက်ကမ နိုင်လှသော လက်ရှိ တိုင်းပြည် စီးပွားရေး အခြေအနေများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အရပ်သား အစိုးရ လက်ထက်က မြန်မာ့စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြသူများကို ပြန်၍ အမှတ်ရစေမိသည်။
စီးပွားရေး လုပ်ငန်းများဘက်တွင်လည်း ဈေးကွက်အပေါ် အမိန့်ပေး ထိန်းချုပ်မှုများကြောင့် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဈေးကွက် စီးပွားရေးစနစ်မှာ ပိုပြီး အားနည်းလာနေသည်။
အနုတ်လက္ခဏာပေါင်းများစွာနှင့် ကမောက်ကမနိုင်လှသော လက်ရှိ တိုင်းပြည် စီးပွားရေး အခြေအနေများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အရပ်သား အစိုးရ လက်ထက် မြန်မာ့စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်သော စီးပွားရေးဝန်းကျင်တခု စီမံ ဖန်တီးနိုင်စွမ်းရှိသူများအား အမှတ်ရစရာဖြစ်သည်။
NLD အစိုးရသက်တမ်း ပထမ ၃ နှစ်တာကာလအတွင်းမှာ မြန်မာ့စီးပွားရေးသည် တုံ့ဆိုင်းနေသည့် အခြေအနေများ ရှိခဲ့ သော်လည်း တာဝန်ယူခဲ့သော သက်တမ်းအတွင်း၌ ဖြစ်ပေါ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာကောင်းများစွာ ရှိနေမှုများက မည်သူမှ ငြင်း၍ရမည် မဟုတ်ပါ။
တိုင်းနှင့် ပြည်နယ်အသုံးစရိတ်များကို ပိုမိုခွဲဝေ အသုံးပြုလာနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုးစပြု လာခြင်း၊ ကုန်သွယ်ရေး လိုငွေကွာဟချက် လျော့ကျလာခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ဆောင်ရွက်ထား နိုင်ခြင်းနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် တည်ငြိမ်သော စီးပွားရေးမူဝါဒများကို ပွင့်လင်းမြင်သာမှုရှိစွာ ချမှတ် နိုင်ခဲ့ခြင်းတို့က NLD အစိုးရ လက်ထက် စီးပွားရေး အခြေအနေပင် ဖြစ်သည်။
ထိုသို့ နိုင်ငံ့စီးပွားရေးကို တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ထွက်ပြီး ဦး ဆောင်လုပ်ဆောင်ခဲ့သူများရှိသလို နောက်ကွယ်မှ အစိုးရ စီးပွားရေး မူဝါဒများကို အကြံဉာဏ်များပေး၍ လုပ်ဆောင်ခဲ့သူများလည်း ရှိသည်။
ထိုအထဲမှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ယုံကြည်လက်ခံနိုင်ဖွယ်မရှိသော အမှုများဖြင့် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအကြောင်း တင်ပြချင်သည်။
စီးပွားရေးပဲ့ကိုင် ဦးစိုးဝင်း
၂၀၁၈ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း အဂတိလိုက်စားမှုနှင့် ဆက်စပ်မှုကြောင့် နုတ်ထွက်ခဲ့ရပြီးနောက် NLD အစိုးရက ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖြစ် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသော ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ထိုအချိန်က အသက် ၈၀ အရွယ်ရှိပြီ ဖြစ်သော ဦးစိုးဝင်းသည် NLD ပါတီ၏ ဗဟိုစီးပွားရေးကော်မတီတွင် အကြံပေးအဖြစ် ဆောင်ရွက်ပေးနေရာမှ NLD ပါတီမှ အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ တိုက်တွန်းမှုကြောင့် ပြည်ထောင်စုဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ရသူဖြစ်ကြောင်း ရင်းနှီးသူများက ဧရာဝတီကို ပြောသည်။
“အန်ကယ်က အဲဒီအချိန်မှာ အသက် ၈၀ နေပြီ၊ သူအနေနဲ့ဆိုရင် အငြိမ်းစားယူပြီး အေးဆေးနေလို့ရတယ်။ ဒါပေမယ့် သူ ဒီတာဝန်ယူခဲ့တာကို ကြည့်ရင်ပဲ သူရဲ့ နိုင်ငံ့စီးပွားရေးကို ကောင်းစေချင်တဲ့ စိတ်စေတနာကို တွေ့ရမှာပါ”ဟု စီးပွားရေး လေ့လာသုံးသပ်သူတဦးက ဆိုသည်။
ဘဏ်လုပ်ငန်း၊ အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်မှုက ထိုအချိန် NLD အစိုးရကို ဝေဖန်ပြောဆိုနေသူများကပင် ကြိုဆိုခဲ့ကြသည်။
အမှန်တကယ်လည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ ကျွမ်းကျင်မှုနှင့် ဦးဆောင်နိုင်မှုတို့ကြောင့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု၊ အခွန်စည်းကြပ်မှုများသည် တိုးတက်လာခဲ့သလို ဗဟိုဘဏ်နှင့် စီမံဘဏ္ဍာဝန်ကြီးဌာနတို့ကြား ချိတ်ဆက်လုပ်ဆောင်မှုများ ပိုမိုအားကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာ့စီးပွားရေးအတွက် အဓိက ဦးဆောင်မောင်းနှင် ပဲ့ကိုင်နိုင်ခဲ့သည်။
ဘဏ်လုပ်ငန်း၊ အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်မှုက ထိုအချိန် NLD အစိုးရကို ဝေဖန်ပြောဆိုနေသူများကပင် ကြိုဆိုခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို NLD အစိုးရ၏ စီးပွားရေး အကြံပေး ဩစတေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်၏ ကွန်ပျူတာအတွင်း တွေ့ရှိသည့် စာရွက်စာတမ်းအချို့နှင့် ပတ်သက်ပြီး အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားသည့် အမှုတွင် အမှုတွဲအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။
အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မ ဖြစ်သည်။ ယခုအချိန်တွင် အသက် ၈၃ နှစ်အရွယ်ရှိဖြစ်သော ဦးစိုးဝင်းသည် အူမကြီးကင်ဆာ ရောဂါဝေဒနာ ခံစားနေရပြီး ခွဲစိတ်ကုသမှု ခံရယူ လိုအပ်သောကြောင့် အမှုမှ အာမခံ ရရှိထားသည်။
အနာဂတ် လမ်းညွှန်ရေးဆွဲသူ ဦးဆက်အောင်
မြန်မာ့စီးပွားရေးတွင် ကြိုတင်မှန်းဆနိုင်ပြီး တည်ငြိမ်သော မူဝါဒ တခုရှိရန် လိုအပ်နေမှုကို သိမြင်ခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်သည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan – MSDP) ကို အဓိက ဦးဆောင်ရေး ဆွဲသူလည်း ဖြစ်သည်။

NLD အစိုးရက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာနိုင်ခဲ့သော MSDP ကို မြန်မာ့စီးပွားဖွံ့ဖြိုးရေး အနာဂတ်လမ်းညွှန်သဖွယ်အဖြစ် ပြည်တွင်းပြည်ပ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာသူများက အသိအမှတ်ပြုခဲ့ကြသည်။
သူသည် ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ပါဝင် လုပ်ဆောင်ပေးရန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ပညာရှင်တဦးလည်း ဖြစ်ပြီး ဈေးကွက် ပြုပြင်ပြောင်းလဲရေးနှင့် မြန်မာ့စီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရေး တံခါးဖွင့် ဖော်ဆောင်ရာတွင် အရေးပါသူ အကြံပေးတဦးလည်း ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌ အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် NLD ပါတီ အာဏာရလာပြီး တနှစ်ကျော်အကြာ ဦးဆက်အောင်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ဦးဆက်အောင်သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အောင်မြင်ခဲ့သော အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေး ဇုန်ကို အကောင်အထည်ဖော်ရာတွင် အဓိက ဦးဆောင်ခဲ့သူဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
NLD အစိုးရက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာနိုင်ခဲ့သော MSDP ကို မြန်မာ့စီးပွားဖွံ့ဖြိုးရေး အနာဂတ်လမ်းညွှန်သဖွယ်အဖြစ် ပြည်တွင်းပြည်ပ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာသူများက အသိအမှတ်ပြုခဲ့ကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တရုတ်ဘက်က ရှယ်ယာပိုင်မှု အလေးသာသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများကို တရုတ်အကြွေးနွံသို့ မကျရောက်စေရန်အတွက် ရှယ်ယာပိုင်ဆိုင်မှုအချိုးများ ပြောင်းလဲပြင်ဆင်ခြင်းနှင့် စီမံကိန်းကို တဆင့်ချင်း အကောင်အထည်ဖော်သွားရန် ကိစ္စရပ်များအစရှိသည့် တရုတ်နှင့်ခက်ခဲသော ညှိနှိုင်းမှုများကို အောင်မြင်အောင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။
ဦးသိန်းစိန်လက်ထက်က ထိုစီမံကိန်း၏ ရှယ်ယာအချိုးကို တရုတ်မှ ၈၅ ရာခိုင်နှုန်း၊ မြန်မာမှ ၁၅ ရာခိုင်နှုန်း ထည့်ဝင်ရန် သတ်မှတ်ခဲ့ပြီး NLD အစိုးရက ရင်းနှီးမြှုပ်နှံမှုအချိုးကိုလည်း တရုတ်က ၇၀ နှင့် မြန်မာက ၃၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲ ပြင်ဆင်နိုင်ခဲ့သည်။
ထို့သို့ တိုင်းပြည်စီးပွားရေး ရေရှည် အမြော်အမြင်နှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်ပိုင်နိုင်သူ ဦးဆက် အောင်သည် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရပြီး ဝန်ကြီး ဦးစိုးဝင်းနှင့်နည်းတူ NLD အစိုးရ၏ စီးပွားရေး အကြံ ပေး ပါမောက္ခရှောင်တာနယ် ကွန်ပျူတာအတွင်း တွေ့ရှိသည့် စာရွက်စာတမ်းအချို့နှင့် ပတ်သက်ပြီး အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် အမှုဖွင့်ခံထားရသည်။
ခရိုနီတို့ရဲ့ ရန်သူတော် ဦးဘိုဘိုငယ်
စစ်အစိုးရများ လက်ထက်တွင် အကျင့်ပျက် စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများသာ ကြီးစိုးထားသော မြန်မာ့ပုဂ္ဂလိက ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းနှင့် NLD အစိုးရ၏ ဗဟိုဘဏ်တို့ကြား ပွတ်တိုက်မှုကြီးမားခဲ့သည်။
ထိုဘဏ်လုပ်ငန်း ခရိုနီကြီးများ၏ အမျက်တော်ရှမှုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသူမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ခဲ့သော ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ပင် ဖြစ်သည်။

“ကိုဘိုဘိုငယ်က ပုဂ္ဂလိကဘဏ်တွေနဲ့ တွေ့တဲ့ အစည်းအဝေးတိုင်းလိုလိုမှာ ပြောတယ်၊ ခင်ဗျားတို့ ဘဏ်တွေက အပေါင်ပစ္စည်းယူပြီး အတိုးပဲ ထိုင်စားနေတဲ့ အပေါင်ဆိုင်အကြီးတွေသာသာပဲလို့”ဟု သူနှင့် ရင်းနှီးသည့် စီးပွားရေး သုသေတနအဖွဲ့တခုမှ ဒါရိုက်တာတဦးက ဧရာဝတီသို့ ပြောသည်။ ဦးဘိုဘိုငယ်သည် နိုင်ငံရေးသမား ဖြစ်၍ စကားပြောရာ အမှန်အတိုင်း သတ္တိရှိရှိ ပြောဆိုခဲ့ကြောင်းလည်း ဆိုသည်။
NLD အစိုးရ တာဝန်ယူလာပြီးနောက် ဗဟိုဘဏ်၏ အခွင့်အာဏာသည် ပိုမိုလွတ်လွတ်လပ်လပ်လုပ်ဆောင်လာနိုင်ခဲ့ပြီး ပုဂ္ဂလိကဘဏ်များ၏ အပ်ငွေနှင့် ချေးငွေ အချိုးကွာဟချက်များကို လျှော့ချခိုင်းခြင်း၊ ပုဂ္ဂလိဘဏ်များအနေဖြင့် မိမိ လုပ်ငန်းခွဲများကို ချေးငွေထုတ်ချေးပေးနေမှုကို ကန့်သတ်လာခြင်း၊ ဘဏ်လုပ်ငန်းအတွေ့အကြုံမရှိသော သူများကို ဘဏ်လုပ်ငန်း အကြီးအကဲများအဖြစ် ခန့်အပ်ခြင်းမပြုရန် (ဘဏ်ပိုင်ရှင်များက သားသမီးကို ဘဏ်အကြီးအကဲအဖြစ် ခန့်အပ်ထားမှုများကို ဆိုလိုသည်)နှင့် ဘဏ်လုပ်ငန်းများကို ဘဏ်၏ စံသတ်မှတ်ချက် လုပ်ငန်းဆောင်ရွက်မှုများအတိုင်း လုပ် ဆောင်ရန် စည်းကမ်း တင်းကျပ်မှုများ လုပ်ဆောင်ခဲ့သည်။
“မြန်မာ့ပုဂ္ဂလိကဘဏ်တွေက ဘဏ်လုပ်ငန်းကျင့်ဝတ်နဲ့ မညီဘူးလို့လည်း သူဝေဖန်ခဲ့တယ်၊ အဲဒါက ဘဏ်လုပ်ငန်းလည်း ထူထောင်ထားတယ်။ တဖက်မှာလည်း လေကြောင်းလိုင်းတွေဘာတွေလုပ်နေတဲ့သူတွေကို ပြောခဲ့တာ။ ဘဏ်တွေကို Non-Performing loan (ကာလရှည်အတိုးအရင်းပြန်မဆပ်သော ချေးငွေ) အပေါ် တင်းကျပ်တာနဲ့ နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပေးတာကို ခရိုနီတွေက တော်တော်မကြိုက်ခဲ့တဲ့ အခြေအနေရှိတယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် ရင်းနှီးသူသည့် စီးပွားရေးပညာရှင် တဦးက ပြောသည်။
ဦးဘိုဘိုငယ်သည် နိုင်ငံရေးသမား ဖြစ်၍ စကားပြောရာ အမှန်အတိုင်း သတ္တိရှိရှိ ပြောဆိုခဲ့ကြောင်းလည်း ဆိုသည်။
NLD အစိုးရ သက်တမ်းအတွင်း ဘဏ်လုပ်ငန်းကဏ္ဍ၏ အခြေအနေတခုအထိ ပြုပြင်ပြောင်းလဲမှုလာခဲ့ပြီး ထင်သာ မြင်သာ အရှိဆုံး အချက်များမှာ အသေးစား အလတ်စားချေးငွေများကို ပုဂ္ဂလိကဘဏ်များက အပြိုင်အဆိုင် ထုတ်ချေးလာခြင်းနှင့် ပုံမှန်ဝင်ငွေတရပ်ရှိသော အလယ်အလတ်လူတန်းစားတရပ်သည် အိမ်၊ တိုက်ခန်းနှင့် မော်တော်ယာဉ်များကို နှစ်ရှည် အရစ်ကျ ချေးငွေစနစ်များဖြင့် အလွယ်တကူ ဝယ်ယူခွင့် ရရှိလာခြင်းတို့ ဖြစ်သည်။
ထို့ပြင် ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများလည်း တိုးတက်လာခဲ့သလို နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်းအထိ လုပ်ကိုင်ခွင့်ပြုနိုင်ခဲ့သည်။
ဦးဘိုဘိုငယ်သည် NLD စီးပွားရေးကော်မတီတွင် ဘဏ်ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ဇူလိုင်လ တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခံရသူ ဖြစ်သည်။
ယခုတွင် စစ်ကောင်စီက ဦးဘိုဘိုငယ်ကို အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်၏ ပွင့်လင်းလူ့အဖွဲ့အစည်း (Open Society Myanmar- OSM) ထံ ငွေလွှဲပြောင်း၊ ထုတ်ယူမှုနှင့် ပတ်သက်ပြီး အခွန်ကောက်ခံမှု ပျက်ကွက်ခြင်းကြောင့်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
စီးပွားရေး အကြံပေး ရှောင်တာနဲလ်
နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားခံရသော အခြေခံပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်တင်စေနိုင်မည့် မြန်မာ့စီးပွားရေးပုံစံ ဖြစ်ပေါ်လာစေရေးကို NLD အစိုးရ၏ စီးပွားရေး အကြံပေး ဩစတြေးလျ နိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ်က စိတ်အားထက်သန်ခဲ့သည်။
ထို့ပြင် တည်ငြိမ်သော စီးပွားရေးစနစ် တည်ဆောက်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဆွဲဆောင်ခေါ်ယူပေးပြီး မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးကာ နိုင်ငံ စီးပွားရေး တိုးတက်ရေးကို အာရုံစိုက်ခဲ့သူ တယောက်လည်း ဖြစ်သည်။

တည်ငြိမ်သော စီးပွားရေးစနစ် တည်ဆောက်ရေးနှင့် ဘေးကင်းလုံခြုံသော ဘဏ်လုပ်ငန်း ထူထောင် ပြီး နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ယူပေးကာ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပြီး နိုင်ငံစီးပွားရေးနှင့် တိုးတက်ရေးကို အဓိကအာရုံစိုက်ကြောင်း သူကပြောဖူးသည်။
ထို့အတွက်ကြောင့်လည်း NLD ပါတီ အစိုးရအဖွဲ့ဖွဲ့ကာ တိုင်းပြည် တာဝန်များ ထမ်းဆောင်ခွင့်ရရှိချိန်တွင် စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်သည် မြန်မာ့စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး ကိစ္စရပ်များကို ထည့်ထည့်ဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်ခဲ့သည်။
NLD အစိုးရ၏ ဗဟို စီးပွားရေး ကော်မတီအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးသည့် ရှိသည့်အတွက် စီးပွားရေးမူဝါဒအဆုံးအဖြတ်များကို အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို ထိထိ ရောက်ရောက် အကြံပေးခွင့်ရသူလည်း ဖြစ်သည်။
“ရှောင်က ငွေကြေးဖောင်းပွမှုမြင့်တက်လာမှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ကိစ္စတွေ မဖြစ်လာဖို့အတွက် အစိုးရက ဘတ်ဂျက်လိုငွေကို ဖြည့်တင်းတဲ့နေရာမှာ ငွေစက္ကူအသစ်ရိုက်ထုတ်ကို လျှော့ချဖို့ဆိုတာကို တော်တော်လေး ပြောဆိုအကြံပေးခဲ့တဲ့ လူတယောက်ပါ”ဟု စီးပွားရေးလေ့လာသုံးသပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
တည်ငြိမ်သော စီးပွားရေးစနစ် တည်ဆောက်ရေးနှင့် ဘေးကင်းလုံခြုံသော ဘဏ်လုပ်ငန်း ထူထောင် ပြီး နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ယူပေးကာ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးရေးကို အဓိကအာရုံစိုက်ကြောင်း ရှောင်တာနဲလ်က ပြောဖူးသည်။
ထို့ပြင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာများကို ကျွမ်းကျင်သူပီပီ ဗဟိုဘဏ်၏ အခန်းကဏ္ဍမြင့်တင်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် အကြံဉာဏ်များစွာ ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။
စီးပွားရေးမူဝါဒပညာရှင်တဦးက“ကိုယ့်နိုင်ငံက လိုအပ်လို့ အကူအညီပေးဖို့ လာရောက်လုပ်ကိုင်သူတဦးကို အခုလို ဖမ်းထားတာက အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စပါ။ ဘာနဲ့တူလဲဆိုရင် ကလေးမမွေးနိုင်လို့ လက်သည်ခေါ်မွေးပြီး မွေးလည်းပြီးရော လက်သည်ကို ဖမ်းထားသလို ဖြစ်နေတာ”ဟု ရှောင်တာနဲလ် ဖမ်းဆီးထားမှုကို မှတ်ချက်ပြုသည်။
စစ်ကောင်စီက ပါမောက္ခရှောင်တာနဲလ်ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုထားသည်ဟုဆိုကာ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) တရားစွဲဆိုထားသလို ဗီဇာစည်းမျဉ်းဖောက်ဖျက်မှုလည်း တရားစွဲထားသေးသည်။
ပါမောက္ခရှောင်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ယခု ၁ နှစ်ခွဲကျော်ကြာသည့်အထိ ၎င်း၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်လည်း မရသေးပေ။
You may also like these stories:
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ
ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”