ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့၌ စားအုန်းဆီလိုသလောက် ဝယ်ယူ၍ မရသလို ကျန်ဒေသများတွင်လည်း စားဆီဝယ်ယူရန်ခက်ခဲမှုများ ရှိနေကြောင်း လက်လီ ရောင်းချနေသည့် ဆိုင်အချို့ အရောင်းရပ်ရသည်အထိရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်မြင့်တက်လာသော စားအုန်းဆီဈေးကို စစ်ကောင်စီက ထိန်းချုပ်ရန် အတွက် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ ပထမအကြိမ် အစည်း အဝေးအပြီးမှာပင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဆန်နှင့် ဆီဈေးနှုန်းများ ကို သတ်မှတ်ဈေးဖြင့် ရောင်းချရန် ထုတ်ပြန်ခဲ့သည်။
စားဆီဈေးနှုန်းကို ထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို စစ်ကောင်စီ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပြီး ယင်းဆိုင်များက အမြတ်၂ ရာခိုင်နှုန်းယူ၍ စားသုံးသူ လက် ထဲသို့ ရောင်းချကာ၊ တဆင့်ပြန်လည် ရောင်းချသူများအနေဖြင့် အထွေထွေ ကုန်ကျစရိတ်ပေါ် မူတည်၍ ၁၀ ရာခိုင် နှုန်းထက် အမြတ်တင် ရောင်းချခြင်းမပြုရန် စက်တင်ဘာ ၇ ရက် က ထပ်မံ ထုတ်ပြန်ထားသည်။
ထိုသို့ ရည်ညွှန်းဈေးများဖြင့် စတင်ရောင်းချပြီး နောက်ပိုင်း ရပ်ကွက်၊ မြို့နယ်များအတွင်း အသေးစားရောင်းချသော စားဆီဆိုင်များမှာ ဆီဝယ်မရသဖြင့် မရောင်းနိုင်တော့ဘဲ ပိတ်သိမ်းထားရခြင်းများရှိသလို၊ ခွဲတမ်းရဆီကို တန်းစီ စနစ်ဖြင့် ရောင်းချပေးသော လက်လီဆိုင်များမှာလည်း လုံလောက်စွာ ရောင်းချပေးနိုင်ခြင်းမရှိသောကြောင့် အခြေခံ စားသုံးသူများ လုံလောက်စွာ ဝယ်ယူမရသည့် အခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ဒေသခံတဦးက “တန်းစီတော့လည်း လူတန်းကအရှည်ကြီး ကိုယ့်အလှည့်ရောက်ဖို့ က မသေချာ။ ရောင်းပေးတဲ့ဆိုင်ကလည်း ကျမတို့ဘက်မှာက တဆိုင်ထဲရယ်။ မနက်ပိုင်းပဲ ရောင်းပေးတာ။ ဒီနေ့တော့ ရဲစခန်းရှေ့မှာ လက်မှတ်ဝေတယ်။ ဟိုးအရင်က ဆီတိုး၊ ဆန်တိုးခေတ်လို နံပါတ်စဉ်နဲ့ ပေးတာပေါ့။ အရင်လို ကိုယ်လို ချင်တဲ့အချိန် ဘယ်အချိန် ဘယ်ဆိုင်မှာ သွားဝယ်ဝယ် ဝယ်မရတော့ဘူး။ ရပ်ကွက်ထဲက ဆိုင်တော်တော်များများက ဝယ် မရဘူး။ ဆီပုံးတွေ မှောက်ထားတယ်။ ဆီကုန်နေတယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက ယခု စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ရည်ညွှန်းဈေးကို ၁ ပိဿာလျှင် ၄၁၆၀ ကျပ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံ ဆီကုန်သည်အသင်းနှင့် ရည်ညွှန်းဈေးနှင့် ခွဲတမ်းရသည့် ဆီကုန်သည်များ ပြန်လည်ရောင်းချ ပေးရာတွင် ၁ ပိဿာလျှင် ၄၄၀၀ ကျပ် ဖြစ်သည်။
သို့သော် တန်းစီစနစ်တွင် တချို့မှာ မိသားစုလိုက်တန်းစီခြင်းများ၊ ဆီတိုး၍ ပြန်လည်ရောင်းချခြင်းများ၊ ခွဲတမ်းရသည့် ဆိုင်များကလည်း ဝယ်နေကျ ဖောက်သည် လက်လီသမားကုန်သည် မဟုတ်ပါက ရောင်းမပေးခြင်း၊ တချို့ ဆီဆိုင် များကအမှန်တကယ်ရောင်းသည်ဆိုသော ရပ်ကွက်အလိုက် ထောက်ခံစာပါမှသာ ရောင်းချပေးခြင်းတို့ကြောင့်လည်း စားဆီဝယ်ယူရာတွင် ခက်ခဲသည့်အပြင် သတ်မှတ်ဈေးဖြင့် မရောင်းချပါကလည်း ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ထားသောကြောင့် တချို့ ဆီဆိုင်များမှာ အရောင်းရပ်ထားရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတဦးက “တန်းစီစနစ်ကလည်း မနက်တပိုင်းပဲ၊ လိုသလောက်လဲ မရဘူး။ ၁ ပိဿာပဲ ဆို တော့ ဝယ်ရခက်တယ်။ တချို့အပြင်မှာ ဝယ်ရတဲ့ တဆိုင်လောက်ရှိတယ်။ အဲဒါလည်း ၁ ပိဿာ ၁၁၀၀၀ ကျပ် ပေးရ တယ်။ ဒါက အချင်းချင်း ရောင်းတာပေါ့။ အဲဒီတော့ တန်းစီဈေးက တမျိုး၊ အပြင်ဈေးကတမျိုး၊ သူတို့ ပြောသလိုဆို မှောင်ခို” ဟု လက်ရှိ စားဆီ ဝယ်ယူရခက်ခဲသည့် အခြေအနေကို ရှင်းပြသည်။
ဈေးကွက်အတွင်း စားအုန်းဆီ ၁ ပိဿာလျှင် ကျပ် ၁ သောင်းကျော် ရောင်းချနေမှာ ချက်ချင်း သတ်မှတ်ရည်ညွှန်းဈေး နှင့် ရောင်းချခိုင်းပြီး မရောင်းပါက ဖမ်းဆီးအရေးယူမည် ဆိုသော်ကြောင့်လည်း တချို့ တွက်ချေမကိုက်သဖြင့် အရောင်းရပ်ထားခြင်းများရှိသလို ရည်ညွှန်းဈေး ၁ ပိဿာ ၄၀၀၀ ကျပ်ကျော်နှင့် တန်းစီတိုးပြီး လက်လီပြန်လည် ရောင်းချရာတွင်လည်း ခရီးစရိတ်၊ ပုံးခွံများ တွက်ချက်၍ ပြန်ရောင်းပါကလည်း မကိုက်သဖြင့် မရောင်းသည့် အခြေ အနေလည်း ရှိကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်ရှိ စားဆီရောင်းချနေသည့် လက်လီဆီဆိုင်ပိုင်ရှင်တဦးက “ရည်ညွှန်းဈေးက ၄၁၆၀ လေ၊ အခု ဆီ တန်းနေတာတွေကိုတော့ ၄၈၀၀ နဲ့ ရောင်းနေတာ။ အဲဒီ ၄၀၀၀ ကျော်က အမြင့်ဈေးနဲ့ဝယ်ပြီး ပြန်ရောင်းရမယ့်သူတွေ အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းပြန်ရင်လည်း ဖမ်းခံရမှာ၊ အဲဒီတော့ အရောင်းပိတ်ထားကြတာလည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ စားသုံးဆီ လက်လီရောင်းချနေသည့် ဆီဆိုင်ပိုင်ရှင်တဦးက “၂၈ ရက်ထဲက ၅ လုံး ပေးပြီးမပေးတော့ဘူး ဆိုတော့ ၅ လုံးသမားတွေကို ရပ်တန့်လိုက်တာလား၊ ဆီ မရှိတော့ပါ” ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လက်ရှိတွင် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချရန် အဆင်မပြေသဖြင့် ရပ်ကွက်ဈေးများအတွင်း ဖွင့်လှစ်ထားသော စားသုံးဆီ လက်လီအရောင်းဆိုင်အများစု ပိတ်ထားရသလို နယ်ဘက်ရှိ စားဆီအရောင်းဆိုင်များ လည်း ဆီဝယ်ယူ မရကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်း ခွဲတမ်းရရှိ၍ လက်လီ ဆီကုန်သည်များ ရောင်း ချပေးနေသော ဆီကုန်သည်တဦးကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာတွင် “ကျနော်တို့ကတော့ ရန်ကုန်အတွက် အခု ဆီပေပါ အလုံး ၃၀ ဆိုရင် ဒီနေ့ အသင်းကချပေးတဲ့ ၁၂ လုံးပေါ့။ ဒါကို ဦးစားပေး ရောင်းပေးရတာပေါ့။ ကျန်တဲ့ ၁၈ လုံးကို ကျနော်က မဲဖောက်တဲ့ဘက်ကို ၂ လုံး၊ ၃ လုံးပေါ့။ ကျန်တဲ့ ၁၀ လုံးကျော်ကိုတော့ ရန်ကုန်ထဲကဈေးဆိုင်က ဦးစားပေး ရောင်းပေးတယ်။ တချို့ကလည်း ဝယ်မရဘူး။ ရောင်းစရာမရှိဘူးဆိုတော့၊ ကျနော်တို့လုပ်တာတော့ ရပ် ကွက်အုပ်ချုပ်ရေးမှူး ဈေးတာဝန်ခံတို့ရဲ့ ဈေးရောင်းကြောင်း အထောက်အထားတခု ပေးရင်တော့ တဆိုင်ကို အနည်း ဆုံး ၁ ပုံး (အချိန်တဆယ်) ရောင်းပေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဝယ်နေကျ ဆိုင်အများစုနှင့် ဖောက်သည် ဆီဆိုင်များကိုမူ ၅ ပုံး၊ ၆ ပုံးနှင့် ပေပါလိုက်အထိ ရောင်းချပေးခြင်းများ ပြုလုပ်နေပြီး ဘဏ်နှင့် စက်ရုံဝန်ထမ်းများကိုလည်း ၎င်းတို့ အထက်ရှိ မန်နေဂျာများ၏ လက်မှတ်နှင့် တဦးလျှင် ၁ ပိဿာ ၄၄၀၀ ကျပ်နှုန်းနှင့်ရောင်းချပေးခြင်းများ ရှိသည်ဟု ၎င်းက ပြောသည်။
ဆီရောင်းချရာတွင် ဆီအသင်းသို့ မှတ်ပုံတင်၊ ဈေး၊ လိပ်စာများကို အတိအကျတင်ပေးရကြောင်း၊ သို့မှသာ ရောင်းရပြီး၊ ဆီဆိုင်များသို့ စစ်ဆေးခြင်းများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စားအုန်းဆီဈေး တင်ရောင်းသည်ဟုဆိုကာ ဆီကုန်သည်အချို့ကို စစ်ကောင်စီက ဖမ်း ဆီးခဲ့သလို စက်တင်ဘာလ ၆ ရက်ကလည်း ရန်ကုန်မြို့ကုန်ဈေးတန်းလမ်းရှိ စားအုန်းဆီလုပ်ငန်းနှင့် ဆက်နွယ်နေ သော စီးပွားရေးလုပ်ငန်းရှင် အချို့အား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ဧရာဝတီမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသော ကုန်သည်များသည် စာအုန်းဆီနှင့် စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုသည့် အရောင်နှင့်အနံ့ အရသာရရှိသော ဓာတုပစ္စည်းများအဓိက ရောင်းချသည့် ကုန်သည်များဖြစ်ကြောင်း ဧရာဝတီ၏ သတင်းအရင်းအမြစ်များက ဆိုသည်။
ကုန်ဈေးတန်းလမ်းတွင်ဖမ်းဆီးခံရသည် ကုန်သည် တဦး၏ မိတ်ဆွေက “စာအုန်းဆီကုန်သည်တွေ ဖမ်းပြီးနောက်ဆက်တွဲလိုက်လာတာဖြစ်မယ်၊ ဆိုင်တွေကို ဝင်စီးပြီးဖမ်းသွားတာ မီးခံသေတ္တာတွေပါ ဖွင့်ခိုင်းပြီး ပစ္စည်းတွေ ယူသွားကြတယ်” ဟု ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး စားအုန်းဆီ လုပ်ငန်းရှင်များအသိုင်းအဝိုင်းကလည်း ၎င်းတို့ ဆိုင်များအတွင်းသို့လည်း စစ်ဆေးခြင်းများရှိကြောင်း ဧရာဝတီသို့ ပြောသည်။
You may also like these stories:
စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ
ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း
ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှု စစ်ကောင်စီကို လုပ်ငန်းရှင်များ ဝေဖန်