“အာဏာသိမ်းပြီး ၃ နှစ်အကြာ” လို့ ခေါင်းစဥ်တပ်ထားတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ၊ အတိုက်အခံ ပါတီဖြစ်တဲ့ ရှေ့သို့ချီ (Move Forward) ပါတီခေါင်းဆောင် ပီတာလင်းဂျာရွန်ရက်နဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားပြုသူတွေ မြန်မာ့အရေးဦးဆောင် လှုပ်ရှားနေသူတွေက တက်ရောက်ဆွေးနွေးခဲ့တာပါ။
ထိုင်းအစိုးရဦးဆောင်နေတဲ့ မြန်မာအတွက်လူသားချင်းစာနာအကူအညီပေးရေးအစီအစဥ်ကို ဘယ်လိုဖော်ဆောင်သင့်တယ်ဆိုတဲ့ အကြုံပြုချက်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ဆွေးနွေးတင်ပြခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက် ရက်စက်မှုတွေကို ခံနေရတဲ့ ပြည်သူတွေရဲ့ အရေးကို ကြည့်ပေးဖို့ လက်ရှိအချိန်မှာ NUG နဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်း လက်မှတ်ထိုးပြီး ထိုင်းနိုင်ငံကို တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ကို ဖြေရှင်းရေးဆွေးနွေးအဖြေရှာကြတဲ့ ထိုင်းလွှတ်တော်ရဲ့ ပထမခြေလှမ်း လို့ ပြောဆိုကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီဆွေးနွေးပွဲကို ကန့်ကွက်ထားပါတယ်။
ဒီအခြေအနေ နဲ့ ပက်သက်ပြီး ဦးဆောင်ပါဝင်ဆွေးနွေးခဲ့သူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍနဲ့ NUG ရဲ့ နိုင်ငံတကာ သံတမန်ရေးရာ အခြေအနေတွေကို ဧရာ၀တီက ဆက်သွယ် မေးမြန်းထားပါတယ်။