၁၀၂၇ စစ်ဆင်ရေး အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းယူထားတဲ့ မြို့ ၇ မြို့ထဲက မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အပေါ် စောင့်ကြည့်ပြီး တုန့်ပြန်သွားမယ်လို့ TNLA က ဆိုလိုက်ပါတယ်။
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဟိုင်ဂင် သဘောတူ ဆွေးနွေးမှုကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တာ ၄ ကြိမ်ရှိခဲ့ပြီး၊ အဲဒီ တွေ့ဆုံမှုအပြီးမှာတော့ စစ်ကောင်စီက မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့ တွေကို မတ် လ ၄ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာ လိုက်တာပါ။
အခုလို စစ်အုပ်ချုပ်ရေးကြေညာတာဟာ အပစ်ရပ်ဖို့ သဘောတူထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်သလို၊ ဟိုင်ဂင် သဘောတူညီချက်ကိုလည်း အခက်အခဲတွေ ဖြစ်စေတယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး သတိပေးထားပါတယ်။
စစ်ကောင်စီဟာ သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာ အချုပ်အခြာအာဏာ ပိုင်သေးတယ် ဆိုတာကို ပြသဖို့ အခုလို စစ်အုပ်ချုပ်ရေး ကြေညာတာမျိုးဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။