ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီး တလျှောက်က စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာပထမတရက်တည်းမှာတင် ရှေ့တန်းစခန်း ၁၀ ခုဝန်းကျင် သိမ်းယူလိုက်နိုင်ပြီဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဝာာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို အတည်ပြုပါတယ်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ်မှာရှိနေတဲ့ ဝိုင်းမော်-လိုင်ဇာနဲ့ ဒေါ့ဖုန်ယန်း မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ တော်လှန်ရေးတပ်တွေက မတ်လ ၇ ရက်နေ့မနက် ၆ နာရီမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း စခန်းတွေ မကျရှုံးရေး အတွက်လက်နက်ကြီးတွေနဲ့ ခုခံပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်ဘက် ပြည်သူတွေကိုပါထိမှန်ခဲ့ပြီး ကလေးငယ်တဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ရတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။