စာရေးသူအနေနဲ့ ဒီဆောင်းပါးကို ရေးရခြင်း ရည်ရွယ်ချက်က
အလုံးစုံ စီးပွားရေး အရေးယူပိတ်ဆို့မှု Comprehensive Economic Sanctions – CES ကို ဆန့်ကျင်ကန့်ကွက်နေတဲ့ လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းကိုသော်လည်းကောင်း၊ အပြန်အလှန် ငြင်းဆိုခြင်းထက် မတူညီတဲ့ အမြင်ကို အသိအမှတ်ပြုရင်း စာရေးသူ၏ ဘဝဖြတ်သန်းမှုနဲ့ အတွေ့အကြုံကို ပြန်လည်ဖော်ပြကာ မိဘပြည်သူလူထုများ အနေနဲ့ ရှုထောင့်ပေါင်းစုံ၊ အမြင်ပေါင်းစုံ သိရှိနိုင်စေရန်အတွက် တင်ပြလိုခြင်းဖြစ်ပါတယ်။
စာရေးသူ၏ မိသားစုသည် သာမာန်လက်လုပ် လက်စား လူတန်းစားသာဖြစ်ပါသည်။ စာရေးသူ၏ မိဘများသည် ၁၉၈၈ ခုနှစ်၊ အာဏာသိမ်းစစ်အုပ်စု၏ လက်အောက်တွင် အလုပ်သမားများဖြစ်ခဲ့သလို စာရေးသူသည်လည်း စာရေးသူနှင့် ညီအကိုမောင်နှမများသည်လည်း စစ်အာဏာရှင်စနစ်လက်အောက် ခက်ခဲပင်ပန်းစွာ ရှင်သန်ကြီးပြင်းလာရသူများဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစနစ်အားလုံးတွင် ရုန်းကန်လာရသူများဖြစ်သည်။
မိမိတို့အနေဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းလာသည့် အလျောက် မိမိတို့၏ လူ့အခွင့်အရေး ဆိုင်ရာ အလုပ်သမား အခွင့်အရေးဆိုင်ရာများကို လုံးဝသိရှိနားလည်ခဲ့ခြင်း မရှိခဲ့ပါ။
စာရေးသူ၏ အမသည် နိုင်ငံခြားပို့ကုန်တခုဖြစ်သည့် သိုးမွှေးစက်ရုံတွင် ၁၉၉၇ ခုနှစ်၌ စတင်လုပ်ကိုင်ခဲ့သည်။ စာရေးသူ၏ နောက်ထပ်အမတဦး၊ စာရေးသူ၏ ဖခင်၊ စာရေးသူ၏ အကိုနှင့် စာရေးသူကိုယ်တိုင် နိုင်ငံခြားပို့ကုန်တခုဖြစ်သည့် အထည်ချုပ်စက်ရုံတွင် ၁၉၉၉ ခုနှစ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ထိုအချိန်အခါက နိုင်ငံခြားပို့ကုန်စက်ရုံများ ထွန်းကားနေသည့်အချိန်ဖြစ်သည်။ စာရေးသူ၏ မိသားစု တခုလုံး၏ ဝင်ငွေသည် အထည်ချုပ် လုပ်ငန်းပေါ်တွင် တည်မှီနေပါသည်။
မိမိတို့အနေဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းလာသည့် အလျောက် မိမိတို့၏ လူ့အခွင့်အရေး ဆိုင်ရာ အလုပ်သမား အခွင့်အရေးဆိုင်ရာများကို လုံးဝသိရှိနားလည်ခဲ့ခြင်းမရှိခဲ့ပါ။
ထိုစဉ်က စာရေးသူ၏ အသက်မှာ ၁၆ နှစ်သာ ရှိသေးသည်။ အလုပ်ပိတ်ရက်မရှိ အလုပ်ချိန်ကြာမြင့်စွာဖြင့် တနေ့လျှင် ပုံမှန် အလုပ်ချိန် ၁၂ နာရီလုပ်ခဲ့ရသည်။ အချိန်ပိုများလည်း ဆင်းရပါသည်။ တလလျှင် အလုပ်သမားတဦး၏ လုပ်အားခသည် ကျပ်ငွေ တစ်သောင်း အမြင့်ဆုံးဖြစ်ပါသည်။ မိမိတို့အနေဖြင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးကို လုံးဝနားမလည်ခဲ့သည့်အတွက် လွန်စွာဆိုးရွားလှသည့် လုပ်ငန်းခွင်အခြေအနေတွင် လုံးဝ ပြန်လည်ဆွေးနွေးပိုင်ခွင့်မရှိဘဲ ခေါင်းငုံ့ လုပ်ကိုင်ခဲ့ရပါသည်။ လုပ်ငန်းခွင်အခြေအနေ လွန်စွာဆိုးရွားသည်ကို ထိုကာလများတွင် အလုပ်လုပ်ခဲ့သည့် အလုပ်သမားများ သိရှိနားလည်ကြပါသည်။
မိမိတို့ မိသားစု အလုပ်လုပ်သည့် စက်ရုံနှင့် ၎င်း၏လက်ခွဲစက်ရုံများသည် အမေရိကန်နိုင်ငံသို့ တင်ပို့နေသည့် အထည်ချုပ်စက်ရုံများဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်မှ မြန်မာနိုင်ငံအား စီးပွားရေးအရ အရေးယူပိတ်ဆို့သောအခါ အမေရိကန်နိုင်ငံသို့ တင်ပို့နေသည့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခဲ့ရပါသည်။ မိမိတို့ မိသားစုလည်း အလုပ်ပြုတ်ခဲ့ပါသည်။ ထိုစဉ်အခါက မိမိတို့သည် စီးပွားရေးအရ အရေးယူပိတ်ဆို့မှု ဘာကြောင့် ပြုလုပ်သည်ကို လုံးဝနားမလည်ခဲ့ပါ။
ထို့နောက် စာရေးသူနှင့် အမတဦးသည် ၂၀၀၅ ခုနှစ်တွင် ဝင်ငွေပိုကောင်းသည့် အလုပ်အကိုင်ရရှိရန်အတွက် ထိုင်းနိုင်ငံ မဲဆောက်သို့ ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ပါသည်။ ထိုစဉ်အခါက မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမားတဦး၏ ပျမ်းမျှလစာသည် ကျပ်ငွေ သုံးသောင်းခန့်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမဲဆောက်တွင် အထည်ချုပ်အလုပ်သမားတဦး၏ ပျမ်းမျှလစာသည် မြန်မာကျပ်ငွေ တသိန်းခန့်ရရှိပါသည်။
စာရေးသူ အထည်ချုပ်အလုပ်သမားဘဝဖြင့် အလုပ်လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်- FTUB ၏ ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်တခုအောက်တွင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ နိုင်ငံရေးသင်တန်းများ၊ ဆွေးနွေးပွဲများတက်ရောက်ရင်း FTUB သို့ ဝင်ရောက်ခဲ့ပါသည်။
FTUB အဖွဲ့ဝင်ဖြစ်သည့်အချိန်မှ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဘာကြောင့်လုပ်ခဲ့သည်ကို နားလည်ခဲ့ပါသည်။ သို့သော်လည်း မြန်မာ့ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး တို့အတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုသည် အလုပ်ဖြစ်ခဲ့သလား မဖြစ်ခဲ့သလားလဲ မသိခဲ့ပါ။ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံသည့် အုပ်စုနှင့် ကန့်ကွက်သည့် အုပ်စုအကြား ကြားနေခဲ့သည်။
မြန်မာ့ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး တို့အတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုသည် အလုပ်ဖြစ်ခဲ့သလား မဖြစ်ခဲ့သလားလဲ မသိခဲ့ပါ။ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံသည့် အုပ်စုနှင့် ကန့်ကွက်သည့် အုပ်စုအကြား ကြားနေခဲ့သည်။
ထိုစဉ်အခါက FTUB သည် မိမိအား ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေး အရေးယူပိတ်ဆို့မှု ဆိုင်ရာ သတင်းအချက်အလက်များကို သိမ်းဆည်းရန်အတွက် တာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် မိမိသည် မြန်မာနိုင်ငံ ပို့ကုန်/ သွင်းကုန် သတင်းအချက်အလက်များကို နေ့စဉ် သိမ်းဆည်းခဲ့ရပါသည်။ Data Entry သမားတဦးဖြစ်ခဲ့သည်။ FTUB သည် Sanction ၏ အကျိုးသက်ရောက်မှုများကို ယင်းသတင်းလေ့လာမှုများမှ စောင့်ကြည့်လေ့လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဖိအား ထိရောက်ခဲ့သောကြောင့် ထိုစဉ်က စစ်အုပ်စုသည် ဟန်ပြ ဒီမိုကရေစီဖော်ဆောင်ရန် ညောင်နှစ်ပင် ညီလာခံကို ခေါ်ယူ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ရန် စတင် ကြိုးပမ်းလာခဲ့ရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် ရေးဆွဲလာခဲ့ရသည်။
တဖက်တွင် စစ်အုပ်စုသည် စီးပွားရေးပိတ်ဆို့ အရေးယူမှု တို့မမှု၊ ပြည်သူလူထုကိုသာ ထိခိုက်ပါသည် ဆိုသည့် ဝါဒမှိုင်းများကို စဉ်ဆက်မပြတ် ရိုက်သွင်းခဲ့သော်လည်း တဖက်တွင် နိုင်ငံတကာကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြသခဲ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လယ်သမား၊ အလုပ်သမားများကို လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ပေးရန် အာမခံချက်ပေးခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် UMFCCI မှ ဦးလှမောင်ရွှေ ဦးဆောင်သော အလုပ်ရှင်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ILO ရှေ့မှောက်၌ FTUB ကို လာရောက်တွေ့ဆုံပါသည်။ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ဖွင့်ပေးရန်အတွက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် FTUB သည် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ILO သို့ နှစ်စဉ် အစီရင်ခံစာ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံအား စီးပွားရေးအရ ပိတ်ဆို့ အရေးယူရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် ILO သည် ၂၀၀၀ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှု အရေးယူမှုအတွက် အရေးပါသော ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဖိအား ထိရောက်ခဲ့သောကြောင့် ထိုစဉ်က စစ်အုပ်စုသည် ဟန်ပြ ဒီမိုကရေစီဖော်ဆောင်ရန် ညောင်နှစ်ပင် ညီလာခံကို ခေါ်ယူ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ရန် စတင် ကြိုးပမ်းလာခဲ့ရပါသည်။
ILO နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကို နည်းပညာအရ ငွေကြေးအရ ထောက်ပံ့ပေးမှု လုံးဝ မပြုရ ဆုံးဖြတ်ချက် ဖြစ်သည်။ အထူးကုန်သွယ်ခွင့်အခွင့်အရေး GSP၊ လက်နက်မှလွဲ အရာရာ EBA တို့ သည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု မရှိမှသာ ရယူထိုက်ပါသည်။
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီနှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့သည် ILO ရှေ့မှောက်တွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ခွင့်ပြုပေးပြီး အလုပ်သမားသမဂ္ဂအဖွဲ့၏ ဆောင်ရွက်ခွင့်ကို ပေးမည်ဟု ကတိပြုခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ပြဌာန်းပေးခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် FTUB သည် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး အလုပ်သမားသမဂ္ဂလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအား ပိတ်ဆို့မှု အရေးယူမှုများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း ကြိုးစားခဲ့ပါသည်။ FTUB နှင့် အစိုးရများ၊ အလုပ်ရှင်များ တွေ့ဆုံဆွေးနွေးသည့် အခါတိုင်း Sanction သည် အရေးပါသော ကိစ္စရပ်ဖြစ်ခဲ့သည်။ စာရေးသူအနေဖြင့် ထိုကဲ့သို့သော အစည်းအဝေးပေါင်းမြောက်များစွာ တက်ရောက်ခဲ့ပြီးသည့် နောက်မှ Sanction သည် မြန်မာနိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါခဲ့သည်ဟု လုံးဝ သိရှိနားလည်ခဲ့ပါသည်။ စစ်အုပ်စုနှင့် စစ်အုပ်စုအား ထောက်ခံသည့် အလုပ်ရှင်များသည် Sanction ကို အင်မတန်ကြောက်ရွံ့ပါသည်။
Sanction သည် မြန်မာနိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါခဲ့သည်ဟု လုံးဝ သိရှိနားလည်ခဲ့ပါသည်။ စစ်အုပ်စုနှင့် စစ်အုပ်စုအား ထောက်ခံသည့် အလုပ်ရှင်များသည် Sanction ကို အင်မတန်ကြောက်ရွံ့ပါသည်။
အလုံးစုံ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်၊ ၂၀၀၆ ခုနှစ် စသည့် ကြားကာလများတွင် လုံးဝပြင်းထန်ခဲ့သည့်အတွက် ဒီမိုကရေစီ မပေးချင်သော်လည်း ဟန်ပြပေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် Sanction လက်နက်သည် ထိရောက်မှု ရှိ မရှိ မေးပါက မိမိအတွေ့အကြုံအရ ထိရောက်မှုရှိသည်ဟု တင်ပြပါသည်။
Sanction သည် အလုပ်သမားနှင့် ၎င်း၏ မိသားစုများကို ထိခိုက်မှု ရှိ မရှိ မေးခွန်းကို ဖြေဆိုမည်ဆိုပါကလည်း မိမိအတွေ့အကြုံအရပင် ထိခိုက်မှု ရှိပါသည်ဟု ဖြေပါမည်။ သို့သော် Sanction မပြုလုပ်ပါက စစ်အာဏာရှင် လက်အောက်တွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး တဖက်သတ် အမြတ်ထုတ် ဂုတ်သွေးစုပ်ခံနေရသည့် ဘဝများကလည်း ပို၍ ထိခိုက်ပါသည်။
၇၅ ရာခိုင်နှုန်း ဒီမိုကရေစီနှင့် အရပ်သားအစိုးရ အုပ်ချုပ်မှုကို ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပြုပြင်ပြောင်းလဲနိုင်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားကဏ္ဍများ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါသည်။
အလုပ်သမားများ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်၊ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းပိုင်ခွင့်၊ အခြေခံလစာ သတ်မှတ်ရေး အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ခွင့်၊ အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ပြဿနာဖြေရှင်းရေး ယန္တရား ပေါ်ပေါက်လာခြင်းတို့က ဥပမာကောင်းများ ဖြစ်သည်။
စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်ခဲ့ပါက နှစ်ကာလ ကြာရှည်စွာ လူ့အခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးသည့် စစ်ကျွန်ဘဝသို့ ရောက်ရှိသွားမည်ဖြစ်သည်။ မျိုးဆက်အလိုက် လုံးဝ နလန်ထူနိုင်တော့မည် မဟုတ်ပါ။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်တွင်မူ အားလုံးပျောက်ပျက်သွားကြပြီဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းဖက်စစ်ဆင်ရေးများ ပြုလုပ်ကာ အလုပ်သမားများနှင့် စက်မှုဇုန်များကို ပစ်မှတ်ထားလာသည်။ ၎င်းတို့၏ အခွင့်အရေးများအတွက် ဆန္ဒပြပွဲများမှတဆင့် ထုတ်ဖေါ်ရန် ကြိုးစားသော အလုပ်သမား သမဂ္ဂဝင်များနှင့် အလုပ်သမားများကို စစ်တပ်က လိုက်လံဖမ်းဆီးနေသောကြောင့် သမဂ္ဂခေါင်းဆောင် အများအပြား ပုန်းအောင်းနေကြရသည်။ အလုပ်သမားအများအပြားလည်း ဖမ်းဆီးခံရပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုလည်း ပယ်ဖျက်ထားသည်။ စစ်တပ် မှ အာဏာသိမ်းထားသည့်အတွက် လွတ်လပ်သော သမဂ္ဂအဖွဲ့ချုပ်များမှာ အလုပ်သမား ပြဿနာများကို မြေပြင်တွင် ဖြေရှင်းပေးနိုင်ရန် မဖြစ်နိုင်ပါ။
စစ်အာဏာရှင်စနစ်သာ သက်ဆိုးရှည်ခဲ့ပါက နှစ်ကာလ ကြာရှည်စွာ လူ့အခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးသည့် စစ်ကျွန်ဘဝသို့ ရောက်ရှိသွားမည်ဖြစ်သည်။ မျိုးဆက်အလိုက် လုံးဝ နလန်ထူနိုင်တော့မည် မဟုတ်ပါ။
ယခု နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အပြီးတိုင် လုံးဝချုပ်ငြိမ်းရေးကို ရည်မှန်းသည့် တိုက်ပွဲဖြစ်သည့်အတွက် ပေးဆပ်မှုတော့ရှိပါသည်။ အလုပ်သမားလူတန်းစားနှင့် မှီခိုသူ မိဘပြည်သူများသည် ပေးဆပ်မှုတော့ ရှိပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွဲနေသော အလုပ်သမားသမဂ္ဂများအပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်သည် အလုံးစုံ စီးပွားရေး အရေးယူပိတ်ဆို့မှု Comprehensive Economic Sanctions – CES ကို တောင်းဆိုရခြင်းဖြစ်ပါသည်။
သို့သော် အလုံးစုံ စီးပွားရေး အရေးယူပိတ်ဆို့မှုသည် လုံးဝ အရေးယူ ပိတ်ဆို့မှု မဟုတ်ပါ။ အလုပ်သမားနှင့် မှီခိုသူမိဘပြည်သူများကို ထိခိုက်မှု သက်သာစေရန် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အထောက်အပံ့များ( Humanitarian Aids)၊ သံရေးတမန်ရေးလုပ်ငန်းများ မပါဝင်ပါ။
အာဏာသိမ်းမှု မရှိတော့ရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားရန် စစ်တပ်ကို စီးပွားရေးအရ ဖိအားပေးစေလိုပါသည်။
(စာရေးသူသည် ရန်ကုန်ရှိ အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသူတဦး ဖြစ်သည်။)
You may also like these stories:
ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာအား ရုတ်သိမ်းရန် EU ကို အလုပ်သမားသမဂ္ဂများ တောင်းဆို
နေ့စဉ်ဖမ်းဆီးနေသည့် ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ပိုများလာ
ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ
အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီ လိမ်လည်ထုတ်ပြန်