စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ပိုများလာသည့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ ထံမှ အထည်အမှာစာ ပစ္စည်းများဝယ်ယူခြင်းကို တဆင့်ချင်း ရုပ်သိမ်းသွားတော့မည်ဟု ဆွီဒင်အခြေ စိုက် ကမာ္ဘ့ဒုတိယ အကြီးဆုံး အဝတ်အထည်ကုမ္ပဏီကြီးဖြစ်သည့် H&M က ယခုလအတွင်း ကြေညာခဲ့သည်။
ထိုသို့ နိုင်ငံတကာသိ ထင်ရှားသော အဝတ်အထည်အမှတ်တံဆိပ်တခု မြန်မာနှင့် အဆက်ဖြတ်တော့မည့်ကိစ္စရပ်ကို ပြည်တွင်းပြည်ပအလုပ်သမား အခွင့်အရေးလှုပ်ရှားသော အဖွဲ့အစည်းများက ကြိုဆိုထောက်ခံကြသော်လည်း အထည်ချုပ်လုပ်ငန်းရှင်များ ဘက်ကမူ စိုးရိမ်ပူပန်မှုအသံများ ထွက်ပေါ်လာခဲ့သည်။
H&M ၏ မြန်မာမှ အမှာစာများ ရပ်ဆိုင်းတော့မည့် ဆုံးဖြတ်ချက်များသည် စိန်ခေါ်မှုရှိသော စီးပွားရေး အခြေအနေများ ကြား အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် စက်ရုံများရှိ ဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းကို များစွာ ထိခိုက်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) က ဩဂုတ်လ ၂၅ ရက်တွင် ကြေ ညာချက်ထုတ်ခဲ့သည်။
ထို့ပြင် MGMA အနေဖြင့် အထည်ချုပ်လုပ်ငန်းရှင်များအပါအဝင် အလုပ်သမားများအတွက် မြန်မာ့ အထည်ချုပ်လုပ်ငန်း တိုးတက်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုကြောင်း၊ MGMA သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်များ၊ မိတ်ဖက်များနှင့်အတူ လက် တွဲနိုင်ရေး အမြဲအသင့်ရှိနေသည်ဟု လူသိရှင်ကြား ဆိုထားသည်။
MGMA အသင်းဝင်၊ အထည်ချုပ်လုပ်ငန်းရှင် တဦးက “သူတို့ (H&M) ဘက်က ရပ်ဆိုင်းလိုက်ရင်တော့ အဲဒီ Brand တွေ ချုပ်နေတဲ့ စက်ရုံတွေအတွက်က အော်ဒါမရှိတော့တဲ့အတွက် လည်ပတ်ဖို့ အခက်အခဲတွေ ရှိလာနိုင်တာပေါ့။ ဒါပေမယ့် အထည်ချုပ်ကဏ္ဍ တခုလုံးအတွက်ဆိုရင် အရမ်းတော့ သိပ်မဟုတ်ဘူးပေါ့။ တခြား Brand တွေ ချုပ်နေတဲ့ စက်ရုံတွေ လည်း အများကြီးရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အထည်ချုပ်လုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းဝင်ငွေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းခန့်မှာ လုပ်သားများကို ပြန်လည် ဝေမျှရသလို လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုကြောင့် အခြားသော အပိုကုန်ကျ စရိတ်ရှိသည့် အပြင် နိုင်ငံတကာ အဝတ်အထည်အမှတ်တံဆိပ်များဘက်ကမှ အော်ဒါများရပ်ဆိုင်းလိုက်မည်ဆိုပါက ထိုအမှတ်တံဆိပ် များကို မှီခိုနေသော ရင်းနှီးမြှုပ်နှံသူများနှင့် အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများအပေါ် ထိခိုက်သွားနိုင် ကြောင်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်များက ထိုသို့ ဆိုကြသော်လည်း အလုပ်သမားအရေး လုပ်ဆောင်သူများကမူ လတ်တလော အခြေအနေများ အရ ပြည်တွင်းအထည်ချုပ်ကဏ္ဍမှ အလုပ်သမားများသည် နိုင်ငံတကာ အမှတ်တံဆိပ်များ ချမှတ်ထားသော အလုပ်သမား အခွင့်အရေး စံနှုန်းများကို ခံစားခွင့်မရှိဘဲ လုပ်ငန်းရှင်များကသာ အကျိုးအမြတ်ရရှိနေခြင်းကြောင့် ထိုသို့ နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ်ကုမ္ပဏီများ ထွက်ခွာခြင်းသည် အလုပ်သမားများအပေါ် ထူးခြားမှု မရှိကြောင်း ပြောဆို ကြသည်။
ပြည်တွင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက “ပြည်တွင်းအလုပ်သမားတွေက H&M ထွက်သွားခြင်း၊ မထွက် သွားခြင်းကို သိပ်ပြီးတော့ မခံစားနေဘူး။ H&M ချုပ်လို့ Primark ချုပ်လို့ သူများစက်ရုံတွေထက် လစာကောင်းနေမယ်ဆို ရင်တော့ အလုပ်သမားတွေက သူတို့ မထွက်ပါနဲ့ဆိုပြီး ခြေသလုံးဖက် တောင်းပန်ပြီး ငိုကြမှာပေါ့။ ဒီအချိန်မှာ ငိုနေကြတဲ့ သူတွေက အဲဒီ H&M လို အမှတ်တံဆိပ်တွေနဲ့ အမြတ်စွန်းရနေတဲ့သူတွေသာ ငိုနေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍ အပါအဝင် လက်ခစားစနစ် (CMP) ဖြင့် လုပ်ငန်းလည်ပတ်နေသော စက်ရုံ အများစုသည် အလုပ်သမားအခွင့်အရေးများကို လေးစားလိုက်နာမှုရှိသော နိုင်ငံတကာအမှတ် တံဆိပ်များထက် လေးစား လိုက်နာမှုမရှိသော အမှတ်တံဆိပ်များက ပိုမို များပြားနေလျက်ရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ဆိုသည်။
အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ဆက်လက်၍ “H&M ချုပ်နေလို့ဆိုပြီး ဘယ်စက်ရုံကမှ အလုပ်သမားတွေ လုပ်ခလစာ ကျပ် ၁ သောင်း ပေးနေတာ မရှိပါဘူး။ တခြား ဂျပန်အမှတ်တံဆိပ်တို့ ပြည်တွင်းအမှတ်တံဆိပ်တွေကို ချုပ် နေတဲ့ စက်ရုံတွေလိုပဲ တရက်ကျပ် ၄၈၀၀ နှုန်းပဲ၊ အလုပ်သမားအခွင့်အရေးကရော ဘယ်လောက်တိုးပေးနေလဲ သမဂ္ဂ ဖွဲ့ခွင့်ရှိလို့လား၊ စုပေါင်းတောင်းဆိုမှု တွေကို သဘောတူညီပေးထားလို့လား။ Brand ချုပ်တယ်ဆိုတဲ့ နာမည်ခံတခုပဲ ရှိ တယ်” ဟု ထောက်ပြပြောဆိုသည်။
H&M သည် Zara ပိုင်ရှင် Inditex၊ Primark၊ Marks & Spencer နှင့် အခြားသော နိုင်ငံတကာ အမှတ်တံဆိပ်ပြီးနောက် မြန်မာမှ အထည်ချုပ်ပြီး ပေးသွင်းသူများနှင့် အဆက်အသွယ်ဖြတ်သည့် နောက်ဆုံး ကုန်အမှတ်တံဆိပ် ဖြစ်လာခဲ့ပြီး ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအရေးဆောင်ရွက်သော အဖွဲ့အစည်းများကို မတရား အသင်း ဖြင့် ကြေညာခြင်းအပြင် အလုပ်သမားအခွင့်အရေးတောင်းဆိုသည့် အလုပ်သမားများကိုလည်း ဆူပူအောင် လှုံ့ ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့်ပါ တရားစွဲ ထောင်ချ လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှ ဟိုစိမ့် (မြန်မာ)စက်ရုံနှင့် လှိုင်သာယာမြို့နယ်မှ Sun Apparel Myanmar အထည်ချုပ်စက်ရုံ အလုပ်သမား ၁၀ ဦးကို အထက်ပါ ပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲထားသည်။
လက်ရှိအချိန်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍ၌ အလုပ်သမား ၄ သိန်းဝန်းကျင် အလုပ် လုပ်ကိုင်လျက်ရှိ ပြီး အဓိကအားဖြင့် အမျိုးသမီးလုပ်သားများစွာ မှီခိုလုပ်ကိုင်နေသောလုပ်ငန်းကဏ္ဍ ဖြစ်ကာ မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရှိပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်၌ အသင်းဝင်ထား သော စက်ရုံပေါင်း ၅၀၀ ကျော် အထိရှိကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသော အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတဦးက “မြန်မာပြည်မှာက တာဝန်ယူမှုရှိတဲ့ Brand အရေအတွက်က အရမ်းကို နည်းပါးတယ်။ အဲဒါတော့ ကျနော်တို့က တာဝန်ယူမှုရှိတဲ့ Brand တွေကိုပဲ ဖိပြီးပြောနေရတဲ့ အခြေအနေ ဖြစ်တာပေါ့။ အဲဒီတော့ တာဝန်ယူမှုရှိတဲ့ Brand တွေ ထွက်သွားခြင်းအားဖြင့် အလုပ်သမားတွေက တာဝန်ယူ မရှိတဲ့ Brand တွေနဲ့ ဆက်ပြီးအလုပ်လုပ်ရမှာဖြစ်တဲ့အတွက် လုပ်ငန်းခွင်အခြေအနေက ဆိုးဝါးသထက်ဆိုးဝါးလာတော့ မယ်” ဧရာဝတီသို့ ပြောသည်။
ထိုသို့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်းကို အလုပ်သမား၊ အလုပ်သမားအရေး ဆောင်ရွက်သူ များက ပြောဆိုထားကြသော်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ကမူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်ကာ အဖွဲ့ဝင်စက်ရုံများ၏ အမျိုးသားအလုပ်သမားဥပဒေများ၊ နိုင်ငံတကာ အလုပ်သမား ဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာမှုရှိမရှိကို အကဲဖြတ်ချက်များ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပြော ဆိုသည်။
လက်ရှိအချိန်အထိ စက်ရုံပေါင်း ၂၂၀ ကျော်ကို အကဲဖြတ်မှုလုပ်ဆောင်ခဲ့ပြီးဖြစ်သလို စက်ရုံပေါင်း ၁၀၀ ကျော်ကိုလည်း အကဲဖြတ် လုပ်ငန်းစဉ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုထားသည်။
သို့သော်လည်း MGMA သည် အဓိကအော်ဒါပမာဏအများအပြားကို ချုပ်ကိုင်ကာ မြန်မာလုပ်ငန်းရှင်များသို့ အော်ဒါပြန် လည်ခွဲဝေပေးသော နိုင်ငံခြားလုပ်ငန်းရှင်အထိ ဩဇာသက်ရောက်နိုင်မည်လားဆိုသည့် မေးခွန်းထုတ်ရန်ရှိပြီး ယခင်က အစိုးရ ရုံးပိတ်ရက်ကိစ္စများကိုပင် MGMA က ကြားဝင်ဖြေရှင်းပေးနိုင်ခြင်းမရှိသည့် အခြေအနေများရှိခဲ့ကြောင်းလည်း အလုပ်သမား အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။
MGMA အသင်းဝင် အထည်ချုပ်လုပ်ငန်းရှင် တဦးက “အခုလည်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားပြဿနာတွေ မြောက်များစွာလည်း မရှိနေပါဘူး။ အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမားတိုင်းဟာ အလုပ်သမားဝန်ကြီးဌာန (စစ်ကောင်စီ လက်အောက်ခံ) မှာရှိတဲ့ ဌာနတွေကို တိုင်လို့ရှိရင် ချက်ချင်းအရေးယူ ဖြေရှင်းတာမျိုးတွေ ကျနော်တို့လည်း တွေ့နေရပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသည်လည်း ၎င်းလက်အောက်ရှိ မြို့နယ် အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုဖြေရှင်းရေးယန္တရားများတွင် ပြည်တွင်းပြည်ပ အလုပ်သမားဥပဒေများကိုပင် ဂဃနဏ သိရှိသူ မရှိသ လောက် နည်းပါးကြောင်း အလုပ်သမားအရေးလုပ်ဆောင်သူများထံက သိရသည်။
မြန်မာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရင်းမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုးက “သူတို့ (MGMA) ထုတ်ပြန်ချက်မှာ အလုပ်သမားအခွင့်အရေးတွေအတွက် တိကျခိုင်မာပြတ်သားတဲ့ ကတိကဝတ်ကို မတွေ့ရသ လို သူတို့သည် အလုပ်သမားအခွင့်အရေးကို ဖော်ဆောင်နိုင်တဲ့ အလုပ်ရှင်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကလည်း ယုံ ကြည်နိုင်စရာမရှိပါဘူး။ အာဏာသိမ်းတာပဲ ၃ နှစ်ပြည့်တော့မယ်။ ဒီအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အလုပ်သမား အခွင့်အရေးကို လောက်လောက်လားလား ဖြေရှင်းပေးနိုင်တာ ဘယ်နေရာများရှိသလဲ” ဟု ပြောဆိုသည်။
ယခုသတင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများထံ ဆက်သွယ်မေး မြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံမှု များစွာဖြစ်ပေါ်ခြင်းနှင့် ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများ မရှိတော့သည့်အတွက် မြန်မာနိုင်ငံကို ဥရောပသမဂ္ဂ (EU) ၏ “Everything But Arms” (EBA) အစီအစဉ်ဖြင့် အခွန်ကင်းလွတ်ခွင့်ပေးထားခြင်းကို ရုပ်သိမ်းပေးရန် အလုပ်သမားအခွင့်အရေးလှုပ်ရှား နေသော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ခန့်က စုပေါင်းပြီး တောင်းဆိုသွားမည် ဖြစ်ကြောင်း ဒေါ်ဖြိုး စန္ဒာစိုး က ဆက်လက်ပြောဆိုသည်။
ဥရောပသမဂ္ဂ (EU) ၏ “Everything But Arms” (EBA) အစီအစဉ်သည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၇ နိုင်ငံမှ လက်နက်ခဲယမ်းမီးကျောက်မှလွဲ၍ သွင်းကုန်အားလုံးအတွက် အခွန်အခများနှင့် ခွဲတမ်းများကို ဖယ်ရှားပေး ထားသည်။
ထို EBA အစီအစဉ်မှ မြန်မာ့အထည်ချုပ်ကဏ္ဍသည် ဥရောပသမဂ္ဂ (EU) ၏ အထူးအခွန်သက်သာခွင့် (GSP) ကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်ရရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တို့၌ အလျင် အမြန်ဆုံး တိုးတက်ခဲ့သော လုပ်ငန်းကဏ္ဍဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သော ကဏ္ဍတခုလည်း ဖြစ်သည်။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “မြန်မာပြည်ကို အထူးအခွင့်အရေးတွေ ပေးထားတာတွေ ပြန်ရုပ်ဖို့ ဖြစ်လာတာတွေကတော့ အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတခုတည်းနဲ့တော့ မဟုတ်နိုင်ဘူး။ တခြားသော နိုင်ငံရေးအကြောင်း အရာတွေနဲ့လည်း သက်ဆိုင်ပါတယ်” ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ ဥရောပနှင့် အနောက်နိုင်ငံများမှ အပ်ထည်အော်ဒါများသည် သိသိသာသာ လျော့နည်းလျက်ရှိပြီး လတ်တလောတွင် မြန်မာ့အထည်ချုပ်ကဏ္ဍသည် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံဘက်မှ အော်ဒါများဖြင့် လုပ်ငန်းလည်ပတ်နေကြသည်ကများကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါး လာခြင်းအစရှိသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တဖြည်းဖြည်း ထွက်ခွာသွားခြင်းမှာလည်း လုပ်ငန်းရှင်များ၊ အလုပ်သမားများသာမက ကဏ္ဍအသီးသီးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကာ နိုင်ငံ၏ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်စေ နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။ ။
You may also like these stories:
မြန်မာစက်ရုံမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ H&M စုံစမ်းစစ်ဆေး
မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ