ဆောင်းပါး

ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ရောဂါ ရိုက်ခတ်မှုဒဏ်ကြောင့် တိုင်းတပါးတွင် အလုပ်အကိုင်များ ခက်ခဲနေ၍ အိမ်ပြန်ရန်အတွက် ပြင်ဆင်နေဆဲမှာ ပင် စစ်တပ်အာဏာသိမ်းလိုက်သဖြင့် အိမ်ပြန်လမ်း ဝေးသွားသူများတွင် မဆွိဗန် (အမည်လွှဲ) တယောက်လည်း ပါဝင်နေ သည်။

မဆွိဗန်သည် ချင်းတိုင်းရင်းသူ ဖြစ်ပြီး ကလေးမြို့တွင် နေ့စား လုပ်အားပေး ကျောင်းဆရာမ အလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေရာမှ စားဝတ်နေရေးအတွက် လောက်ငှမှု မရှိသဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင် နေခြင်း ဖြစ်သည်။

ကိုဗစ်‌ရောဂါ ဖြစ်ပွားနေသဖြင့် မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးအများစု လုပ်ကိုင်ရသည့် စားသောက်ဆိုင် လုပ်ငန်းများမှာ ပိတ်ထားသောကြောင့် အလုပ်လက်မဲ့ဖြစ်ကာ တချို့ မြန်မာလူမျိုး အလုပ်သမားများ မိမိကိုယ်ကိုယ် အဆုံးစီရင်ကြသည် အထိ ရှိသလို လမ်းဘေးရောက်သူ၊ ထမင်းငတ်သူများလည်း ရှိနေသည်။

ထို့အတူ မဆွိဗန်သည်လည်း အလုပ်လက်မဲ့တယောက် ဖြစ်နေပြီး အိမ်သို့ပြန်ရန် စီစဉ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် အိမ်ပြန်ရန်မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရသည်။

မဆွိဗန်က “ကိုဗစ်ကြောင့် အလုပ်က အရမ်းခက်ခဲတယ်။ ဖွင့်ကို မဖွင့်တာ။ တချို့ဆိုင်တွေက လူလျှော့တယ်။ တချို့က လစာတဝက်လောက်ပဲ ရတယ်။ အရင် တနေ့ကို မလေးရှား ရင်းဂစ် ၅၀ လောက်ရရင် အခုက ၁၀ လောက်ပဲရတာ။ အဲဒီ တော့ စားသောက်ဖို့ မပြောနဲ့ အိမ်လစာတောင် မပေးနိုင်တော့ဘူး။ ဒါကြောင့် မြန်မာပြည်ကို ပြန်ချင်ကြတာ။ ဒါပေမယ့် ပြန်မယ်ဆိုတော့လည်း အခုအခြေအနေနဲ့ ပြန်လည်း ငတ်သေမှာပဲ” ဟု ပြောပြသည်။

ကပ်ရောဂါကြောင့် အလုပ်လက်မဲ့များ ဖြစ်ပြီး စီးပွားရေး အဆင်မပြေသဖြင့် အဆုံးစီရင်ကြသည့် မြန်မာလုပ်သားများ ရှိ သလို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်လည်း မြန်မာလုပ်သာများ သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှ ရှိနေသည်။

မဆွိဗန်အနေဖြင့် မလေးရှားနိုင်ငံသို့ မသွားခင်အချိန်က ကျောင်းဆရာမအလုပ်ကို ဝါသနာပါ၍ လုပ်အားပေး‌ကျောင်း ဆရာ မမှ အစိုးရခန့် ဆရာမဖြစ်ရန် သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့သော်လည်း ဗမာလူမျိုးမဟုတ်ခြင်း၊ သာမန် မိသားစုမှ ဖြစ်ခြင်း အစရှိသည့် အကြောင်းပြချက်များကြောင့် ပယ်ချခံခဲ့ရသည်။

ဆက်လက်၍ မဆွိဗန်က “ကျမက ကျောင်းဆရာမ အလုပ်ကို ဝါသနာပါတာ။ ပြောရရင်တော့ ဘာသာရေးအရရော လူမျိုး ရေး အရရောကြောင့်ပေ့ါ မရတာ။ ချင်းလို့ ပြောရင် ကျမတို့ ပြည်နယ်မှာ အစိုးရ တရားဝင် ခန့်ထားတဲ့ ဆရာမက ၁၀၀ မှာ တယောက်လောက်ပဲ ရှိတယ်။ မရှိသလောက် ရှားတယ်” ဟု ပြောပြသည်။

ထို့ကြောင့် လုပ်အားပေး ကျောင်းဆရာမ ဘဝနှင့်သာ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိပြီး တလျှင် လစာ ကျပ် ၅ သောင်းသာ ရရှိခဲ့သည်။

“၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်က ကျမတို့ဆီမှာ ကြံ့ခိုင်ရေး အသင်းဝင်ကတ် မရှိရင် အစိုးရခန့် တရားဝင် ကျောင်းဆရာမ လုပ်လို့ မရဘူး ပြောတယ်။ ရယ်လည်းရယ်ချင် အစိုးရဝန်ထမ်းဘဝကိုလည်း စိတ်နာတဲ့အထိ ဖြစ်သွားတယ်။ လုပ်အားပေး ဆရာမလစာနဲ့လည်း မိသားစု မလုံလောက်တော့ ပြည်ပ ထွက်ဖြစ်သွားတာ” ဟု နောက်ဆုံးတကြိမ် ကျောင်းဆရာမအဖြစ် မဆွိဗန် လျှောက်စဉ်က ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ပြန်ပြောပြသည်။

ရရှိသည့် ထိုလစာငွေသည် မိသားစု စားဝတ်နေရေးနှင့် မောင်နှမများ၏ ကျောင်းပညာရေး ဆက်သင်နိုင်ရန်အတွက် လုံ လောက်‌မှု မရှိသဖြင့် သူမ မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်ရန် ထွက်လာခြင်းဖြစ်သည်။

“စစ်တပ်ကြောင့် ပြည်ပ ထွက်လာရသလို စစ်တပ်ကြောင့်ပဲ အိမ်ပြန်ဖို့ ခက်ခဲသွားတယ်” ဟု မဆွိဗန်က မျှော်လင့်ချက်မဲ့ သည့် လေသံတိုးတိုးဖြင့် ပြောပြနေသည်။

မဆွိဗန်၏ ဇာတိမြေ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တခု ဖြစ်သည့်အပြင် လက်ရှိအချိန်တွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် ဒေသတွင်း PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသလို စစ်တပ်မှ အရပ်သား အိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းတို့ကြောင့်လည်း ဒေသခံများ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးနေရကာ၊ မငြိမ်းချမ်း မလုံခြုံသည့် ပြည်နယ်တခုလည်း ဖြစ်နေသည်။

ထိုအခြေအနေများကြောင့်လည်း မြန်မာပြည်သို့ ပြန်လာလျှင်လည်း လုပ်ကိုင်စားသောက်ရန် လမ်းစ ပျောက်နေသလို စားဝတ်နေရေး ပို၍ အခက်အခဲ ဖြစ်နိုင်သဖြင့် မပြန်ဖြစ်ဘဲ မိသားစုကို အဝေးမှ စိတ်ပူနေရခြင်း ဖြစ်ကြောင်း ဆိုသည်။

ကလေးမြို့တွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသည့် မဆွိဗန်၏ မိသားစုဝင်များသည်လည်း ကိုဗစ်ကာလကတည်းက ဆိုင်ပိတ်ထားရကာ၊ လက်ရှိတွင်လည်း ဒေသတွင်း မငြိမ်သက်သဖြင့် ဆိုင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသောကြောင့် မိသားစု၏ စားဝတ်နေရေးကို မဆွိဗန်က ထောက်ပံ့နေရခြင်း ဖြစ်သည်။

ကပ်ရောဂါဘေးအပြင် စစ်ဘေးသင့် ဒေသဖြစ်သောကြောင့် လက်နက်ကြီး ကျရောက်မည့်ဘေးအတွက် ကျန်ခဲ့သည့် မိသားစုကို နေ့စဉ်နှင့်အမျှ စိတ်ပူနေရသည်ဟုလည်း ဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအများစုမှာ စားသောက်ဆိုင်များတွင် ဝန်ထမ်းများအဖြစ် လုပ်ကိုင်မှုများပြီး အများစုမှာ တရားမဝင် သွားရောက်ကိုင်သည့် လုပ်သားများ ဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူများစုနှင့် ထိတွေ့ရသော စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်နှင့် အခြားလူထပ်စွာ သွားလာရသည့် နေရာများကို နိုင်ငံတိုင်းလိုလိုက ပိတ်ထားကြသဖြင့် စားသောက်ဆိုင် လုပ်ငန်းကို မှီခို၍ လုပ်ကိုင်နေကြသော မြန်မာလုပ်သားအများစုက အလုပ်အဆင်မပြေသဖြင့် နေရပ်သို့ ပြန်လိုခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် အဆင်မပြေသည့် မြန်မာလုပ်သားများအနေနှင့် နေ့စဉ် ထမင်း၊ ဟင်းများကိုလာရောက် လှူဒါန်းသော အလှူရှင်များကို စောင့်၍ စားသောက်ရသည်အထိပင် ရှိနေသည်ဟု မလေးရှားရောက် ရွှေ့ပြောင်း လုပ်သားတဦးဖြစ်သူ မစန်းစန်းမြင့်က ဆိုသည်။

“ဒီမှာက Lockdown ချလိုက်တော့ အလုပ်က လုပ်မရတော့ဘူး။ အဲဒါကြောင့် လမ်းဘေးရောက်တဲ့သူတွေ ထမင်းငတ်တဲ့ သူ‌တွေ ရှိတယ်။ အလှူရှင်ကို အားကိုးနေရတယ်။ အဆင်မပြေလို့ မြန်မာပြည်ကို ပြန်ချင်ပေမယ့်လည်း အခု အခြေအနေ နဲ့က မပြန်ရဲကြဘူး။ ပြန်လို့လည်း မလွယ်ဘူး” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် အခန်းကျဉ်း တခန်းပင်လျှင် ရင်းဂစ် ၃၅၀ ကနေ ၆၀၀ အထိ ဈေးအမျိုးမျိုးရှိပြီး ယခင်က မလေးရှား ရင်းဂစ် ၁၀၀ လျှင် မြန်မာငွေ ၂၆၀၀၀ ကျပ် ရှိရာမှ လက်ရှိအချိန်တွင် မလေးရှားငွေဈေး တက်နေသဖြင့် ရင်းဂစ် ၁၀၀ လျှင် မြန်မာကျပ်ငွေ ၄၀၀၀၀ ကျော်အထိ ရှိကာ ကျပ်နှစ်သောင်းနီးပါးအထိ မြင့်တက်နေသည်။

ထို့သို့ ငွေဈေးတက်သော်လည်း ယခုအချိန်တွင် မြန်မာကျပ်ငွေ ကျဆင်းသလို ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် မြန်မာသို့ ငွေပြန်ပို့လျှင်လည်း ယခင်ထက် ငွေပို၍ ပို့မှသာ အဆင်ပြေကြောင်း လုပ်သားများက ပြောသည်။

မြန်မာရွှေ့ပြောင်း လုပ်သားတဦးလျှင် မလေးရှားနိုင်ငံတွင် ပုံမှန် ရင်းဂစ် ၁၃၀၀ ကနေ ၁၆၀၀ အထိ ရရှိပြီး လုပ်သက် ကြာပါက ရင်းဂစ် ၂၀၀၀ အထိ ရကြောင်း၊ ကိုဗစ်ကာလအတွင်းတွင်မူ ၁ ရက်လျှင် ရင်းဂစ် ၁၀ သာ ရရှိသည်အထိ အလုပ်အကိုင်များ ဆုတ်လျော့ခဲ့သည်ဟု မစန်းစန်းမြင့်က ဆိုသည်။

လက်ရှိတွင် စီးပွားရေး ကျပ်တည်းလာမှုကြောင့် မလေးရှားအစိုးရက ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူများကို ဆိုင်ထိုင် စားသောက်ခွင့်ပေးပြီး ရဲများက လိုက်လံစစ်ဆေးကာ အကယ်၍ သတ်မှတ်ထားသည့်အတိုင်း မလိုက်နာလျှင် မလေး ရှားငွေ တသောင်းအထိ ဒဏ်ရိုက်ကြောင်း ၎င်းက ပြောပြသည်။

ဆက်လက်၍ ၎င်းက “မြန်မာငွေနဲ့ဆိုရင် သိန်း ၄၀ ကျော်နီးပါးပဲ။ Mask မတပ်ရင်လည်း မလေးငွေ တထောင် ဒဏ်ရိုက် တယ်။ အခုကတော့ သူတို့ နိုင်ငံသားရော တခြား လာလုပ်တဲ့သူတွေရော စီးပွားရေးက တော်တော်ထိခိုက်နေလို့ မဟန်တဲ့ အတွက် ဆိုင်တွေကို ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ည ၁၂ နာရီအထိပဲ။ ကိုဗစ်ဖြစ်ရင် ကိုယ့်ဘာသာ ကုရမယ်။ ကိုယ့် ကိုယ်ကိုယ်ပဲ ဂရုစိုက်ရမယ်လို့ ကြေညာချက် ထုတ်တယ်” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ယခု အောက်တိုဘာလကုန်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ညလုံးပေါက် ဖွင့်သည့် ဆိုင်များနှင့် မနက် ၄ နာရီအထိ ဖွင့်သော ဆိုင်များကို ပြန်လည် ဖွင့်ခွင့်ပေးမည် ဟုလည်း သတင်းသဲ့သဲ့ ကြားနေရကြောင်း သူူမက ဆိုသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးထိခိုက်မှု ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါအပြင် အာ ဏာသိမ်းလိုက်ခြင်းကြောင့် နိုင်ငံရေး မငြိမ်သက်မှုများ၏ အကျိုးဆက်အဖြစ် စီးပွားရေးအခြေအနေက ဆက်လက် ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။

ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် လပိုင်းက ထုတ်ပြန်သော အစီရင်ခံစာတွင်လည်း စီးပွားရေး အထိခိုက်ဆုံးဟု သတ်မှတ်ခံရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပြီး မြန်မာ့စီးပွား‌ရေး၏ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်း အကျိုးဆက်များကြောင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြခြင်း၊ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများလည်း မလည်ပတ်နိုင်ကြခြင်းတို့အပြင်၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှုများကြောင့် ပြည်တွင်းရှိ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နှုန်းလည်း တိုးလာသလို၊ စားဝတ်နေရေး အကျပ်အတည်း အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရလျက်ရှိသည်။

ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ၏ စာရင်းများအရ မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၄ သန်းကျော် ရှိသည့်အနက် လူဦးရေ ၄ သန်းကျော်သည် အိမ်နီးချင်း ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်ကာပူ နိုင်ငံတို့တွင် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး ယင်းလုပ်သားများထဲမှ ၇၀ ရာ ခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင်လည်းကောင်း၊ ၁၅ ရာခိုင်နှုန်းက မလေးရှားတို့တွင် သွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနောက်ဆက်တွဲအဖြစ် စီးပွားရေး ရိုက်ခတ်မှုများ ရှိနေသလို စစ်အာဏာ သိမ်းလိုက်ခြင်းကြောင့် စီးပွားပျက်ကပ်များ၊ အလုပ်လက်မဲ့ဖြစ်မှု၊ စားဝတ်နေရေး ကျပ်တည်းမှု အစရှိသည့် ကပ်ဘေး များကို မြန်မာပြည်သူများ ခါးစည်း ခံစားနေကြရသည်။

နိုင်ငံတွင်း၌ နေ့စဉ်နှင့်အမျှ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်သည့် လှုပ်ရှားမှုများရှိသလို နိုင်ငံရေးနှင့် ဆက်နွယ်ပြီး စီးပွားရေး လုပ်ကိုင်ရန် အခွင့်အလမ်းများ ပျောက်နေခြင်း၊ စီးပွားရေး ကျဆင်းနေခြင်း၊ ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ကုန်ဈေး နှုန်းများ အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် ပြည်သူများအနေနှင့် အသက်ရှူကျပ်လှသည့်ကာလလည်း ဖြစ်နေသည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်လည်း လမ်းစရိတ် ခက်ခဲခြင်း၊ မြန်မာပြည်တွင်း၌ အလုပ်အကိုင်များ လည်း ခက်ခဲနိုင်မည်ဖြစ်သဖြင့် မဆွိဗန်လို မလေးရောက် မြန်မာလုပ်သားအများစုမှာ အလုပ်လက်မဲ့ ဘဝဖြင့် မလေး ရှားနိုင်ငံတွင် သောင်တင်နေဆဲဖြစ်သည်။

မလေးရှားရောက် အလုပ်လက်မဲ့ မြန်မာများအဖို့ စားသောက်ရန် အလှူရှင်ပေးဝေငှသည့် အစားအသောက်များကို မျှော် ကိုးနေရသလို စစ်ဘေးကြားတွင် ရောက်ရှိနေသည့် မြန်မာပြည်က မိသားစုဝင်များကို လှမ်း၍ စိတ်ပူ စိုးရိမ်နေရသည့် အပူနှင့်အတူ အိမ်ပြန်မည့် လမ်းလည်း ပျောက်ဆုံးနေဆဲပင် ဖြစ်သည်။ ။

You may also like these stories:

ထိုင်း ကိုဗစ်-၁၉ ကူးစက်မှုသစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဓားစာခံ မဖြစ်သင့်

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ခံအလုပ်သမားကတ် လုပ်ပေးမည်

ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ ဒုက္ခ

Did you find apk for android? You can find new Free Android Games and apps.
Loading