ဈေးနှုန်းများ ခေါင်ခိုက်ပြီး အလုပ်လက်မဲ့အခြေအနေ ဆိုးရွားလာသောကြောင့် မြန်မာမှ ပိုမိုများပြားလာသော ပြည်သူများသည် နေ့စဉ် အစားအသောက်အတွက် ပရဟိတအဖွဲ့များကို မှီခိုလာရသည်ဟု ဒေသခံများ ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အခြေခံ ကုန်စည်ဈေးနှုန်းများ နှစ်ဆတက်ပြီး အချို့ကုန်စည်များ သုံးဆအထိ ဈေးတက်လာသောကြောင့် ကျွမ်းကျင်သူများက စစ်ကောင်စီ၏ စီးပွားရေး စီမံခန့်ခွဲမှု အမှားများကို အပြစ်တင်ကြသည်။
နိုင်ငံတွင် အဓိက စားသောက်ကုန်ဖြစ်သော ဆန်ဈေးများ စတင် တက်လာသောအခါ အခြေအနေ ပိုမို ဆိုးရွားလာသည်။ ဇူလိုင်လတွင် ကျပ် ၆,၀၀၀ (၂ ဒသမ ၈၆) ဒေါ်လာခန့်သာ ပေးရသည့် ဆန်တပြည် (၂ ကီလို) အိတ်တအိတ်ဈေးသည် ယခုအခါ ကျပ် ၇,၀၀၀ သို့ တက်သွားသည်။ အရည်အသွေးနိမ့် ဆန်တပြည်သည် ကျပ် ၂,၅၀၀ မှ ၃,၈၀၀ သို့ တက်သွားသည်။
ဝင်ငွေလျော့ကျပြီး ကုန်ဈေးနှုန်းများ တက်လာသောကြောင့် ပိုမိုများပြားလာသော မိသားစုများ အငတ်ဘေး ကြုံရသည်။
မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာနှင့် ရွှေပြည်သာ စသည့် ရန်ကုန်ရှိ မြို့နယ်များမှ မိသားစုများသည် ပရဟိတအဖွဲ့များနှင့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များ လှူဒါန်းသည့် အစားအသောက်ကို ပိုမို မှီခိုလာရသည်။
ပြည်သူများသည် လွန်စွာဝေးကွာသော နေရာများမှ လာရောက်ပြီး ၎င်းတို့မြို့နယ်များတွင် ပြန်လည်မျှဝေရန် အစားအစာကို နာရီပေါင်းများစွာ တန်းစီစောင့်ရကြောင်း ရန်ကုန်မှ ပရဟိတအဖွဲ့ ဦးဆောင်သူတဦးက ပြောသည်။
“လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။ အာဏာ မသိမ်းခင်က ကျနော်တို့ အစားအသောက်ဝေရင် ဒီလိုလူမျိုးတွေကို တွေ့ရခဲတယ်။ ဒါက ပြည်သူတွေ ဘယ်လောက် ရုန်းကန်နေရတယ် ဆိုတာကို ပြသနေတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ၎င်းကပြောသည်။
လွန်ခဲ့သော ၇ နှစ်က ထူထောင်ခဲ့ပြီး အများပြည်သူ အလှူငွေဖြင့် လည်ပတ်နေသည့် ထိုပရဟိတအဖွဲ့သည် လိုအပ်နေသည့် အခြေခံလူတန်းစားအတွက် ထမင်းနှင့်ဟင်းများ ဖြန့်ဝေပေးနေသည်။
“မိသားစု တစုမှာ လူ ငါးယောက်ရှိရင် သူတို့အားလုံး စားစရာ လာယူကြတယ်။ အရင်က ကျနော်တို့ အစားအစာဝေရင် လူ ၅၀၀၊ ၆၀၀ လောက်ပဲ လာယူပေမယ့် အခု လူ ၁,၀၀၀ ကျော်လောက်ကို စားစရာ ဝေနေရတယ်” ဟုလည်း သူကပြောသည်။
အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဝင်ငွေမရှိခြင်းတို့ကြောင့် ပြည်သူများသည် ထမင်းတနပ်ရရန် ရုန်းကန်နေရပြီး ထိုအခြေအနေကို မြင့်မားသည့် အစားအသောက် ဈေးနှုန်းများက ပိုမိုဆိုးရွားစေသည်ဟု အထက်ပါ ရန်ကုန်မှ ပရဟိတအဖွဲ့ ဦးဆောင်သူက ပြောသည်။
၂၀၁၇ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် တိုးတက်မှု အားနည်းကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ပြီး ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှု ရိုက်ခတ်ချက် နှစ်ခုကြောင့် ယခင်ရရှိပြီးသော တိုးတက်မှုများ ဆုံးရှုံးသွားသည်ဟု ပြောသည်။
မေလတွင် ပြုလုပ်သည့် ကမ္ဘာ့ဘဏ် စစ်တမ်းတစောင်တွင် မြန်မာလယ်ယာလုပ်ငန်း မိသားစုများ၏ ၄၈ ရာခိုင်နှုန်းသည် စားစရာ မလုံလောက်သည့် အခြေအနေကို ရင်ဆိုင်နေရပြီး ယခင် တနှစ်ကထက် ၂၆ ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြသည်။ ကမ္ဘာ့ဘဏ်၏ ဇွန်လက အစီရင်ခံစာတွင် မြင့်မားသော အစားအသောက် ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွခြင်းနှင့် ဝင်ငွေလျော့နည်းလာခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း စားနပ်ရိက္ခာ မဖူလုံမှုနှင့် အာဟာရချို့တဲ့မှု အခြေအနေ ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားသည်။
ဆန်နှင့်ကြက်ဥ ဝယ်ယူရန် တန်းစီနေသူ ထောင်နှင့်ချီသောကြောင့် မနိုင်မနင်း ဖြစ်ရကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် အစားအသောက်များကို ဈေးနှုန်း အကြီးအကျယ် လျှော့ရောင်းသည့် ဆိုင်တခုက ပြောသည်။
ထိုဆိုင်သည် သြဂုတ်လ ၂၇ ရက်နေ့တွင် လူ ၅၀၀ ကျော်ကို ဆန်တထုတ်လျှင် ၁၀၀ ကျပ်နှင့် ကြက်ဥ ၁၀ လုံးကို ၁၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။ သို့သော် လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် မြို့စွန်နေရာများမှ လူ ၂,၀၀၀ ကျော် လာရောက်တန်းစီပြီး ထိုဈေးသက်သာသည့် အစားအသောက်များကို ဝယ်ကြသည်။ အချို့သည် ၇ နာရီကြာ တန်းစီသည်။
“ဒီလောက်များတဲ့ လူအုပ် မတွေ့ဖူးဘူး။ အစားအစာ ဈေးနှုန်းတွေ အရမ်းမြင့်လို့ လူတွေတန်းစီနေရတယ်” ဟု ထိုဆိုင်မှ ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းတို့ဆိုင်သည် ကြီးထွားနေသည့် အခက်အခဲများကြားမှ လူများကို ကူညီရန် လွန်ခဲ့သောနှစ်ကလည်း အစားအသောက် အထူးရောင်းချခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသည်။
“အရင်တုန်းက လူ ၇၀၀ စာလောက်ကို ထောက်ပံ့တော့ လူ ၉၀၀ လောက်လာတယ်။ သြဂုတ်လ ၂၇ ရက်နေ့ကျတော့ ကျနော်တို့မှာ လူ ၅၀၀ စာလောက်ပဲ ရှိပေမယ့် လူ ၂,၅၀၀ လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစားအသောက် လှူဒါန်းမှုများသည် ၎င်းတို့ မိသားစုအတွက် အသက်ဆက်ရမည့် လမ်းကြောင်း ဖြစ်နေသောကြောင့် ထိုသို့သော လှူဒါန်းမှုများကို အမြဲတမ်း စောင့်မျှော်နေကြောင်း တောင်ဒဂုံတွင် နေထိုင်သူတဦးက ပြောသည်။
“တခါတခါ ရှိသမျှ ပိုက်ဆံအားလုံးနဲ့ ဆန်ပဲဝယ်နိုင်လို့ ဟင်းချက်စရာ မဝယ်နိုင်တော့ဘူး။ အဲဒါကြောင့် အစားအသောက် လှူတယ်လို့ သတင်းကြားတဲ့အခါ ကလေးတွေရော ကျမပါ ပျော်ကြတယ်” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yangon Food Charities Swamped as Hunger Stalks Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း
စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀
စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား
မြင့်လာနေသည့် ကုန်ဈေးနှုန်းကြား ပြည်သူများ ပို၍ ကျပ်တည်းလာ
ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ