ကျမတို့ အမျိုးသမီးတွေကို အမျိုးသား တချို့ရဲ့ အမြင်အပေါ် သုံးသပ်ချက်ကို ပွင့်လင်းစွာရေးချင်ပါတယ်။
ဒါဟာ နေ့စဉ်နှင့်အမျှ၊ နာရီ စက္ကန့်နှင့် အမျှ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ၊ ဘဝ တည်ဆောက်မှု၊ အသိဉာဏ် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ အရေးပါရုံမက ကျမတို့ တိုင်းပြည် အတွက်ပါ အကျိုးများစေမယ့် အရေးလည်း ဖြစ်ပါတယ်။
ကျမတို့ မိန်းမ အများစုဟာ ဗဟိဒ္ဓိ အပေါ်ယံ အရေပြား တထောက် အလှအပေါ် အာရုံပြုလွန်းပြီး အချိန်ကုန် လူပန်းရုံမက နောက်ဆုံး လူပါ ပျက်စီးစေဖို့အထိ တွန်းပို့ သွားနိုင်ပါတယ်။
ကျမတို့ ရှေးစာဆို ရှိနေတာကလည်း “ယောက်ျားတို့ ဥစ္စာသည် အချင်း၊ မိန်းမတို့ ဥစ္စာသည် အဆင်း” ဆိုတာကိုး။
ဒါဟာ မိန်းမတွေအဖို့ တင့်တယ် လှပတဲ့ ရုပ်ရည် လိုအပ်ကြောင်း အဆိုပြုသွားတာပါပဲ။ စောဒက တက်စရာတော့ မရှိပါဘူး။
မိန်းမတွေဟာ အဘယ်မျှ အကျည်းတန်ဦးတော့ ပင်ကို သဘာဝ အလှတွေနဲ့ သပ်ရပ် သန့်ရှင်းမှု၊ စနစ်တကျ ဆင်ယင် ထုံးဖွဲ့မှုတွေနဲ့ သိမ်မွေ့ ယဉ်ကျေးစွာ ကြည့်ပျော် ရှုပျော် ဖြစ်နိုင်တာကိုး။
ဗုဒ္ဓဝင်မှာ ဖုဿဒီ မိဖုရားကြီး ဆုတောင်းဟာ အထင်ကရ ထောင့်စေ့စေ့နှင့် သားဆယ်ယောက်ပင် ဖွားမြင်သော်လည်း မိန်းမ ရင်သားအလှ မတွဲမကျ ကညာပျို စစ်ကဲ့သို့ လှပါစေလို့ ဆိုလိုက်တာလေ။
ဒါပေမယ့် ကျမတို့ တွေးရမှာက ဒီလို ဆုတောင်းခဲ့တဲ့ ဝေဿန္တရာရဲ့ မယ်တော် မိဖုရားရဲ့ သံသရာ အဆက်ဆက် ဘဝ တည်ဆောက်မှုဟာ ဘယ်လိုလဲ။
မြတ်စွာဘုရား ပါရမီ ဖြည့်ဖက်များ ဖြစ်ကြတဲ့ ဝေဿန္တရာရဲက မဒ္ဒီဒေဝီ၊ မဟာဇနက ကြင်ဖော် သီဝလိ ဒေဝီ၊ မဟောသဓ ကြင်ရာတော် အမရာ စသည်တို့ဟာ မိန်းမကောင်း မိန်းမမြတ်များ ဖြစ်ခဲ့တယ် ဆိုတာ ဘယ်သူ ငြင်းနိုင်သလဲ။
ရုပ်ရည် လှပနုပျိုဖို့ ဆုတောင်းတာဟာလည်း အဖြည့်ခံ ဆုတောင်း တမျိုးပါ။ အမျိုးသားတွေ အမြင်မှာ မျက်စိ ပသာဒ ဖြစ်ဖို့၊ တင့်တယ်စေဖို့လည်း အဓိက ကျနေပါတယ်။
နောက်ပြီး သည်မိန်းမမြတ်တွေ ပါရမီ ဖြည့်တဲ့ ခင်ပွန်းသည်ဟာလည်း အထွတ်အမြတ်၊ လူမင်း နတ်မင်း ဗြဟ္မာ မင်းတို့ရဲ့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ဖြစ်နေတာလည်း စဉ်းစားကြည့်ဦးလေ။
နောက် နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ဇနီးဖြစ်တဲ့ ခရုစကားယား (လီနင်)၊ မဒမ် ဆွန်ယက်ဆင်၊ မစ္စက် ရုစ်ဘဲ့ (အမေရိကန်)၊ သာသနာပြု နိုက်တင်ဂေးလ်၊ မာသာထရီဆာ စသည်တို့ဟာ စိတ်စေတနာ ကောင်းကောင်း၊ အရည်အချင်း အပြည့်အဝနဲ့ လူ့လောက အကျိုး ဆောင်ရွက်ခဲ့သူချည်းပဲ ဖြစ်ပါတယ်။
ယုတ်စွအဆုံး ဟောလိဝုဒ် ရုပ်ရှင် မင်းသမီးများ ဖြစ်ကြတဲ့ မာရီလင် မွန်းရိုး နဲ့ ရက်ကွယ်လ်ဝှက်ချ် တို့တောင် ဒီလို မိန်းမ ဂုဏ်သိက္ခာ မြင့်မားစေတဲ့ အယူအဆများ ရှိခဲ့ကြပါတယ်။
အနီးစပ်ဆုံး ဥပမာကတော့ ရက်ကွယ်လ်ဝှက်ချ် ပါပဲ။ သူမဟာ အရပ် ၅ ပေ၊ ၁၀ လက်မ၊ ကိုယ်ကာယ ၃၇၊ ၂၂၊ ၃၅၊ လက်မ ရှိသူ။
“သေနတ် ၁၀၀” ရုပ်ရှင်ကားမှာ နာမည်ကြီးပြီး ဇာတ်ထုပ် တခုရဲ့ သရုပ်ဆောင်ခ ဒေါ်လာ ငါးသိန်း (ကာလ တန်ဖိုးနဲ့ တွက်ကြည့်ပါတော့) ရတဲ့ မင်းသမီး၊ ထူးခြားချက်က ဝတ်လစ်စလစ် ရိုက်ဖို့တော့ ငြင်းဆန်သတဲ့။
တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါခဲ့တဲ့ သူ့ရုပ်ပုံမှာ ဘီကနီ ရေကူး ဝတ်စုံတောင် လုံခြုံတဲ့ ဝတ်စုံ ရွေးခဲ့တာပဲ။ အင်တာဗျူး တခုမှာလည်း မိန်းမများကို အထင်သေး၊ အမြင်သေး ဖြစ်ကြတဲ့ ယောက်ျားတွေကို ချေပသွားတာများ အင်မတန် ထက်မြက် ရဲတင်းလှပါပေတယ်။
အဲဒါ ဆရာ ဦးညိုမြ ထုတ်ဝေတဲ့ “အိုးဝေ” ဂျာနယ် (၂၅၊ ၂၊ ၁၉၇၀) “ဖောက်ပြန်မှု ကြားမှ မားမား ရပ်တည်သူ” ခေါင်းစဉ် အောက်မှာ မောင်သုမန နာမည်နှင့် ဖော်ပြသွားတာ ကွက်ကွက်ကွင်းကွင်း သင်ခန်းစာ ယူဖို့ ကောင်းလှပါတယ်။
နောက် ရက်ကွယ်လ် ကို မတော်မတရား တီးတိုး သတင်း ထွက်နေတာက သူမရဲ့ ရင်ကို တမင် ဖွံ့ဖြိုးအောင် ဆေးရုံ တက်ပြီး ဆရာဝန်ကို ခွဲစိတ် ပြုပြင်စေခဲ့တယ်လို့ ဆိုတဲ့ အကြောင်းပါပဲ။ ရက်ကွယ်လ်ကတော့ ခပ်မော့မော့ပဲ ပြန်ချေပ ပါတယ်။
ရုပ်ရှင်လောက သူတို့လိုင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင် အမျိုးသမီး ရှားလွန်းတော့
“ကျမလို သဘာဝ လက်ဆောင်ကောင်းများနှင့် ပြည့်စုံလို့ မနာလိုသူ၊ မယုံကြည်နိုင်သူများလည်း ရှိမှာပေါ့ရှင်၊ သူတို့လည်း လွတ်လပ်စွာ ပြောခွင့် ရှိပါတယ်၊ လူပြက်တွေ ပြက်လုံး ထုတ်တာ ရှိသေးတယ်၊ ကျမနဲ့ ဝင်တိုးမိတာ ဝါဂွမ်းအိတ်ကြီးနဲ့ ဆောင့်မိသလိုပဲတဲ့”
နောက် ရက်ကွယ်လ်ဝှက်ချ်တဲ့ စကားတွေဟာ ဒီမျှ မကပါဘူး။ မိန်းကလေးများ အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ ကျမတို့ မြန်မာ အမျိုးသမီး သရုပ်ဆောင်တွေလည်း တွေးခေါ် ဆင်ခြင်နိုင်ပါတယ်။
သေနတ် ၁၀၀ ကားမှာ ရက်ကွယ်လ် ဟာ “ကာမရာဂ” နဲ့ ပတ်သက်တဲ့ အခန်းတွေကို အတော် ဆန့်ကျင် တိုက်ခိုက်ခဲ့ပါတယ်။
သူပြောပုံလေးကို ကျမ သဘောကျမိတာက
“ရာဂ ထူပြောလှတဲ့ ကပ္ပလီ မင်းသား ဂျင်ဘရောင်းကြောင့် ကျမ တုံ့ပြန် ထခုန်ပစ်လိုက်တာ ကားရိုက်ကူးတဲ့ အစီအစဉ်တောင် ၂ ရက်ပျက်သွားတယ်။ ငွေကုန်၊ အချိန်ကုန်၊ လူပန်းပဲ၊ အဲဒီ ဇာတ်ကားမှာ ဇာတ်ညွှန်း ရေးတဲ့ လူတွေကလည်း မစွံပါဘူး၊ ကျမက သေနတ် တလက်နဲ့ စစ်မြေပြင်မှာ ဝတ်လစ်စလစ် ပြေးလွှားပြီး တွေ့ကရာ လူတွေကို ပစ်သတ်ရမယ်တဲ့၊ ဝတ္ထု ဇာတ်လမ်းထဲမှာ အဲဒါမျိုး မပါဘဲ သူက သက်သက် ဖြည့်စွက် ရေးသားထားတယ်လေ၊ ဘာရမလဲ၊ ကျမက လက်မခံဘူး၊ ဇာတ်ညွှန်းရေးသမား တချို့ဟာ အဲသလိုပဲ၊ ရုပ်ရှင်ကားထဲမှာ ကာမရာဂနဲ့ ပတ်သက်လာရင် နေရာ တကာ ဖြည့်စွက်ချင်တယ်၊ အနုပညာနဲ့လည်း ဘာမှမဆိုင်ဘူး၊ အောက်လမ်းနည်းနဲ့ ပရိသတ်ကိုဆွဲပြီး ငွေချူချင်တဲ့ စိတ်ပဲ”
ဒီအကြောင်းကို ဖော်ပြခဲ့တဲ့ အိုးဝေ ဂျာနယ် အယ်ဒီတာချုပ် ဦးညိုမြ (မောင်သုမန) ကို ကျေးဇူး တင်မိပါတယ်။
ရက်ကွယ်လ် ရဲ့ တည်ငြိမ်မှုနဲ့ အိန္ဒြေ၊ ရာဂစိတ်နဲ့ ဖန်တီးတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားပုံတွေဟာ အင်မတန် နည်းယူစရာ ကောင်းပါတယ်။
သူလည်း ညှို့ဓာတ်အား ကောင်းတဲ့ မင်းသမီး အဖြစ် ထင်ရှားခဲ့တာပဲ။
ဒါပေမယ့် သူ့ ပင်ကို စိတ်ဓာတ်ကတော့ လျှပ်ပေါ် လော်လီခြင်းနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ ။
(စာရေး ဆရာမကြီး ခင်ဆွေဦး ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မိန်းမနှင့်…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)