မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုတိုက်နယ် နှော်ကျေးရွာတွင် အစည်းအဝေးလုပ်နေစဉ် စကားပြောရယ်မော သည်ဟု အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးအား ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်က ခေါ်ယူရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကဆိုသည်။
ရိုက်နှက်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ ဒေါ်ဌေးကြည် (၅၈ နှစ်)၊ ဒေါ်ဇင်မာခိုင် (၃၈ နှစ်)တို့ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က နှော်ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ) နှင့် ပြည်သူ့ ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်များ စကားပြောနေချိန် မထီမဲ့မြင်ပြု ရယ်မောကာ ရိုင်းစိုင်းစွာဆဲရေးသဖြင့် ဇူလိုင် ၂၁ရက်က ခေါ်ယူ၍ ကျောက်ထု တိုက်နယ် ပ.က.ဖ ဒုတာဝန်ခံ က ကြိမ်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှော်ကျေးရွာ ကျေးရွာ ပ.အ.ဖ တာဝန်ခံက ““ကျနော် ထပြောတဲ့အချိန်မှာ ဆဲတာဗျ။ စကားက ရိုင်းတယ်။ ဂရုလိုက် တူတူထိုင်ပြီး ရိုင်းရိုင်းပြောတာပေါ့။ ဒုတာဝန်ခံ ရိုက်တာဟုတ်ပါတယ်။ ဒီလောက်စည်းကမ်းနဲ့ အုပ်ချုပ်နေ တဲ့ကြားထဲ ကနေ ဒီလိုတွေပြောနေလို့ သူကလည်း စိတ်ဆိုးပြီးရိုက်တာပေါ့။ အဲဒီနေ့က ကျနော့်ကို လှမ်းခေါ်လို့ သွားတော့ ခြောက် ပေါက်ထဲမှာ ဒေါ်ဇင်မာခိုင် က ထည့်ထားပြီ။ ကြိမ်ဒဏ်၊ ငွေဒဏ်ရယ်လို့ စည်းကမ်းချ ထား တာရှိတော့ ကြိမ်ဒဏ်ပေးတာ ဖြစ်တယ်” ဧရာဝတီသို့ ပြောသည်
၎င်းအမျိုးသမီးနှစ်ဦးကို ခြေထိပ်ခတ်ပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်လျက် ဝမ်းလျားမှောက်အနေအထားဖြင့် အချက် ၃၀ ကျော်စီ ရိုက်နှက်ခံရကြောင်း၊ ဒေါ်ဌေးကြည်၏မျက်နှာမှာ ဝါးဖြင့်ရိုက်နှက်ခံရသဖြင့် နှာခေါင်းရိုးနှင့်ပါးရိုး ထိခိုက်မှုရှိခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။
ဧရာဝတီက ကြည့်ရှုရသော ဓာတ်ပုံမှတ်တမ်းများတွင်လည်း အမျိုးသမီးနှစ်ဦးစလုံး၏ တင်ပါး၊ ပေါင်နှင့် ခြေသလုံးများ၌ ညိုမဲစွဲနေသည့်ဒဏ်ရာများကိုတွေ့ရပြီး ၎င်းတို့နှစ်ဦးအနေဖြင့် ယနေ့အချိန်ထိ ဆေးဝါးကုသမှု ကောင်းမွန်စွာခံယူရခြင်း မရှိသေးကြောင်းလည်း သိရသည်။
ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ဒေါ်ဇင်မာခိုင်၏ ၄ လကျော် ရှိပြီဖြစ်သောကိုယ်ဝန် ပျက်ကျသည်ဟု ဒေသခံများက ဆိုသော်လည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဦးကျော်မြင့်က အဆိုပါ ရိုက်ခံရသော အမျိုးသမီးနှစ်ဦးကိစ္စနှင့် ပတ်သက်ပြီး မည်သည့်တိုင်ကြားစာမျှ ရောက်ရှိခြင်းမရှိကြောင်းနှင့် ၎င်းတို့စုံစမ်းရာတွင် ကိုယ်ဝန်ရှိသည်ဆိုသော ဆေးရုံဆေးခန်း၏ အတည်ပြုချက်မရှိကြောင်း ဧရာဝတီကို ပြောသည်။
နှော်ကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပ.အ.ဖ နှင့် ပ.က.ဖ အဖွဲ့တို့ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ လည်ပတ်နေကာ ထိပ်တုံးခတ်ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းကဲ့သို့သော ဒေသန္တရအုပ်ချုပ်ရေး စည်းကမ်းများချမှတ်၍ အုပ်ချုပ်လျက်ရှိကြောင်း သိရသည်။
စစ်အာဏာရှင်ကိုတော်လှန်ပြီး ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကိုယ်တိုင်က ပြည်သူ များအား ရိုက်နှက်ခြင်း အထူးသဖြင့် အမျိုးသမီးများအပေါ် ထိုကဲ့သို့လုပ်ဆောင်ခြင်းအပေါ် လက်မခံနိုင်ကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း ယင်းသို့သောကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံ များက တောင်းဆိုသည်။
အမည်မဖော်လိုသည့် ဒေသခံတဦးက “ဒါက လုံးဝ လက်မခံသင့်တဲ့ကိစ္စကြီး။ ကျနော်တို့လိုချင်နေတာ ဒီမိုကရေစီ။ အဓိက လူ့အခွင့်အရေးကိုအခြေခံပြီးတော့ တည်ဆောက်ထားတာပေါ့။ ကိုယ်ကိုယ်တိုင်က လူ့အခွင့်အရေးကို မလိုက်နာဘဲနဲ့ ဒီပုံစံတွေကျူးလွန်နေတာကတော့ လိုချင်တဲ့ဒီမိုကရေစီနဲ့ အလှမ်းဝေးအောင်လုပ်နေသလားလို့တောင် ခံစားနေရတယ်” ဟု ပြောသည်။
ရိုက်ခံရသူနှစ်ဦးအနက် ဒေါ်ဌေးကြည်သည် စစ်ကြောင်းလာပါက ပ.က.ဖ၊ ပ.အ.ဖ အဖွဲ့ဝင်များ၏ နေအိမ်များကို လိုက် ပြပြီး မီးရှို့ခိုင်းမည်ဟု ပြောဆိုမှုများအပြင် ဝေဖန်ပုတ်ခတ်မှုများလည်း လုပ်ဆောင်ဖူးသဖြင့် ခံဝန်လက်မှတ်ရေးထိုးထား ရသူဖြစ်ကြောင်း နှော်ကျေးရွာ ပ.အ.ဖ တာဝန်ခံက ဆိုသော်လည်း စစ်ကောင်စီဘက်ကို ဒေါ်ဌေးကြည်၏ သတင်းပေး မှုကြောင့် မည်သူမျှဒုက္ခရောက်ဖူးခြင်းမျိုးမရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
You may also like these stories:
အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်
NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ
အင်းတော် ပ.က.ဖ အဖွဲ့က အမျိုးသမီးတဦးကို ရိုက်နှက်မှုဖြစ်ပွား
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား