အရပ်သားများအပေါ် ဗုံးကြဲသတ်ဖြတ်မှု အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများသည် မကြာခဏ တိုးများလာပြီး ပြောင်ပြောင်တင်းတင်း ဖြစ်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြန်မာစစ်တပ်နှင့် ၎င်း၏ တွဲဖက်ပြည်သူ့စစ်များသည် စစ်ရာဇဝတ်မှု အမျိုးအစား ၃ မျိုးကို ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ ရှိသည်ဟု ဖော်ပြထားသည်။
အဆိုပါ စစ်ရာဇဝတ်မှုများတွင် အရပ်သားများကို မခွဲခြားဘဲ သို့မဟုတ် အချိုးမညီဘဲ ဗုံးများ အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦများကို မီးရှို့ခြင်းများ ပါဝင်သည်။
“စစ်ဆင်ရေးအတွင်း ဖမ်းဆီးသော အရပ်သားများ သို့မဟုတ် တိုက်ခိုက်ရေးသမားများအား သတ်ဖြတ်ခြင်း” ကိုလည်း အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။
“ကျွန်ုပ်တို့၏ အထောက်အထားများသည် နိုင်ငံအတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ သိသိသာသာ တိုးမြင့်လာမှုကို ညွှန်ပြနေပြီး အရပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုများနှင့်အတူ ကျူးလွန်သူ တဦးချင်းစီအား တာဝန်ခံစေရန် တရားရုံးများက အသုံးပြုနိုင်သည့် အမှုတွဲများကို ကျွန်ုပ်တို့ တည်ဆောက်လျက်ရှိသည်” ဟု IIMM ၏ခေါင်းဆောင် Nicholas Koumjian က ပြောသည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခံရကာ အတိုက်အခံများကို သွေးထွက်သံယို နှိမ်နင်းသောကြောင့် ဘက်ပေါင်းစုံမှ စစ်တပ်အား ဆန့်ကျင်သည့် တော်လှန်ရေးလှုပ်ရှားမှုဖြင့် မတည်မငြိမ်ဖြစ်နေသည်။
ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိဟု စစ်ကောင်စီက ယခင်က ငြင်းဆိုထားပြီး ၎င်းသည် အကြမ်းဖက်သမားများကို နှိမ်နင်းသည့် တရားဝင် စစ်ဆင်ရေး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်မှုအဖြစ် မြန်မာစစ်တပ်က ပုံဖော်နေသော်လည်း တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ပစ်မှတ်များအတွင်း သို့မဟုတ် အနီးတဝိုက်တွင် အရပ်သားအများအပြားရှိကြောင်း မြန်မာစစ်တပ်က သိရှိသင့်သည် သို့မဟုတ် သိခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။
You may also like these stories:
စစ်ကိုင်းတိုင်းအတွင်း စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၁၇၃ ဦးထိ ရှိလာ
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်
ထောင်ပြောင်းဟုဆိုကာ အကျဉ်းသားများကို စစ်ကောင်စီ သတ်ဖြတ်
မန္တလေးတိုင်း၌ သတ်ဖြတ်စွန့်ပစ်ခံရသူ တလအတွင်း ၁၇ လောင်းရှိ
မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
စစ်ကိုင်းတိုင်းတွင် စစ်တပ်က လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေ